တစ်ပွဲတိုး အောက်လမ်း ၊ အပိုင်း(၃)
တစ်ခုကောင်းတာက အုန်းမြင့်ကိုယ်တိုင်ကလည်း
ခင်ခင်ဦးဆီ မလာဘူး။ဘာသိဘာသာပဲ နေတယ်။
သဘောက သူ့ဘက်ကလည်း ပြတ်ပြီဆိုတဲ့သဘော။
ဒီလိုအနေအထားကို ခင်ခင်ဦးကလည်း ကြိုက်တယ်။
ရောက်တဲ့နေ့ကစပြီး အုန်းမြင့်တို့လင်မယားနဲ့
မျက်နှာချင်း မဆိုင်မိအောင် ရှောင်တယ်။
မရှောင်နိုင်လို့ တည့်တည့်တိုးရင်လည်း
အသိမိတ်ဆွေတွေလို ခေါ်ပြောနှုတ်ဆက်တာ လုပ်တယ်။
ရွာသူရွာသားတွေကလည်း လွတ်လပ်ငြိမ်းချမ်းသွားတဲ့
ခင်ခင်ဦးအတွက် ဝမ်းသာနေကြတယ်။
ဒီလိုနဲ့ ခင်ခင်ဦးရွာကို ပြန်ရောက်လာတာ။
ခြောက်လတင်းတင်း ပြည့်သွားခဲ့တယ်။
အဲဒီအချိန်မှာပဲ သူတို့ရွာမှာ တစ်ကြိမ်တစ်ခါမျှ
မကြုံဘူးတဲ့ အဖြစ်အပျက်ကြီးတစ်ခုကို
ကြုံလိုက်ကြရတယ်…
အဖြစ်အပျက်က အံ့သြစရာကောင်းတယ်။
ထိတ်လန့်ချောက်ချားစရာလည်း ကောင်းတယ်။
လူ့အသက် သေဆုံးမှုတွေလည်း ပါဝင်နေခဲ့တယ်။
XXXXXXX
ခြံတံခါးရဲ့ အတွင်းဘက် မလှမ်းမကမ်းမှာ
အလောင်းသုံးလောင်းရှိနေတယ်။
အုန်းမြင့် သူ့မိန်းမ ပြီးတော့ (၂)နှစ်အရွယ်
သူတို့ရဲ့သမီးလေးရဲ့ အလောင်းတွေ…
ထူးခြားချက်က တံခါးတွန်းဖွင့်ပြီး
ခြံထဲဝင်လိုက်တာနဲ့ အကောင်းသားကြီးကနေ
ရုတ်တရက် ဗိုင်းကနဲ
လဲကျသေဆုံးသွားကြတဲ့ အဖြစ်ပါ။
အုန်းမြင့်ရဲ့အဖြစ်ဆိုးကို မြင်လိုက်တာနဲ့
သူ့မိန်းမမိစန်းချီထားတဲ့ ကလေးကိုချပြီး
ခြံထဲအမြန်ပြေးတယ်။
သူ့ယောင်္ကျား လဲကျနေတဲ့ဆီ သွားမယ်။
အဲဒီမှာ သူပါလဲကျ သေဆုံးသွားတယ်။
တစ်ခါ…။
သမီးငယ်လေးကလည်း
တောက်တောက် တောက်တောက်နဲ့
မအေ့နောက် ပြေးလိုက်သွားတယ်။
ခြံထဲဝင်လိုက်တာနဲ့ မအေ့ဆီတောင်
မရောက်လိုက်ဘူး။ မြေပေါ်လဲကျပြီး
ပက်လက်လေးသေသွားတယ်။
သူတို့အိမ်က ရွာလယ်ပိုင်းမှာ
နောက်ပြီး နေ့လယ်ဘက်ဖြစ်နေလို့
ဖြစ်ပုံပျက်ပုံ အလုံးစုံကို
အိမ်နီးနားချင်းတွေအားလုံး
သိနေ မြင်နေရတယ်။
ရုတ်တရက်ကြီး တစ်ယောက်ပြီး တစ်ယောက်
လဲကျသေဆုံးနေရတဲ့အဖြစ်ကိုကြည့်ပြီး
အံ့သြထိတ်လန့်နေကြတယ်။
သတင်းက တောမီးလောင်သလို
ချက်ချင်းပျံ့နှံ့သွားတယ်။
တစ်ရွာလုံးကလူတွေ အုန်းမြင့်တို့
အိမ်ရှေ့လမ်းမပေါ်မှာ စုပြုံလာတယ်။
"ခြံထဲကို ဘယ်သူမှ မဝင်ကြနဲ့ …
မဝင်ကြနဲ့ …"
ရွာထိပ်မှာနေတဲ့ ဆရာကြီးဦးကြာညွှန့်
ရောက်လာပြီး အော်ဟစ်ပြောတယ်။
"ဆရာကြီး ဘယ်လိုဖြစ်တာလဲ ခင်ဗျ…"
ရွာလူကြီးက ဦးကြာညွန့်ကို မေးတယ် ။
"ကျုပ်လည်း အတိအကျတော့
မပြောနိုင်သေးဘူး
ဒါပေမဲ့ မျက်မြင်တွေ့တဲ့လူတွေ
ပြောတဲ့စကားအတိုင်းဆိုရင်တော့
ရိုးရိုးသားသား မဖြစ်နိုင်ဘူး…။
ဒါဟာ အသက်သေအောင်ထိ
ပြုလုပ်ထားတဲ့ အောက်လမ်းပညာသည်ရဲ့
အစီအရင် ဖြစ်နိုင်တယ်ဗျ …"
"ဒါဆို ဘယ်လို ဆက်လုပ်ကြမလဲ…"
ရွာလူကြီးက စိုးရိမ်တကြီးအသံနဲ့ မေးတယ်။
"စောင့်ကြည့်ရဦးမှာပဲ
လောလောဆယ်တော့ အုန်းမြင့်တို့ခြံထဲကို
ဘယ်သူမှ မဝင်အောင် ပြောရမယ်…
ဝင်တဲ့သူမှန်သမျှ အောက်လမ်းစက်မိပြီး
အသက်သေသွားနိုင်တယ်"
"ဒါဆိုရင် ဒီအလောင်းတွေကို မသင်္ဂြ ိုဟ်ဘဲ
ဒီအတိုင်းထားရတော့မှာလား ဆရာကြီး…"
"အဲဒီလိုလည်း မဟုတ်ပါဘူး
ဘယ်လိုအောက်လမ်းစက်လည်းဆိုတာ
သိအောင်လုပ်ပြီး စက်ကို ဖြတ်ရမယ်။
အောက်လမ်းစက်ပြတ်သွားရင် ခြံထဲဝင်လို့ ရမှာပါ…"
ဆရာကြီး ဦးကြာညွှန့် ရွာလူကြီးကို ရှင်းပြတယ်…
ပြီးတော့ အုန်းမြင့်တို့ မိသားတစ်စုလုံးကို
သေစေလောက်တဲ့အထိ အမုန်းအငြိူးရှိသူ
ဘယ်သူဖြစ်နိုင်မလဲဆိုတာ စဉ်းစားကြည့်တယ်။
ဆရာကြီးရဲ့ မျက်လုံးထဲမှာ တစ်စုံတစ်ယောက်ကို
ပြက်ပြက်ထင်ထင် မြင်လိုက်ရတယ်။
သူက ခင်ခင်ဦးဆိုတဲ့ မိန်းမတစ်ယောက်…
သေသူအုန်းမြင့်ရဲ့ ပထမ မယား…
သမီးလေးတစ်ယောက်ရမှ အုန်းမြင့်ရဲ့
စွန့်ပစ်မှုကို ခံခဲ့ရတဲ့သူ။
တစ်ရွာတည်းသားတွေ ဖြစ်တာကြောင့်
သူတို့အကြောင်းကို ဆရာကြီးအနေနဲ့
အစကအဆုံး ။ တစ်လုံးအကျန်သိနေခဲ့တယ်။
အုန်းမြင့်ကို သေစေလောက်တဲ့အထိ
အငြိူးအတေးကြီးနိုင်တဲ့ အရာဆိုလို့
အုန်းမြင့်ရဲ့ ပထမ…။ခင်ခင်ဦးနဲ့ပတ်သက်တဲ့
အကြောင်းအရာပဲ ရှိတယ်။
အဖြစ်အပျက်က ကြာတော့ ကြာခဲ့ပါပြီ။
လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်တဲ့အဖြစ်အပျက်ပါ။
ဒီအဖြစ်အပျက်တွေကို တွေးမိတာနဲ့
ဆရာကြီးဦးကြာညွန့် ရွာလယ်လမ်းအတိုင်း
အသာလျှောက်လာခဲ့တယ်။
အုန်းမြင့်တို့အိမ်နဲ့မျက်စောင်းထိုးမှာရှိတဲ့
အိမ်ကို ဂရုတစိုက် ကြည့်လာတယ်။
အဲဒီအိမ်က ခင်ခင်ဦးနေတဲ့အိမ်။
ဆရာကြီးဦးကြာညွှန့်ထင်တဲ့အတိုင်းပဲ။
အိမ်ရှေ့ လသာဆောင်ကနေ အုန်းမြင့်တို့အိမ်ဘက်
မျက်နှာမူကြည့်နေတဲ့ ခင်ခင်ဦးကို တွေ့ရတယ်။
ခင်ခင်ဦး အံကိုကြိတ်ထားတယ်။
မျက်လုံးတွေကလည်း မီးတဝင်းဝင်းတောက်နေတယ်။
အဲဒီအချိန်မှာပဲ ခင်ခင်ဦးဟာ သူ့ကိုလျှို့ဝှက်အကဲခတ်နေတဲ့
ဆရာကြီး ဦီးကြာညွှန့်ကို မြင်သွားတယ်။
သူက ဆရာကြီးရဲ့ မျက်လုံးတွေကို စိုက်ကြည့်တယ်။
ဒါဟာ အသံတိတ် ။ ပညာပြိုင်လိုက်တာပဲ။
တော်တော်ကြာတဲ့အထိ တစ်ယောက်မျက်လုံး
တစ်ယောက် စိုက်ကြည့်နေကြတယ်။
အရင်ဆုံး မျက်လုံးကို စလွှဲဖယ်လိုက်သူက ခင်ခင်ဦး။
ဒါဟာ သူ့အနေနဲ့ အရှုံးပေးလိုက်ခြင်းဆိုတာ
သူရော ဆရာကြီး ဦးကြာညွန့်ရော သိလိုက်ကြတယ်။
XXXXX
"ကဲ…ကဲ ငါသမီးလေး စိတ်ကိုလျော့ထားတော့နော်
သမီးလေးရဲ့ဆန္ဒလည်း ပြည့်ဝခဲ့ပြီ မဟုတ်လား။
ဒါဆို ကျေနပ်တော့…
အခုအချိန်က အပြစ်မရှိတဲ့သူတွေရဲ့အသက်တွေ
အလဟဿမဆုံးရှုံးအောင် တားဆီးရမယ့်အချိန်
ဖြစ်နေပြီ။ ဒါကြောင့် ဆရာကြီးမေးတာကို
မှန်မှန်ဖြေ ဟုတ်ပြီလား"
အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment