လူခြောက်မယား အပိုင်း(၈) ဇာတ်သိမ်းပိုင်း



"ရွှေသိုက်ကို စောင့်နေတဲ့သရဲမ၊ငါဆရာသာဗိန္ဒ အမိန့်ပြန်လိုက်တယ်၊အခုချက်ချင်း မဆိုင်းမတွ ငါ့ရှေ့မှောက်ကို အရောက်လာခဲ့ရမယ်၊ သိုက်ဆရာသာဗိန္ဒရဲ့အမိန့်၊ အခုချက်ချင်း လာခဲ့စမ်း သရဲမ"

"ဖျန်း"

ကျုပ်တောင် လန့်ပြီးတုန်သွားတယ်ဗျို့။သာဗိန္ဒက သူ့လက်ထဲက ဆေးကြိမ်လုံးကြီးနဲ့ မြေကြီးကို ဖျန်းကနဲ ရိုက်လိုက်တယ်ဗျ။

"ဝုန်း"

ဟာ…သာဗိန္ဒရဲ့ရှေ့မှာ မီးခိုးလုံးကြီးတစ်ခု ပေါ်လာတာဗျို့။ သာဗိန္ဒတောင်နောက်ကို နည်းနည်းဆုတ်သွားတယ်ဗျို့။ မီးခိုးတွေက လေတိုက်လိုက်တာနဲ့ တစ်ခါတည်းပျောက်သွားတာဗျ။ဒီတော့မှ သာဗိန္ဒရှေ့မှာ မတ်တတ်ကြီးရပ်နေတဲ့ မဖဲဝါကြီးကို ကျုပ်မြင်ရတော့တာဗျို့။

"ဟီး ဟီး ဟီး ဟီး ဟီး ဟီး ဟီး ဟီး"

မဖဲဝါက ရယ်နေတယ်ဗျ။ သာဗိန္ဒကမဖဲဝါကို မြင်ဖူးတဲ့ပုံ မရှိဘူးဗျ။

"ဟေ့ကောင် လူခြောက်၊ မင်းပြောတာဒီသရဲမမို့လား"

"ဟုတ်တယ် ဆရာကြီး"

"ဟဲ့ကောင်မ၊ ဒီသိုက်က ပိုင်ရှင်မဲ့သိုက်ဟဲ့၊ အဲဒါကို နင်က ဝင်ပြီး မောင်ပိုင်စီးထားရအောင် နင့်လင်ပစ္စည်းမို့လို့လား၊နင် အခု ချက်ချင်း ဒီနေရာက ထွက်သွား၊ငါ့အမိန့်၊ သာဗိန္ဒရဲ့အမိန့်ဟေ့"

"ဟီး ဟီး ဟီး ဟီး ဟီး ဟီး"

"ဝူး ဝူး ဝူး ဝူး အီ အီ အီ အီ အီ"

ဟာ နက်ကျော်ကြီးပါ ရောက်လာပြီဗျို့။

"ဟဲ့ သရဲမ၊ နင်က ခွေးတွေ ဘာတွေတောင် မွေးထားလို့ပါလား၊ နင့်ကိုနင်ရွှေချိန်သုံးဆယ်ရှိတဲ့ ရွှေသိုက်ပိုင်ရှင်လို့ ထင်နေတာလား ဟဲ့ကောင်မ"

"ဟာ လာပြီဗျို့၊ နက်ကျော်ကြီးပြေးလာပြီဗျို့။

"အောင်မာ နည်းတဲ့ကောင်မှ မဟုတ်တာ၊ ကဲ လာစမ်း ခွေးနာ"

သာဗိန္ဒက လက်ထဲက ဆေးကြိမ်လုံးကို လေထဲမှာ 'ဝီကနဲ၊ ဝီကနဲ 'မြည်အောင် မွှေလိုက်တာဗျို့။ အနားကပ်လာတဲ့ နက်ကျော်ကြီးကို လှမ်းရိုက်နေတာဗျ။ နက်ကျော်ကြီးက သာဗိန္ဒရဲ့ကြိမ်လုံးရိုက်ချက်ကို လွှတ်အောင်ရှောင်ရင်း သာဗိန္ဒကို ဝင်ဆွဲဖို့ လုပ်နေတာဗျို့။ သာဗိန္ဒက ပြေးရိုက်လိုက်၊နက်ကျော်က ခုန်ရှောင်လိုက်၊ သာဗိန္ဒက လွှဲရိုက်လိုက်၊ နက်ကျော်ကကျွမ်းထိုးပြီးရှောင်လိုက်နဲ့ သာဗိန္ဒကဒေါသတွေ အထွက်အထိပ် ရောက်လာတော့တာပေါ့ဗျာ။

ဒီအချိန်မှာ သာဗိန္ဒက ကျုပ်ကိုရောမဖဲဝါကိုပါ မေ့သွားတဲ့ပုံပဲဗျ။ မဖဲဝါက ဆတ်ကနဲ လှည့်လိုက်တာသာဗိန္ဒရဲ့နောက်ကျောဘက်ကိုရောက်သွားရောဗျို့။ခွေးနက်ကြီးကို မဲပြီး ကြိမ်လုံးနဲ့ လိုက်ရိုက်နေတဲ့ သာဗိန္ဒက သူ့နောက်ကျောမှာ မဖဲဝါမားမားကြီးရပ်နေတာကို လုံးဝသိပုံမပေါ်ဘူးဗျ။

ဟော၊ မဖဲဝါရဲ့ လက်ကြီးလေထဲကို မြောက်တက်သွားပြီဗျို့။

"ဘုန်း" "ဘုန်း" "ဘုန်း"

သုံးချက်ဆက်တိုက်ကို ရိုက်ချလိုက်တာဗျို့။ သာဗိန္ဒ ဒူးကြီးထောက်ပြီးရှေ့ကိုထိုးကျပြီဗျို့။

"ဟဲ့အကောင် လူယုတ်မာ၊ ငါ့ကိုနင်က ဘယ်သူလို ထင်နေလို့တုံး၊ငါ မဖဲဝါဟေ့၊ မဖဲဝါ၊ ရွှေချိန်သုံးဆယ်စောင့်နေတဲ့ သရဲမ မဟုတ်ဘူးဟဲ့၊ ငါ မဖဲဝါ၊ သင်္ချိုင်းစောင့်မဖဲဝါဟဲ့"

သာဗိန္ဒကြီး မျက်လုံးပြူးသွားပြီဗျို့။သူက သာမန်သရဲမလို့ ထင်ပြီး ကြိမ်းနေတာဗျ။ အခုမှ မဖဲဝါမှန်းသိသွားတာ။ ဒါပေမဲ့ မဖဲဝါမှန်းသိတဲ့အချိန်က သိပ်နောက်ကျသွားပြီလေဗျာ။

"သိုက်ဆရာကြီး သာဗိန္ဒ၊ ကျုပ်ကခင်ဗျားထင်သလို လူခြောက်မဟုတ်ဘူးဗျ။ထနောင်းကုန်းသား တာတေ၊ကျုပ်ရွာက လူခြောက်ကိုဒီပက လာပြောလို့ ကျုပ်လိုက်ခဲ့တာ၊တာတေကအကောင်သေးပေမယ့် အဆိပ်ကလွှတ်ပြင်းတာဗျ သိုက်ဆရာကြီးရဲ့"

သာဗိန္ဒဆိုတဲ့လူက ကျုပ်ကို မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်ရင်း အသက်ကုန်သွားရောဗျို့။ သာဗိန္ဒဖမ်းထားတဲ့ အစ်မမယ်ဆင့်ရဲ့ ဝိညာဉ်လည်း လွတ်သွားပြီပေါ့ဗျာ။ ခန္ဓာကိုယ်ထဲက ထုတ်ထားတဲ့ ဝိညာဉ်ဆိုတာ ဝိညာဉ်ထုတ်ထားတဲ့သူ သေတာနဲ့ သူ့ကိုယ်ထဲကို ချက်ချင်း ပြန်ရောက်သွားတာဗျ။

ခုလောက်ဆိုရင် ကိုကြီးဒီပလည်း လိုက်သွားရောပေါ့ဗျာ။

ကျုပ်လည်ပင်းက သာဗိန္ဒစွပ်ထားတဲ့ခြေမန်းကွင်းကြီးကို ဖြုတ်ပစ်လိုက်တယ်။မဖဲဝါနဲ့ နက်ကျော်ကြီးလည်း ထွက်သွားကြပြီဗျ။

"ဝူး ဝူး ဝူး ဝူး အီ အီ အီ"

ကျုပ်လန့်နိုးသွားတော့ ဆရာတော့်ကျောင်းက တုံးမောင်းတောင် ခေါက်နေပြီဗျ။

"တုံ တုံ တုံ တုံ တုံ တုံ"

ကျုပ်ကိုယ်ပွားက ကျုပ်ကိုယ်ထဲကိုဘေးမသိ ရန်မခ ပြန်ရောက်လာလေရဲ့ဗျို့။

ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)