မရဏဆုံမှတ် အပိုင်း(၂)
စားသောက်ပြီး တအောင့်ကြာတော့ နွားလှည်းလာတယ်။
ဘထစ်က လှည်းသမားကို ကွေ့ကြီးသွားမလို့လို့
ပြောတယ်။ လှည်းသမားက ပြောတယ်။
ကျုပ်လှည်းက ကွေ့ကြီးတော့ မရောက်ဘူး။
စုန်းကွင်းအထိပဲရောက်မှာ၊မင်းတို့ ဟိုဘက်ကို
လမ်းလျှောက်ရမှာပဲ။ ဘာဝေးတာမှတ်လို့၊
တစ်တိုင် တစ်တိုင်သာသာ ရှိတာပါ"
"အင်း ဟုတ်ပြီ၊ ကျုပ်တို့နှစ်ယောက်
စုန်းကွင်းအထိ လိုက်မယ်"
ဘထစ်နဲ့ ကျုပ်နဲ့ လှည်းပေါ်တက်ပြီး လိုက်ခဲ့ကြတယ်။
တစ်လမ်းလုံး ဘထစ်နဲ့ လှည်းသမားက စကားဖောင်
ဖွဲ့လာကြတာဗျို့။ ဘုရားအိုက ထွက်လာပြီး
ပွေးကုန်းရောက်တော့ ကညင်ပင်ကိုးပင်ကို
သွားမယ့် အဘိုးနှစ်ယောက် ပါလာတယ်ဗျ။
အဲဒီမှာတင် အဲဒီအဘိုးကြီးနှစ်ယောက်နဲ့
လှည်းသမားနဲ့ စကားဖောင်ဖွဲ့ကြရောဗျို့။
သူတို့ပြောတာက နှမ်းအကြောင်း၊ပဲအကြောင်း
မဟုတ်ဘူးဗျ။ စုန်းအကြောင်း ပြောကြတာ။
"ပြောရဦးမယ် ဘိုးကျင်ရေ"
လှည်းသမားနဲ့ ဒီအဘိုးကြီးနှစ်ယောက်က
နဂိုတည်းက ရင်းနှီးကြတာဗျ။
"ဟေ ဘာတုံး ငမောင်ရ"
"ကျုပ်လည်း လှည်းသမားဘဝနဲ့ ဒီနေရာမှာ
မောင်းလာတာ ကြာပေါ့ ဘိုးကျင်ရေ ၊ တစ်ခါ
တစ်ခါတော့လည်း အထူးအဆန်းတွေ ကြုံရသားဗျ"
အဘိုးကြီးနှစ်ယောက်က ကျုပ်တို့နဲ့ မျက်နှာချင်းဆိုင်
ထိုင်နေတာဗျ။ လှည်းလမ်းဘေးက မြေပဲခင်းတွေကို
ငေးကြည့်ရင်း ပြောနေကြတာ။
"ဘာများတွေ့လို့တုံး"
"မနေ့ကလေဗျာ၊ ဘုရားအိုက ဘိုးစံဝနဲ့ သူ့မိန်းမ
အရီးမယ်မြလေ၊ သူတို့ အရီးတစ်ယောက်
တော်တော်မမာနေလို့ သတင်းမေးဖို့ ဆိုပြီး
စုန်းကွင်းကို လိုက်ပို့ခိုင်းလို့ ကျုပ် လိုက်ပို့ရပါရောလား။
ပြန်တော့ မိုးချုပ်သွားရော ဘိုးကျင်ရဲ့၊
လကလည်း မိုက်နေတော့ ကျုပ်က လှည်းကို
ခပ်သုတ်သုတ် မောင်းလာတာဗျ။
စုန်းကွင်းကျော်လာပြီး ပဲခင်းနှစ်ခင်းလောက်
ကျော်တော့ ခြံထဲက မီးလုံးကြီးတစ်လုံး တက်လာတာဗျ။
ကျုပ်ဖြင့် လန့်လိုက်တာဗျာ။ နွားတွေလည်း
လန့်ပြီး ရှေ့ဆက်မသွားတော့လို့ ကျုပ်မှာ
မနည်းကို မောင်းခဲ့ရတာ"
"နို့ အဲဒီမီးလုံးကြီးက ဘယ်ရောက်သွားတုံး"
ဘိုးကျင်ဆိုတဲ့ အဘိုးကြီးက မေးတယ်ဗျ။
ကျုပ်နဲ့ ဘထစ်ကတော့ သူတို့ပြောနေတာကို ငြိမ်ပြီး
နားထောင်နေကြတာပေါ့ဗျာ။
"လူနှစ်ရပ်လောက် အမြင့်မှာ ဝဲနေတာဗျ။
ခြုံပုတ်ကြီးတွေပေါ်မှာ ဝဲပြီး ပျံနေတာဗျို့။
ဒါနဲ့ ကျုပ်လည်း နွားတွေကို နှင်တံနဲ့ တို့ပြီး
ခပ်သုတ်သုတ် မောင်းခဲ့ရောဗျို့။
"အဲဒီ ဘာလို့ထင်တုံး ငမောင်"
ဘိုးကျင်က မေးတော့ လှည်းသမား ကိုမောင်က
လက်ထဲက နှင်တံကို ဘေးချပြီး ကြိုးကို လှည်းကြန်တိုင်မှာ
ချိတ်လိုက်တယ်။ပြီးတော့မှ ခေါင်းမှာ ပေါင်းထားတဲ့
ပုဆိုးကို ဖြည်ပြီး ခေါင်းပေါင်းကို အကျအန
ပြန်ပေါင်းလိုက်တယ်။ ကြိုးနဲ့ နှင်တံကို ပြန်ကိုင်း
ပြီးတော့ ဘိုးကျင်ကို တစ်ချက် လှည့်ကြည့်တယ်။
"ကျုပ် မသိဘူးဗျ ဘိုးကျင်ရဲ့ "
"အဲဒါ ချေးစားစုန်းပေါ့ကွ ငမောင်ရ"
"ဟ ဟုတ်လား၊ ကျုပ်က ကြားဖူးရုံသာ ရှိတာ၊
ဒီလို တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူး ဘိုးကျင်ရ"
ကျုပ်နဲ့ ဘထစ်လည်း တော်တော်ကို စိတ်ဝင်စားသွားကြတာဗျို့။
"ဟိုတုန်းကတော့ စုန်းကွင်းဘက်မှာ ဒါတွေ တော်တော်ပေါတာကွ၊
ခုတော့ မရှိတော့ပါဘူး၊ ဒီစုန်းက ဘယ်ကဟာလည်းမှ
မသိတာ"
ဘိုးကျင်နဲ့ အတူထိုင်နေတဲ့ အဘိုးကြီးက ဝင်ပြောတာဗျ။
"ဟုတ်တယ် ကိုပေါ်လာရဲ့၊ ဒီခေတ်ထဲမှာ မရှိသလောက်
ဖြစ်နေပါပြီ။ ဒီချေးစားစုန်းက ဘယ်ကပေါ်လာတာလဲ
မသိဘူး"
လှည်းသမား ကိုမောင်ကမေးတော့ ဘိုးကျင်က
စိတ်မရှည်သလို ဖြစ်သွားပြီး …
"သေချာတာပေါ့ ငမောင်ရ၊ ဟောဒီ ကိုပေါ်လာတို့
ငါတို့ ငယ်ငယ်တုန်းက ဆိုရင် ဒီတစ်ကြောမှာ စုန်းတွေ
သိပ်ပေါတာကွ၊ နို့ နေပါဦးကွ၊ အဲဒီမီးလုံးကြီး
ဘယ်ရောက်သွားလဲ၊ မင်းတွေ့ခဲ့သေးလား "
"ကျုပ် လှည့်ကြည့်တော့ ထန်းပင်နှစ်ပင်နားက
ခြုံပုတ်ကြီးတွေထဲ ဝင်သွားပြီး ပျောက်သွားတာပဲဗျ"
"အေး အဲဒါ ချေးစားစုန်း အစစ်ပေါ့ကွ၊
အဲဒီခြုံပုတ်ထဲမှာ လူတွေ စွန့်ထားတဲ့ မစင်တွေကို
လိုက္စားတာကြ"
"သြော် ဒါကြောင့် ခြုံပုတ်တွေပေါ်မှာ ဝဲနေတာကိုး"
"ဟုတ်ပါ့ဗျာ၊ အဲဒါတွေကို လိုက်ရှာတာဟေ့။
အချိန်တန်ရင် ဒီစုန်းတွေက မစားဘဲကို မနေနိုင်တာတဲ့ကွ"
"ဖြစ်မှ ဖြစ်ရလေဗျာ"
လှည်းသမား ကိုမောင်ကပြောရင်း ကျုပ်နဲ့ ဘထစ်ကို
လှည့်ကြည့်ပြီး ရယ်ပြတယ်ဗျ။ ကျုပ်တို့လည်း
ရယ်မိတာပေါ့ဗျာ။
"စုန်းဆိုလို့ ပြောရဦးမယ် ကိုကျင်ရေ"
ကိုပေါ်လာ ဆိုတဲ့ အဘိုးကြီး ပြောလိုက်တယ်
"အင်း ပြောစမ်းပါဦး၊ ကိုပေါ်လာရဲ့ "
"အင်း ကျုပ်တို့က ငယ်ငယ်ရှိပါသေးရော၊
ကျုပ်တို့ရွာမှာ ကိုပန်းမောင် ဆိုတဲ့ လူနဲ့ သူ့မယား
မဆော့ ဆိုတာ ရှိသဗျ။ မဆော့က ကျုပ်တို့ရွာသူ
မဟုတ်ဘူးဗျ။ တခြားက မိန်းမ၊ ကိုပန်းမောင်နဲ့
အကြောင်းပါမှ ကျုပ်တို့ရွာကို ရောက်လာတာ။
အဲဒီ မဆော့က ချေးစားစုန်းမဗျ"
"အို ဖြစ်မှဖြစ်ရလေဗျာ၊ ဒါကို သူ့ယောင်္ကျားက
သိသလား"
"ဘယ်သိမလဲ ကိုကျင်ရာ၊ သိမှာတော့ ဘယ်သူက
ချေးစားစုန်းမကြီးကို ယူမှာတုံးဗျ"
"သြော် ဒီလူလည်း သနားစရာပါလား ကိုပေါ်လာရ"
အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment