မရဏဆုံမှတ် အပိုင်း(၇) ဇာတ်သိမ်းပိုင်း



ပြောပြောဆိုဆို ဘထစ်နဲ့ ကျုပ်နဲ့ ဘုရားတောင်ပေါ်ကို
တက်ခဲ့ကြတယ်။ ဘုရားမှာ လူတောင် တော်တော်
ရှင်းနေပြီဗျ။ အားလုံး ပွဲခင်းထဲရောက် ဆိုင်တန်းတွေဘက်
ရောက်ပေါ့ဗျာ၊ ဘထစ်နဲ့ ကျုပ် ဘုရားရှိခိုးပြီး
မေတ္တာသုတ် ရွတ်ကြတယ်။

ပြီးတော့ နှစ်ယောက်သား လူတွေကို
မေတ္တာပို့ကြတာပေါ့ဗျာ၊ ဘုရားပွဲလာတဲ့သူတွေ
ဘေးဥပါဒ်အန္တရာယ် ကင်းကြပါစေပေါ့ဗျာ။

ကျုပ်တို့နှစ်ယောက် မေတ္တာပို့လို့ တော်တော်ကလေး
ကြာသွားတော့ …

"ဂျိမ်း ဂျိမ်း ဂျိမ်း "

မိုးခြိမ်းသံကြီးဗျ၊ ခပ်လှမ်းလှမ်းက ကြားလိုက်တာ။
ကျုပ်ကြားသလို ဘထစ်လည်းကြားတယ်။
သူ ချက်ချင်း ထိုင်ရာကနေ ဆတ်ခနဲ ထတယ်။
ပြီးတော့ ယင်းချောင်းရှိတဲ့ဘက်ကို ပြေးသွားတယ်။
ကျုပ်လည်း ဘုမသိ ဘာမသိနဲ့ ဘထစ်နောက်က
ပြေးလိုက်ခဲ့ရတာပေါ့ဗျာ။ ဘုရားလူကြီးတွေလည်း
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ကောင်းကင်ကို မော့ကြည့်ကြတယ်။

"နောက်ကျသွားပြီ တာတေရေ၊ မိုးစက်တွေတောင်
ကျလာပြီကွ၊ ဟိုးအထက်ဘက်က တောင်တွေပေါ်မှာ
မိုးရွာနေပြီ၊ မကြာခင် ယင်းချောင်းထဲကို
ရေတွေ ဒလဟော ကျလာတော့မယ်။
ဟော ဟိုမှာတွေ့လား မိုးစက်တွေ ကျလာလို့
လူတွေ သဘောပေါက်သွားပြီကွ၊
ပြေးနေကြပြီ တွေ့လား၊ ပြေးနေကြပြီ၊
လွတ်ပါမလား၊ လွတ်ပါ့မလား"

ဘထစ်ပါးစပ်က တတွတ်တွတ် ပြောနေတယ်ဗျ။
ကျုပ်က ယင်းချောင်းအထက်ဘက်ကို ကြည့်နေမိတယ်

"ဟာ ဘထစ် ဟိုမှာ ဟိုမှာ ရေလုံးကြီး ကျလာပြီ၊
ရေလုံးကြီး ဟိုမှာ "

ကျုပ် အလန့်တကြား အော်လိုက်တယ်။
ဟုတ်တယ်ဗျာ။ ရေလုံးကြီးတွေ ဖျာလိပ်ကြီး
လိမ့်သလို လိမ့်ကျလာတာ။ ဒါမျိုးပေါ့ဗျာ၊
မြင်းပြေးလို့တောင် မလွတ်ဘူးဆိုတာပေါ့

"ဝေါ ဝေါ ဝေါ"

အသံကြီးကို မြည်ပြီးတော့ ကျလာတာဗျို့
စောစောက စည်ကားနေတဲ့ ဘုရားပွဲ စျေးတန်းကလေးမှာ
ငရဲ ပွက်သလို အသံတွေ၊ အော်ကြ ဟစ်ကြတဲ့
အသံတွေ ကျွက်ကျွက်ကို ညံသွားတာပေါ့ဗျာ။
မြန်လိုက်ပါဘိတော့ဗျာ။ ခဏကလေးအတွင်းမှာကို
ယင်းချောင်းတစ်ခုလုံးကို ရေတွေ ပြည့်သွားတာဗျို့။

ဆိုင်ခန်းကလေးတွေလည်း ခေါင်မိုးတွေပဲ
ပေါ်တော့တာ၊ တစ်ချို့လည်း ရေစီးနဲ့ ကျွတ်ပါသွားပြီ။

ဇာတ်ရုံထဲက လူတွေလည်း ပြေးထွက်လာကြပြီဗျို့။
ပွဲလည်း ပျက်သွားပါပြီ။

"ဝေါ"

မိုးတွေ ဝေါခနဲ ရွာချလိုက်ပြီဗျို့။ ဒီမိုးတွေ ချက်ချင်း
ဘယ်ကဘယ်လို တက်လာမှန်းကို မသိလိုက်ပါဘူးဗျာ။
ယင်းချောင်းကြီးထဲမှာ ရေတွေဖွေးလို့။

ဆိုင်တွေ ရေအောက်ကို မြှုပ်ကုန်ပြီ။
လူတွေရော ဘယ်လောက်လွတ်ပြီး ဘယ်လောက်
ရေနဲ့ပါသွားသလဲ။ ကျန်တဲ့လူတွေက မိုးရေတွေစိုလို့။

ကျုပ်ရော ဘထစ်ရော မိုးရေတွေ ရွှဲလို့ပေါ့ဗျာ။

ဟော ကွေ့ကြီးရွာထဲက လူတွေလည်း
ပြေးထွက်လာကြတယ်ဗျို့။ ဒါပေမဲ့ ဘယ်သူက
ဘာတတ်နိုင်မှာလဲဗျာ။

ကျုပ် မျက်စိမှာတော့ ထန်းပင်နှစ်ပင်စာလောက်ရှိတဲ့
အရပ်ကြီးနဲ့ သောင်ပြင်မှာ ခေါင်းကြီးတစ်လုံးထမ်းပြီး
လျှောက်သွားနေတဲ့ မဖဲဝါကြီးကိုပဲ မြင်နေမိတယ်ဗျာ။

ဒီည ဒီနေရာဟာ ဘဝအဆက်ဆက်က ပါလာတဲ့
အကုသိုလ်တရားတွေ လာဆုံတဲ့ မရဏဆုံမှတ်တစ်ခုပဲပေါ့ဗျာ။

ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)