လူသားစား ကဝေ အပိုင်း(၂)
"အေးပေါ့ မောင်တာတေရ။ အဲဒါပြီးရင်တော့
သူအဆင်သင့်လုပ်ထားတဲ့ ထင်းမီးဖိုကြီးရှိတယ်ကွ
ဒီကောင်က အဲဒီထင်းပုံကြီးကို ပတ်ပြီး အောက်လမ်းမှော်
မန္တန်တွေကို ရွတ်တော့တာပဲကွ။မန္တန်ဆုံးတာနဲ့
ငွေဖလားထဲက သွေးကို လက်နဲ့ယူပြီး ထင်းပုံကြီးကို
တောက်လိုက်တယ်။ ထင်းပုံကြီးက ဝုန်းခနဲမြည်ပြီး
မီးတောက်ကြီး ထတောက်တာပဲဟေ့။ဒီမှာတင်
ဒီကောင်က အဲဒီမီးတောက်ကြီးထဲကို ခုန်ဝင်သွားရောကွ"
"ဗျာ"
ကျုပ်အံ့သြပြီး အော်လိုက်မိတယ်ဗျ။
ဆရာနွံဖလည်း ကျုပ်လိုပါပဲဗျာ။အံ့သြပြီး
ပါးစပ်ဟောင်းလောင်းကြီး ဖြစ်နေတာဗျို့။
"အေး အဲဒီမီးတောက်မီးလျှံထဲမှာ ဒီကောင် မန္တန်တွေ
ဆက်ရွတ်နေတော့တာပေါ့ကွာ။ အဲဒီမီးတွေ တဖြည်းဖြည်း
ငြိမ်းသွားရောကွ။နောက်ဆုံး ထင်းတွေလည်း ကုန်သွားပြီး
လုံးဝငြိမ်းသွားတဲ့အခါကျတော့မှ ဒီကောင်က ပြာတွေထဲက
ထွက်လာတာ။ သူဝတ်ထားတဲ့ အဝတ်တောင် မီးမစွဲဘူးကွ"
"ဟာ ကဝေတွေကလည်း တော်တော်စွမ်းကြတာပါလား"
ကျုပ်လည်း အံ့သြပြီး ပြောမိတာပေါ့ဗျာ။
"စွမ်းပါပြီလား မောင်တာတေရယ် ဒါကြောင့်
သူတို့ကို နှိမ်နင်းဖို့ ကျုပ်မှာ နိုင်ငံတကာလှည့်ပြီး
ပညာတွေ သင်ခဲ့ရတာပေါ့"
"ဆရာကြီးကို ကျုပ်တော့ အရမ်းလည်း လေးစားပြီး
အရမ်းလည်း အံ့သြမိပါတယ် ဆရာကြီးရာ"
ဆရာကြီးက ကျုပ်စကားကို ကြားတော့ ခေါင်းကလေး
တဆတ်ဆတ်ညိတ်ပြီး ပြောတယ်ဗျ။
"ကျုပ်ကိုယ်နှိုက်ကလည်း ဒီဘက်မှာ တော်တော်ကို
ဝါသနာကြီးတာကွဲ့။ တစ်ချို့ပညာစဉ်တွေကို တက်ရတာ
တော်တော်ကို ဒုက္ခခံရတာကလားကွယ်။ အဲဒါတွေ
ကျုပ်ဖြင့် ဒုက္ခလို့ကို မမြင်ဘဲ ပျော်နေတာ မောင်တာတေရဲ့"
"သြော် ဒါထက် ဆရာကြီး ကျုပ်တစ်ခုမေးပါရစေဗျာ"
"မေးလေ မောင်တာတေ ။ မေးပါကွဲ့"
"ဟို ခုနက ယစ်ပူဇော်ပြီး မီးထဲကို ခုန်ဝင်သွားတဲ့
ကဝေက သူယစ်ပူဇော်ထားတဲ့လူရဲ့ အလောင်းကောင်ကိုရော
ဘာလုပ်တာတုံး ဆရာကြီး"
"သြော် အေး အေး ။ မောင်တာတေ မေးတာ မေးထိုက်တဲ့
မေးခွန်းပဲကွဲ့ "
"ဟုတ်ကဲ့ သိချင်လို့ပါ ဆရာကြီး"
"ဒီလိုကွဲ့ ကျန်နေတဲ့ အလောင်းကို အသားတွေ လှီးယူပြီး
ကျကျနန ဟင်းချက်ပြီး တဝစားတာကွ။ ပြီးတော့
အလောင်းအပိုင်းအစတွေကို ကျင်းတူးပြီး
ဖျောက်ဖျက်ပစ်တာပေါ့ကွယ်"
"ဟာ ဒါကြောင့် ဒီကောင်တွေကို လူသားစားကဝေလို့
ခေါ်ကြတာပဲနော် ။ ဘာကြောင့် ဒီကျင့်စဉ်ကို
လုပ်ကြတာလဲ ဆရာကြီး"
ကျုပ်ကလည်း မထူးတော့ဘူးဆိုပြီး ဆက်မေးတော့တာပေါ့ဗျာ။
ဆရာကြီးကလည်း လွှတ်စိတ်ရှည်တာဗျို့။ကျုပ်မေးသမျှတွေကို
ပြောပြတာဗျ။
"သူတို့ အသက်ရှည်ပြီး မှော်တန်ခိုးတွေ တိုးတိုးလာအောင်လို့ပေါ့ကွ"
"ဟင် ကဝေတွေက အသက်တော်တော်ရှည်ကြလို့လား
ဆရာကြီး"
"အင်း ရှည်ပါလား မောင်တာတေရယ် ။အင်ဒိုနီးရှား
ကျွန်းကြီးတစ်ခုပေါ်မှာ ကျုပ်တွေ့ခဲ့တဲ့ ကဝေတစ်ကောင်ဆိုရင်
အသက်ရှစ်ရာကျော်နေပြီကွဲ့ "
"ဟာ အဲဒီလောက်ကို ရှည်တာလားဗျ"
ဆရာကြီးက ခေါင်းညိတ်ပြတယ်ဗျ။ ကျုပ်ဖြင့် ကဝေတွေကို
တော်တော်ကလေး လန့်သွားတာဗျို့။ ပြီးတော့ အဲဒီလို
ကဝေတွေကို နှိမ်နင်းနိုင်တဲ့ ဆရာကြီးကိုလည်း တော်တော်ကို
လေးစားမိတာပေါ့ဗျာ။ဆရာကြီး ဦးမင်းအောင်လို သီလ
သမာဓိ ရှိရုံတင် မကဘဲ အထက်လမ်း မှော်ပညာတွေကို
ကမ်းကုန်အောင် တတ်ထားတဲ့ ပုဂ္ဂိုလ်မျိုးနဲ့ အတူ
သွားရလို့ကတော့ တာတေဆိုတဲ့ကောင်က ဘာကိုမှ
မှုမဲ့ကောင် မဟုတ်ဘူးဗျ။
"သြော် ဆရာကြီး ခုနက ပြောတဲ့ ပဲခူးရိုးမက ကဝေဆိုတာက"
"အေးကွ နွံဖရ။ ငါတပည့်တစ်ယောက် ရှိတယ်ကွ။
ဒီကောင်က ကရင်လူမျိုး ။ နာမည်က စောရေအေးတဲ့ကွ။
ရေအေးက ပဲခူးရိုးမတောင်ပေါ်က လှည်းကျိုးဆိုတဲ့
ရွာကလေးကပေါ့။ အခုတော့ လှည်းကူးမြို့ကလေးမှာ နေတယ်။
ဟိုတစ်နေ့ကပဲ စောရေအေး ကျုပ်ဆီကို လာသွားတယ်။
ရိုးမက ရွာကလေးတွေမှာ လူငယ်ကလေးတွေ ပျောက်,ပျောက်
သွားတာ သုံးယောက် ရှိပြီတဲ့ကွ။ အဲဒီပျောက်သွားတဲ့
လူငယ်တွေက ဗုဒ္ဓဟူးသားတစ်ယောက် ။ ကြာသပတေးသား
တစ်ယောက်နဲ့ သောကြာသမီးတစ်ယောက်တဲ့ကွ"
"ဟာ ဒီကဝေ တော်တော်ဆိုးနေပြီပဲ"
"အေး ဒီကောင်က နယ်လှည့်ပြီး သတ်စားနေပုံပေါ်တယ်ကွ။
တနင်္ဂနွေ ။ တနင်္လာ ။ အင်္ဂါတွေကို တခြားနယ်မှာ
စားလာခဲ့တယ် ထင်တယ်ကွ။ အင်း ဒီတစ်ခါစားရင်တော့
ဒီကောင် စနေသားကို စားမယ့်အလှည်ပဲကွဲ့"
"ဗျာ"
ကျုပ်ဖြင့် တစ်ကိုယ်လုံး တုန်သွားသလားတောင် မသိပါဘူးဗျာ။
ကြက်သီးတွေ တဖျန်းဖျန်းကို ထသွားတာဗျို့။
"ဟုတ်တယ် မောင်တာတေရေ ။ မင်းရဲ့ အကူအညီကိုတော့
ဆရာကြီး ယူရတော့မှာပဲကွယ်။ဒီကဝေကိုတော့ ရအောင်
နှိမ်နင်းမှ ဖြစ်တော့မှာကွဲ့"
"နေပါဦး ဆရာကြီးရဲ့။ ဒါဟာ ကဝေရဲ့ လက်ချက်ဆိုတာ
ကဝေမကော မဖြစ်နိုင်ဘူးလား"
ဆရာနွံဖက မျက်မှောက်ကြီးကြုတ်ပြီး ဆရာကြီးကို
စဉ်းစဉ်းစားစား မေးတယ်ဗျ။
"ဟာ မဖြစ်နိုင်လူး နွံဖရဲ့။ အဲဒီမှော်လမ်းစဉ်က
ပေါရိသာရ လမ်းစဉ်ခေါ်တယ်။ ဒါက ဒီမှာ ခေါ်ကြတာပေါ့ကွယ်
တခြားနိုင်ငံတွေမှာလည်း ဒီမှော်အတတ်က ရှိပါတယ်
ဟိုမှာတော့ ဒါကို 'ဘီလူးမှော်'အတတ်လို့ ခေါ်ကြတယ်ကွဲ့။
ဒီမှော်ကို ယောင်္ကျားပဲ သင်ရတာ ။မိန်းမ သင်ခွင့်မရှိဘူး"
"သြော် ဒါကြောင့်ကိုး"
အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment