လူသားစား ကဝေ အပိုင်း(၃)
"အေး စောရေအေးကို ဆရာကြီး မှာလိုက်ပြီ။
ဆရာကြီးတို့ လာခဲ့မယ်အကြောင်းပေါ့ကွယ်။
စောရေအေးက လှည်းကူးက စောင့်မယ်။
ဆရာကြီးတို့ ရောက်တာနဲ့ လှည်းအဆင်သင့်လုပ်ပြီး
ရိုးမအခြေရောက်အောင် သွားရမယ်။ပြီးတော့မှ
တောင်ပေါ်ကို တက်ကြရမှာပေါ့။စောရေအေးတို့
ရွာမှာပဲ ကျုပ်တို့ တည်းကြမယ်။အဲဒီကမှ လိုသလို
လုပ်ကြရမှာပေါ့ကွယ်။ဘယ်လိုလဲ မောင်တာတေ
လိုက်မယ်မို့လား"
ဆရာကြီးက ကျုပ်ကို ကြည့်ပြီး မေးတယ်ဗျ။
ကျုပ်ကလည်း နည်းနည်းမှကို တုံ့ဆိုင်းမနေပါဘူးဗျာ
"ကျုပ်ကတော့ အဆင်သင့်ပဲ ဆရာကြီးရာ"
လို့ ပြောလိုက်တော့ ဆရာကြီးရော ဆရာနွံဖရော
ပြုံးပြုံးကြီးတွေ လုပ်နေကြတယ်ဗျို့။
XXXXXX
ကျုပ်တို့ ခရီးထွက်တာ ဗုဒ္ဓဟူးနေ့ဗျ။
အိမ်ကထွက်လာတာကတော့ ဝေလီဝေလင်းပေါ့ဗျာ။
လှည်းကူးကိုရောက်တော့ ဆွမ်းခံဝင်ချိန်ပေါ့။
ဆရာကြီးတပည့် စောရေအေးက ချောင်းကလေးတစ်ဘက်
ကမ်းကလာပြီး ကြိုပါတယ်။ ပြီးတော့ လှည်းကူးက
သူ့အိမ်ကို ခေါ်သွားတယ်။ အိမ်က ခြေတံရှည်အိမ်ဗျ။
ထမင်းတွေ ဟင်းတွေ အဆင်သင့် ချက်ထားလို့ပါဗျာ။
စောရေအေးရဲ့ မိန်းမကလည်း ကရင်ဗျ။တော်တော်ကို
သဘောကောင်းကြပါတယ်။ ကျုပ်တို့ဆရာတပည့်တွေ
ဆာဆာနဲ့ စားလိုက်ကြတာဗျာ။ဒါပေမဲ့ လွှတ်တော့
မစားရဲကြဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ သွားရင်
နွားလှည်းစီးရမှာမို့လား။
လှည်းဆောင့်မခံနိုင်အောင် နည်းနည်းလေးလျော့စား
ကြရတာပေါ့ဗျာ။
စောရေအေးက အရပ်ထောင်ထောင်မောင်းမောင်း
နှုတ်ခမ်းမွေးကားကားကြီးနဲ့ ဆေးတံကြီး သောက်လို့ဗျ။
သူ့မျက်နှာ ကြည့်ရတာနဲ့ကို တော်တော်သတ္တိရှိပြီး
သစ္စာရှိမယ့် ရုပ်မျိုးပါဗျာ။ဆရာကြီးက စောရေအေးကို
တာတော့အကြောင်း ပြောပြတယ်ဗျ။
ကပ္ပလီကဝေမကြီးကို နှိမ်နင်းတုန်းက တာတေလုပ်ရတာတွေကို
ပြောတော့ စောရေအေးက သဘောကျပြီး တာတေ့ကျောကို
ပုတ်ပြီး ပြောတယ်ဗျို့။
"မင်း အားကြီး သတ္တိကောင်းတဲ့ကောင်ပဲကွ တာတေရ။
မင်းနဲ့ တွေ့တာ ဆရာကြီးတော့ အားကိုးအားထား
ဖြစ်တာပေါ့ကွာ"
ကျုပ်ကတော့ ပြုံးရုံပဲ ပြုံးနေလိုက်ပါတယ်။
လှည်းကူးမှာ သိပ်မကြာကြဘူးဗျ။
မိုးမချုပ်ခင် ရိုးမကရွာကို အရောက်သွားရမှာဆိုတော့
ထမင်းစားပြီး တအောင့်တနား နားပြီးတာနဲ့
နွားလှည်းနဲ့ ကျုပ်တို့ ခရီးဆက်ခဲ့ကြတယ်ဗျ။
နာရီပြန်နှစ်ချက်လောက်ရောက်တော့ ရိုးမအခြေက
ရွာကလေးတစ်ရွာကို ရောက်တယ်ဗျို့။
အဲဒီရွာမှာလည်း စောရေအေးရဲ့ အသိအကျွမ်းတွေ
မနည်းဘူးဗျ။ သူတို့တွေ တစ်ယောက်ကိုတစ်ယောက်
ကရင်လို ပြောကြတယ်ဗျ။ ခဏနေတော့ စောရေအေးက
ဆရာကြီးကို လာပြောတယ်။
လူသားစားကဝေအကြောင်း သူစုံစမ်းကြည့်တာ
ဒီရွာကလူတွေက ဘာမှမသိကြဘူးလို့ ပြောတယ်။
အဲဒီရွာကလေးရဲ့ နောက်ဘက်ကို ပတ်သွားပြီး
တောင်တက်လမ်းကြောင်းကလေအတိုင်း ကျုပ်တို့
ရိုးမပေါ်ကို တက်လာခဲ့တယ်။လှည်းလမ်းကြောင်း
အတိုင်း သွားကြတယ်။ တစ်ခါတစ်လေတော့လည်း
စမ်းချောင်းတိမ်တိမ်ကလေးတွေကို ဖြတ်ကူးကြရတယ်ဗျို့။
စကားပြောရင်း နားလိုက် သွားလိုက်နဲ့
စောရေအေးဦးဆောင်ရာ လိုက်ခဲ့ကြတာ
ညနေ မှောင်တရီ အချိန်လောက်ရောက်တော့
စောရေအေးရဲ့ဇာတိ လှည်းကျိုးရွာကို ကျုပ်တို့
ရောက်ခဲ့တယ်ဗျ။ စောရေအေးရဲ့ မိဘတွေက
တော်တော်အသက်ကြီးကြပြီဗျ။ အဘိုးကြီးရော
အဘွားကြီးပါ ရှစ်ဆယ်ကျော်တွေချည်းပဲ။
ဒါပေမဲ့ သွက်သွက်လက်လက် ရှိကြတုန်းပါ။
အဘိုးကြီးရော အဘွားကြီးပါ လွှတ်သဘောကောင်းတာဗျို့။
အိမ်ကြီးကလည်း ကောင်းလိုက်တာဗျာ။ခြေတံရှည်အိမ်ဗျ။
တော်တော်ကို ကျယ်တာ။ ကျုပ်တို့ဆရာတပည့်တွေအတွက်
ခေါင်းရင်းဘက်က အခန်းကျယ်ကြီး တစ်ခုကို
တည်းဖို့ ပေးထားတယ်ဗျ။
ဆရာကြီးကိုလည်း တော်တော်ကို ရိုသေကြတာဗျို့။
တစ်ရွာလုံး ဗုဒ္ဓဘာသာ ကရင်တွေလို့ စောရေအေးက ပြောတယ်ဗျ။
ဒါပေမဲ့ ဆရာကြီးက စောရေအေးကို သတိပေးတယ်ဗျို့။
အထက်လမ်းဆရာတွေမှန်း ဘယ်သူမှ မသိစေဖို့
ကဝေရဲ့ သတင်းကို အမြန်ဆုံး ထောက်လှမ်းဖို့ပေါ့ဗျာ။
စောရေအေးကလည်း အဲဒီတစ်ညအိပ်ပြီး နောက်တစ်နေ့
မိုးလင်းတာနဲ့ အနီးအနားရွာတွေကိုသွားပြီး
သတင်းစုံစမ်းတော့တာပဲဗျို့။
အဲဒီညက ညဆယ်နာရီလောက်ရောက်တော့
လက်နှိပ်ဓါတ်မီးတဝင်းဝင်းနဲ့ ပြန်ရောက်လာတယ်ဗျို့။
သူနဲ့အတူတူ ကရင်အဘိုးကြီး တစ်ယောက်လည်း ပါလာတယ်ဗျ။
အဲဒီညကတော့ ကျုပ်တို့ တော်တော်နဲ့ မအိပ်ကြဘူးဗျို့။
ဆရာကြီးက ပါလာတဲ့ ကရင်အဘိုးကြီးကို သူသိချင်တာတွေ
မေးမြန်းတော့တာပဲဗျို့။အဲဒီကရင်အဘိုးကြီးရဲ့
နာမည်က မန်းအောင်ပွင့်တဲ့ဗျို့။သူက မုဆိုးဆိုပဲ။
ရိုးမတောထဲမှာ ငယ်ငယ်တည်းက အမဲလိုက်တာတဲ့ဗျ။
"ဆရာကြီး ဆရာကြီး သိချင်တဲ့ ကဝေရဲ့သတင်းကို
မန်းအောင်ပွင့်ကို မေးပေတော့ဗျို့။
စောရေအေးက ပြောလိုက်တော့ ဆရာကြီးက
စပြီးမေးတော့တာပဲဗျို့။
"မန်းအောင်ပွင့်က ရိုးမထဲမှာ အမဲလိုက်တာပေါ့"
"ဟုတ်ပါတယ် ဆရာကြီး ။ ကျုပ်က အသက်နှစ်ဆယ်ကတည်းက
မုဆိုးလုပ်လာတာပါ။ အခုဆိုရင် အသက် ငါးဆယ်ပြည့်ပြီပေါ့ဗျာ"
"မန်းအောင်ပွင့် ခုတလော ဒီရိုးမထဲမှာ ထူးထူးခြားခြား
ဘာများတွေ့သလဲဗျ"
"ဟိုးအရင်ကတော့ ထူးထူးခြားခြား မတွေ့ပါဘူးဗျာ။
အပိုင်း(၄)ဆက်ရန်..
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment