ကန်တော်ကဝေမ ၊အပိုင်း(၁)
ဆရာကြီးဦးမင်းအောင်ရဲ့ ကဝေတိုက်ပွဲတွေက ဆက်နေတာဗျ။ တာတေတောင် ရွာပြန်မရောက်တာ အတော်ကြာနေပြီ။ ဆရာကြီးဆီရောက်တော့မှပဲ လောကကြီးမှာ မှော်ပညာဆိုတာတကယ်ရှိမှန်း သိလာတာဗျ။ ပြီးတော့ အလင်းမှော်ပညာနဲ့ အမှောင်မှော်ပညာသည်တွေအကြောင်းကိုလည်း သိလာတာဗျို့။ လူတွေပြောပြောနေတဲ့ အထက်လမ်းနဲ့အောက်လမ်းဆိုတာ ကိုယ်တွေ့ကြုံတော့မှပဲ တာတေ ယုံတော့တာဗျ။ တာတေတို့မြင်ဖူးတဲ့ အထက်လမ်းဆရာဆိုတာက သက်သက်လွတ်ကလေးစား သီလကလေးဆောက်တည် ပုတီးကြီးတစ်ကုံး တဂျောက်ဂျောက်စိပ်နေတဲ့သူတွေကိုးဗျ။ သူတို့တွေက စုန်းပြုစားတာတို့ ပယောဂကပ်တာတို့ကို မေတ္တာစကားလေးပြောဆိုပြီး ပညာစွန့်ခိုင်း၊ ရေတစ်ခွက်လောက်တိုက်ပြီး သစ္စာဆိုခိုင်းကြတာ။
ဆရာကြီးဦးမင်းအောင်တို့လို ကဝေတွေသတင်းနားစွင့်၊ တိတိကျကျကြားပြီဆိုရင် မိမိရရလိုက်ပြီး သူသေကိုယ်သေတိုက်ကြ၊ ခိုက်ကြ၊ လက်စအပြီးတုံးပစ်ကြတဲ့ တကယ့်အလင်းမှော်ပညာရှင်ကြီးမျိုးကို တာတေ အခုမှ တွေ့ဖူး ကြုံဖူးတာဗျ။ ဒီတော့မှလည်း အမှောင်တိုက်၊ အမိုက်တိုက်ထဲမှာ အသက်ရာနဲ့ချီပြီး ရှည်ကြတဲ့ အောက်လမ်းမှော်ပညာသည်ကြီးတွေကို တာတေ တွေ့ဖူးကြုံဖူးတာပါ။ အခုမှပဲ ဒီလူ့လောကကြီးမှာ အင်မတန်ကြောက်စရာကောင်းတဲ့ အောက်လမ်းမှော်ပညာဆိုတာ တကယ်ရှိနေတာပါလားလို့ တာတေသိလာတာဗျ။ အခုလည်းကြည့်လေ။
ကျုပ်ရယ် ဆရာနွံဖရယ် ဆရာကြီးရဲ့ ဗဟန်းက ခြံဝင်းကြီးထဲက ကံ့ကော်ပင်ကြီးနှစ်ပင်အောက်က အုတ်ထိုင်ခုံကလေးမှာထိုင်နေကြတာဗျ။ လေကလေးတဖြူးဖြူးနဲ့ ဆရာတပည့်နှစ်ယောက် စကားပြောနေကြတာပေါ့ဗျာ။
"ဆရာနွံဖ ဆေးကြိတ်တောင်မှာ ဂူအောင်းကဝေကြီးကို နှိမ်နင်းတုန်းက ကျားကြီးတစ်ကောင်လို ဖန်ဆင်းလိုက်တာ ဘယ်လိုပညာမျိုးလဲဆရာ"
"တာတေ အဲဒါ မှော်ပညာတွေထဲက ရုပ်ပြောင်းရုပ်လွှဲအတတ်လို့ခေါ်တယ်ကွ"
"ဆရာနွံဖ အဲဒီပညာတွေ တတ်ထားတာ ကြာပြီလားဗျ"
"အင်း မင်းတို့ရွာမရောက်ခင်ကတည်းက တတ်ပြီးသားပါကွာ"
"ဒါဆိုရင် သစ်စုန်းပင်လိုက်တုန်းက ဆရာနွံဖ မဖဲဝါကို သာသာကလေးနိုင်တာပေါ့ ဟုတ်လား"
"နိုင်ပါတယ် မောင်တာတေ"
"ဟင် ဒါဆိုရင် ဆရာနွံဖ အဲဒီတုန်းက ဘာဖြစ်လို့ထွက်ပြေးတာတုံး"
"ဟာ မောင်တာတေကလည်း အထက်လမ်းမှော်ပညာရှင်ဆိုတာ ကိုယ်နိုင်တိုင်း အနိုင်မယူရဘူးကွ၊ သစ်စုန်းပင်ဆိုတာ မဖဲဝါတို့ပိုင်နက်မှာ ပေါက်တာလေ၊ ကျုပ်က အဲဒီသစ်စုန်းပင်ကို ဝင်လုယူတာ မဟုတ်လား၊ ရအောင်ယူပြီး လွတ်အောင်ပြေးရတာပေါ့ မောင်တာတေရဲ့၊ အဲဒီလိုမဟုတ်ဘဲ ကျုပ်တတ်ထားတဲ့ပညာတွေနဲ့ မဖဲဝါကို ဒုက္ခပေးလိုက်ရင် ကျုပ်ကလက်နက်အားကိုးနဲ့ မတရားအနိုင်ကျင့်တဲ့ ဓားပြဖြစ်သွားမှာပေါ့"
(တာတေနဲ့ ဆရာနွံဖတို့ သစ်စုန်းပင်လိုက်တာကို ဖတ်ချင်ရင်တော့ 'ကိုယ်တွေ့မဖဲဝါ' မှာ ဖတ်ရှုနိုင်ပါတယ်။)
https://m.facebook.com/story.php?story_fbid=374437020938378&id=100051162484530
"ဪ ဒီလိုလား"
ကျုပ်က ဒီတော့မှ နားလည်တာဗျ။ အင်း ပြောရရင်တော့ ကျုပ်မသိတာက ခပ်များများရယ်ဗျို့။ ကျုပ်နဲ့ဆရာနွံဖ စကားပြောနေတုန်းမှာပဲ ခြံတံခါးတွန်းဖွင့်ပြီး ဆရာကြီးဝင်လာတယ်ဗျ။
"ဟာ ဆရာကြီးတောင် ပြန်လာမှကိုး"
ဆရာနွံဖက ဆရာကြီးလက်ထဲကအိတ်ကို ပျာပျာသလဲ ထပြီးယူတယ်ဗျ။ ကျုပ်ကတော့ ဆရာကြီးလက်ထဲကထီးကောက်ကြီးကို ဆီးယူတယ်။
"အေးကွ နွံဖရ၊ နေသိပ်မပူခင်ဘဲ စောစောပြန်ခဲ့ရတယ်"
"ဆရာကြီး အပြင်သွားတာ ကျွန်တော်ဖြင့် သိတောင်မသိလိုက်ဘူးဗျ၊ မောင်အေးပြောမှသိတာ"
"အေး ဟုတ်တယ်၊ မင်းနဲ့မောင်တာတေတို့ အိပ်ကောင်းနေတာနဲ့ ကျုပ်မပြောတော့တာ၊ ဒီလိုကွနွံဖရဲ့၊ ဗားကရာတိုက်က ဆရာတော်က ကျုပ်ကိုခေါ်ခိုင်းလို့ လိုက်သွားရတာ"
"ဪ ဟုတ်လား ဆရာ"
"အေးကွ ဗားကရာတောရလေကွာ၊ စမ်းချောင်းက ကျောင်းတိုက်ကြီးပေါ့၊ အဲဒီရောက်တော့ အညာကဘုန်းကြီးတစ်ပါး ရောက်နေတာတွေ့တယ်။ ဘုန်းကြီးရဲ့ဘွဲ့က ဦးဉာဏတဲ့ကွ၊ သူတို့မြို့မှာ ရေကန်ကြီးတစ်ကန်ရှိတယ်တဲ့၊ အဲဒီကန်ကြီးကို ကန်တော်လို့ခေါ်တယ်ဆိုပဲ။ အဲဒီဘုန်းကြီးရဲ့ကျောင်းက ကန်တောင်ဘက်မှာရှိတာတဲ့။ သူ့ကျောင်းကိုတော့ မြို့သူမြို့သားတွေက ကန်တော်ကျောင်းလို့ ခေါ်ကြတယ်တဲ့။ သူ့ကျောင်းကြီးက ကျောင်းဝင်းကလည်း အကျယ်ကြီးဆိုပဲ။ ကျောင်းဝင်းထဲမှာ သရက်၊မရမ်း၊မာလကာ၊သြဇာ၊သစ်တို စုံလို့ဆိုပဲ။ ဒကာ ဒကာမတွေကလည်း အမြဲမပြတ်သွားလာဝင်ထွက်နေကြတာတဲ့။ အခုနောက်ပိုင်းတော့ မြို့ထဲကလူတွေဟာ ကန်တော်ဘက်ကိုရော ဘုန်းကြီးရဲ့ကန်တော်ကျောင်းဘက်ကိုရော အလာအသွား သိပ်မလုပ်ကြဘူးတဲ့ကွ"
"ဟင် ဘာဖြစ်လို့လဲ ဆရာ"
"အေး ဒီလိုကွနွံဖရဲ့၊ အဲဒီကန်တော်ထဲမှာ ကန်တော်ကဝေမဆိုတာ ရောက်လာတယ်ဆိုပဲ"
"ဗျာ ကန်တော်ကဝေမ ဟုတ်လားဆရာ"
"အေး ဟုတ်တယ်၊ နွံဖ၊ ဒီကဝေမရောက်လာတာ သိပ်မကြာသေးဘူးတဲ့ကွ၊ တစ်ခါတစ်လေဆိုရင် အဲဒီကဝေမက ရေပေါ်မှာလမ်းလျှောက်နေတာတဲ့ကွ၊ လူတော်တော်များများကို မြင်ဖူးတာဆိုပဲ။ အခုကြွလာတဲ့ဘုန်းကြီးဦးဉာဏဆိုတာ မကြာမကြာမြင်ရတယ်ဆိုပဲ။ တစ်ခါတစ်လေကျတော့ ဝံပုလွေလိုလို ခွေးအလိုလိုအကောင်ကြီးတစ်ကောင် ကန်ထဲကိုခုန်ချသွားတာ တွေ့တဲ့လူကတွေ့သတဲ့။ တစ်ခါတစ်လေကျတော့လည်း ချောချောလှလှမိန်းကလေးပုံစံနဲ့ ကဝေမကမြို့ထဲလျှောက်သွားနေတယ်ဆိုပဲ။
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment