တစ်ပွဲတိုး အောက်လမ်း ၊ အပိုင်း(၂)



ဒါပေမဲ့ မကျေနပ်တဲ့ နှလုံးသား မရှိဘူး။
မယားငယ်နဲ့ တစ်အိမ်တည်းနေပြီး
ယောင်္ကျားတစ်ယောက် အတူပေါင်းရမှာကို
ရှက်တဲ့စိတ်ပဲရှိတယ်။

ဒါကြောင့် ကွာပေးဖို့ပြောတယ်။

ခင်ခင်ဦးရဲ့ ဝဋ်ကြွေးတွေ
 ကြေဖို့အချိန်မရောက်သေးလို့ပဲ ထင်ရဲ့။

အုန်းမြင့်က ကွာမပေးဘူး။
နှစ်ဆောင်ပြိုင် အိမ်မကြီးရဲ့နောက်ဖေး။
နွားတင်းကုပ်ဘေးမှာ တဲလေးဆောက်ပြီး
ခင်ခင်ဦးနဲ့ သမီးကို ထားတယ်။

အဲဒီအချိန်ကစပြီး မယားငယ်က မယားကြီး
ဖြစ်သွားတယ်။

ခင်ခင်ဦးကလည်း မယားဘဝကနေ
ကျွန်ဘဝကို ရောက်သွားတယ်။

တစ်အိမ်လုံးစားဖို့ ထမင်းဟင်း 
ချက်ပြုတ်ပေးရရုံမကဘူး
မယားငယ်ရဲ့ ထမီအင်္ကျီမကျန် လျှော်ဖွပ်ပေးရတယ်။

အုန်းမြင့်က မယားငယ်စန်းကို
ရွှေပေါ်မြတင် ပွဲတက်မယားအဖြစ်ထားပေမဲ့
ခင်ခင်ဦးခမျာမှာတော့ ကျွန်မမယားဘဝနဲ့
နေနေရတယ်။

"ဒီကောင်မလေး သိပ်ဝဋ်ကြီးတာပဲ…"

"ဘယ်ဘဝက အငြိူးတွေများပါလားလို့
ဒီလောက် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဘဝဆိုးနဲ့
ကြုံနေရတာလဲ…"

ခင်ခင်ဦးရဲ့အဖြစ်ကို မမြင်ရက်သူတွေက
မြည်တမ်းညည်းတွားကြတယ်။
မျက်ရည်ကျ ကြတယ်။

အုန်းမြင့်နဲ့ ပတ်သတ်လို့ ခင်ခင်ဦးရဲ့
နှလုံးသားတွေက ကျောက်စိုင်ကျောက်ခဲတွေလို
မာကျောတယ်။ခံစားချက်မဲ့တယ်ဆိုပေမဲ့…။
သမီးလေးကို လစ်လျူရှုတဲ့အတွက်ကိုတော့
ခင်ခင်ဦး နာကြဉ်းတယ်။အမျက်သိုမိတယ်။

အုန်းမြင့်ကလည်း ခင်ခင်ဦးနဲ့ သမီးလေးကို
(ခင်ခင်ဦးအပေါ် မကျေနပ်ချက်ကြောင့်လား။
မယားငယ် မကြိုက်မှာစိုးလို့ ဒါကြောင့်လား မသိဘူး)
လုံးဝမချစ်ဘူး။

ချီဖို့ချောဖို့ ဝေးလို့။

ကလေးလဲကျပြီး ငိုနေရင်တောင် တစ်ချက်ကလေး
လှည့်မကြည့်ဘူး။ဒီလိုနဲ့ ခင်ခင်ဦးနဲ့ သူရဲ့သမီးလေး
သေကွဲကွဲရမယ့်နေ့ တစ်နေ့က ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာတယ်။

အဲဒီနေ့က ထုံးစံအတိုင်း နွားကျောင်းသားက
တင်းကုတ်ထဲက နွားတွေ ထုတ်သွားတယ်။
နွားတွေထွက်သွားတာနဲ့ တင်းကုပ်ထဲက
နွားချေး အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်ရတယ်။

ဒါက ခင်ခင်ဦးရဲ့ နေ့တဓူဝအလုပ်။

နွားချေးတွေ ကြုံးနေတုန်းမှာ သမီးငယ်က
တဲရှေ့မှာ တစ်ယောက်တည်း ဆော့ကစားနေတယ်။
တော်တော်လေးကြာတော့ သမီးငယ်ရဲ့
စူးစူးဝါးဝါးအော်သံနဲ့ လှေကားပေါ်က
တစ်စုံတစ်ခုကျတဲ့ တဒုန်းဒုန်းအသံကြီးကို
ကြားလိုက်ရတယ်။

ကြားရတာက အိမ်မကြီးဆီက…

ခင်ခင်ဦး စိုးရိမ်တကြီး အိမ်မကြီးဆီပြေးသွားတယ်။
လှေကားရင်း တမံသလင်းမှာ သွေးအလိမ်းလိမ်းနဲ့
စကားမေးမရတော့တဲ့ သမီးလေးကို တွေ့ရတယ်။

ခင်ခင်ဦး လှေကားပေါ်မော့ကြည့်မိတော့
အုန်းမြင့်နဲ့ သူ့မယားမစန်းကို အပေါ်ထပ်လှေကားထိပ်မှာ
ငုံ့ကြည့်နေတာ တွေ့ရတယ်။

ခင်ခင်ဦး မျက်လုံးတွေ မီးဝင်းဝင်း တောက်သွားတယ်။

"နင် …နင်…နင်တို့"

"ငါ့သမီးကို…"

ဒီလောက်ပဲ ပြောနိုင်တယ်။
ဒေါသထွက်လွန်းလို့ အသံတွေတုန်ပြီး
တိမ်သွားတယ်။သမီးလေးကို ပွေ့ယူပြီး…
ဆေးဆရာကြီး ဦးကြာညွှန့်အိမ်ကို ပြေးတယ်။
ဣနြေ္ဒတွေ သိက္ခာတွေ ရှက်ရမှာတွေ
ကြောက်ရမှာတွေ သူဘာတစ်ခုမှ မမြင်တော့ဘူး။

ဆံပင်တွေကလည်း ဖိုးရိုးဖားရား။ခြေထောက်မှာလည်း
ဖိနပ်မပါ။ပွေ့ထားတဲ့ ကလေးကလည်း
သွေးအလိမ်းလိမ်းနဲ့။သမီးအတွက် စိုးရိမ်စိတ်က
ငယ်ထိပ်ရောက်နေတာကြောင့် ခင်ခင်ဦးရဲ့
မျက်လုံးတွေကလည်း ပြူးကြောင့်နေတယ်။

အဲဒီအချိန်မှာ သူ့အသွင်ဟာ စိတ်မနှံ့တဲ့
အရူးမတစ်ယောက်နဲ့မခြား ဖြစ်နေတယ်။
ဖြစ်မယ်ဆိုလည်း ဖြစ်လောက်ပါရဲ့…
သူ့သမီးလေးသာ သူ့ကမ္ဘာဖြစ်နေတာကိုး။
သု့ကမ္ဘာလေး မပျက်စီးဖို့ သူ့သမီးလေးအသက်ကို
ကယ်တင်နိုင်ဖို့ အရူးလုံးလုံးစိတ်နဲ့
သူပြေးခဲ့တာဖြစ်မယ်။

သူ ဘယ်လိုပဲ ကြိုးစားခဲ့ပေမဲ့
သူ့ကမ္ဘာလေး ပျက်စီးသွားခဲ့တယ်။
သမီးလေးဟာ သူ့လက်ထဲမှာပဲ
ဘဝတစ်ပါးကို ပြောင်းသွားခဲ့ရတယ်။

ဆရာကြီးဦးကြာညွှန့် ကလေးမလေးရဲ့
လက်ကို ကိုင်ပြီး စမ်းသပ်ကြည့်တယ်
ပြီးတော့ …

"ကလေး အသက်မရှိတော့ဘူး သမီးရယ်"

လို့ ပြောလိုက်တယ်။

ခင်ခင်ဦးအသည်းနှလုံးတွေ တစ်စစီ တစ်စစီ
ကြေကွဲလွင့်စင်သွားတယ်။ရပ်တည်ခြင်းငှာ
မစွမ်းသာတော့ဘဲ နေရာမှာတင် 
ပျော့ခွေလဲကျသွားခဲ့တယ်။
အဆိုးထဲက အကောင်းလို့ပဲ ပြောရမယ် ထင်ပါရဲ့။
ရက်လည်ပြီး ညမှာ ခင်ခင်ဦး ရွာကနေ
တိတ်တဆိတ် ထွက်ခွါသွားတယ်။

ဒီလို ထွက်ခွါခြင်းဟာ အုန်းမြင့်အပေါ်မှာ
သူဆပ်ရမယ့် ဝဋ်ကြွေးတွေ ကြေသွားလို့ပဲလို့
တစ်ရွာလုံးက မှတ်ထင်ယူဆခဲ့ကြပါတယ်။

XXXXX

"ခင်ခင်ဦး ရွာကိုပြန်ရောက်လာပြီတဲ့…"

"ခင်ခင်ဦး ပြန်ရောက်လာပြီဟေ့…"

ဒီသတင်းကြောင့် တစ်ရွာလုံး အုတ်အုတ်ကျက်ကျက်
ဖြစ်သွားတယ်။ ဟုတ်တယ်။
လွန်ခဲ့တဲ့သုံးနှစ်က ရွာက တိတ်တဆိတ်ထွက်သွားတဲ့
ခင်ခင်ဦးတစ်ယောက်…
မမျှော်လင့်ဘဲ ရွာကိုပြန်ရောက်လာပြီ ဖြစ်တယ်။
ခင်ခင်ဦးအပေါ် သနားကြင်နာနေသူတွေ
ချစ်ခင်သူတွေ လွမ်းတသသရှိနေသူတွေ
ခင်ခင်ဦးရောက်နေတဲ့ မိခင်ကြီး ဒေါ်ညိုအိမ်ကို
သွားကြတယ်။

ခင်ခင်ဦး အုန်းမြင့်အိမ်ကို မသွားဘူး။
မိခင်ကြီးအိမ်မှာပဲ နေတယ်။
သုံးနှစ်လောက် ကြာခဲ့ပြီဖြစ်တာကြောင့်
လင်ခန်းမယားခန်း ပြတ်ပြီလို့ တွေးထားဟန်ရှိတယ်။
အချိန်က ကုစားပေးလိုက်တာကြောင့်လည်း
ဖြစ်မယ် ။ အသည်းတွေ ပိုမာလာဟန် ရှိတယ်။

ခင်ခင်ဦးရဲ့ အသွင်က ဟိုးတုန်းကအသွင်နဲ့
ခြားနေတယ်။
ပိုပြီးလည်း တည်ငြိမ်လာတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူ ရဲရင့်သူတစ်ယောက်ရဲ့
အသွင်တွေ ထင်ထင်ရှားရှား ပေါ်လွင်နေတယ်။


အပိုင်း(၃)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)