စုန်းမ ၊ အပိုင်း(၄)
"အင်း …ဒီလိုတာတေရဲ့ ၊ အရီးတို့မှာ ညီအစ်မသုံးယောက်
ရှိတာ။ အရီးက မယ်ခ ၊ အရီးညီမက မယ်မြ၊ အရီးတို့
အစ်မကြီးက မယ်လှတဲ့ ။ မမယ်လှက နာမည်နဲ့လိုက်အောင်
ရုပ်ချောတယ်။ မမယ်လှ အပျိုဖြစ်တဲ့ အချိန်မှာ
တစ်ရွာလုံးက ကာလသားမှန်သမျှ ကြိုက်ကြတာပေါ့ကွယ်။
တစ်ရက်တော့ တို့ရွာကို ဆရာတစ်ယောက် ရောက်လာပြီး
ဆေးကုတယ်။ မမယ်လှကိုတွေ့တော့ ဆေးနဲ့တို့လိုက်တာ
ဘယ်သူမှ မသိလိုက်ဘူး။ အဲဒီမှာတင် မမယ်လှက
ဒီလူကို တန်းတန်းစွဲဖြစ်တော့တာပေါ့။ အမေတို့
အဘတို့ကလည်း လုံးဝ မပေးစားဘဲ မမယ်လှကို
အခန်းထဲထည့်ပြီး သော့ပိတ်ထားကြတာ
နောက်ဆုံး မမယ်လှ ရူးပြီး သေသွားတယ်"
"ဟာ ဖြစ်မှဖြစ်ရလေဗျာ"
အဲဒီထဲက အရီးလည်း ဆရာဆိုတဲ့ ကောင်တွေကို
စိတ်နာပြီး ဒီပညာကို သင်လိုက်တာ၊ အရီးညီမ၊
မယ်မြကိုလည်း အတူတူသင်ဖို့ အဖော်စပ်ပေမယ့်
မယ်မြက မသင်ဘူး။ အရီးတစ်ယောက်တည်း
သင်ခဲ့တာ"
"အရီး သင်တော့ တော်တော်ခက်ခက်ခဲခဲ
သင်ခဲ့ရတာလား"
"ဘယ်ခက်ရမှာတုံး တာတေရယ် ၊ ငါ့ကို သင်ပေးတဲ့
ပညာသယ်မကြီးက နည်းနည်းနောနောတတ်တာ
မဟုတ်ဘူးဟဲ့ ၊ မောက်ပြားထက် သုံးဆင့်မြင့်တယ်။
သူတောက်စားတဲ့အချိန်မှာ ကွမ်းတစ်ယာ ဝါးထားတယ်"
"ဗျာ တောက်စားတယ်ဆိုတာ ဘာတုံး အရီးရဲ့ "
"အဲဒီပညာသည်ရဲ့ ပါးစပ်ထဲက မီးတောက်တွေ
ထွက်တာကို ပြောတာ တာတေရဲ့"
"သြော်"
"အဲဒီအချိန်မှာ သူ့ပါးစပ်ကနေ အရောင်တွေ
တောက်နေတဲ့ သွားရည်တွေ ကျလာတယ်။
အဲဒီသွားရည်တွေ ပေနေတဲ့ ကွမ်းဝါးဖတ်ကို
ငါ့ပါးစပ်ထဲ ထည့်ပေးတယ်။ မဝါးဘဲ မျိုချရတယ်။
ငါက သူ့ထက် တစ်ဆင့်နိမ့်တဲ့ မောက်ပြားအထက်
နှစ်ဆင့်မြင့်တဲ့ ပညာသည် ဖြစ်လာတယ်။
ငါက သာမန်စုန်းတွေထက် အများကြီး
အဆင့်မြင်တယ် တာတေ"
"သြော် လွယ်သားပဲဗျ "
"အေး လွယ်တယ်လို့တော့ ပြောလို့မရဘူးဟဲ့၊
အဲဒီပညာဗူးသွင်းတဲ့ အချိန်မှာ မတည့်မတ်ရင်
အသက်ဆုံးတတ်တယ် အသက်စွန့်ပြီး လုပ်ရတာ"
" ဟင် ဟုတ်လား အရီး၊ တော်သေးတာပေါ့ဗျာ၊
အရီးက အဆင်ပြေသွားပေလို့ပေါ့"
"အေး ဟုတ်တယ် ၊ တာတေ ၊ အရီးရဲ့ ဆရာ
ပညာသည် သေတဲ့အချိန်မှာ အရီးက သူ့အဆင့်ကို
အလိုလို ရလာတယ်"
"ဟင် ဒါဆိုရင် အရီးက မောက်ပြားအထက်သုံးဆင့်ပေါ့"
"အေး ဟုတ်တယ် ၊ ဒါပေမဲ့ အခုအချိန်အထိတော့
ပညာကို နှစ်ဆင့်ပညာအထိပဲ သုံးဖူးတာပါ။
ဒါတောင် မခံနိုင်ကြပါဘူးလေ"
ကျုပ်က အရီးပြောတာတွေကို ငြိမ်ပြီး တွေးနေမိတယ်။
အရီးက ကျုပ်ကို ဆက်ပြီး ပြောတယ်
"ဒီပညာနဲ့ အရီး ဘယ်လူတစ်ဦးတစ်ယောက်ကိုမှ
ဒုက္ခမပေးဖူးပါဘူး ။ သစ္စာတရားမရှိတဲ့ ဆရာယောင်တွေ၊
ကိုယ့်ကို လာပြီး အန္တရာယ်ပြုရင်တော့ အပြီးတိုင်အောင်
လုပ်ခဲ့တယ်။ ပြီးတော့ အရီးမွေးဖွားလာတဲ့ ဒီရွာကိုလည်း
အရီးစောင့်ရှောက်တယ် ။ မဟုတ်မဟက် ဆရာတွေ
ဝင်လာရင် အမြဲမောင်းထုတ်ပေးခဲ့တယ်။ ဒါပေမဲ့
ဒါတွေကို ရွာကလူတွေ ဘယ်သိမလဲ တာတေ"
"သြော် ဒီလိုကိုး"
ကျုပ်က ဒီကနေ့ အရီးလုပ်ပြခဲ့တာတွေကို ကျုပ်
ဘယ်သူ့ကိုမှ မပြောဘူးလို့ ဆုံးဖြတ်လိုက်တယ်။
တကယ်လည်း မပြောခဲ့ပါဘူး။ အိမ်က အဘနဲ့
အမေကိုတောင် ကျုပ် ဒါတွေပြောမပြခဲ့ဘူးဗျ။
အရီးမယ်ခနဲ့ ပတ်သက်ပြီး ကျုပ် သိသမျှတွေကို
ကျုပ် ရင်ထဲမှာပဲ ထားခဲ့တာဗျ။ ဒီလိုနဲ့ပဲ ကျုပ်နဲ့
အရီးမယ်ခတို့ ခါတိုင်းလိုပဲ ခင်ခင်မင်မင်
နေခဲ့ကြတာပေါ့ဗျာ။
အရီး လိုတာပြုတာ ကျုပ်က လုပ်ပေးနေခဲ့တာဗျ။
ဒါပေမဲ့ ဒီလောကကြီးက ကိုယ်ဘယ်လောက်ကောင်းအောင်
နေနေ လူယုတ်မာတွေရဲ့ ဒုက္ခပေးတာ ကြုံရတတ်တယ်။
ဒါကြောင့်လည်း ကျုပ်တို့ ဝိုင်းတောင်ဘက်ကပ်လျက်ဝိုင်းက
ဘွားတော် ဒေါ်သိန်းမြကြီး ဘုရားရှိခိုးတိုင်း ကျုပ်ကြားနေရတဲ့
သူတောင်မဟုတ် သူယုတ်မာနဲ့ မတွေ့ရပါစေနဲ့ ဆိုသလိုပေါ့ဗျာ။
တစ်ရက်တော့ ကျုပ်တို့ရွာကို ဆရာတစ်ယောက်
ရောက်လာတယ် ။ ရွာရှေ့ပိုင်းက သောင်းတင်ဆိုတဲ့ကောင်
ခေါ်လာတာ။ အညိုဝတ်နဲ့ စိပ်ပုတီးတစ်ကုံး အမြဲဆွဲထားတဲ့
ဆရာဗျ။ အသက်က လေးဆယ်ကျော်လောက်ပဲ ရှိသေးတာ။
ရွာရောက်ကတည်းက ရှိခိုးလိုက်တဲ့ ဘုရားဗျာ။
နေ့ ,ရှိခိုး ည ,ရှိခိုးနဲ့ နေတာဗျ။ သက်သက်လွတ်ကလည်း
အမြဲစားဆိုပဲ။ ဗေဒင်ဟောရင် အလွန်မှန်တယ် ဆိုပဲဗျ။
လူတွေကို ယတြာချေပေး ပြုပေးပေါ့ဗျာ။
သောင်းတင်တို့ အိမ်မှာ စတည်းချပြီး ဗေဒင်ဟောနေတာဗျ။
တစ်ရွာလုံး မှန်လိုက်တာ မှန်လိုက်တာနဲ့ နာမည်ကို
ကျော်လို့ဗျ။ ဆရာနာမည်က ဘာတဲ့။ အဲ ဆရာတောက်တဲ့။
ဆရာတောက်၊ ဆရာတောက်။
ဘန့်ဘွေးကုန်းကလည်း လှည်းနဲ့ လာပင့်တဲ့အခါ ပင့်တယ်ဗျ။
ငွေယားကုန်းတို့၊ ငွေတွင်းကုန်းတို့ကလည်း လာပင့်ကြတာဗျ။
သောင်းတင်တို့ မိသားစုလည်း မျက်နှာပွင့်တာပေါ့ဗျာ။
ကျုပ်အမေကတောင် ကျုပ်ကို ပြောသေးဗျာ။
"ဟဲ့ တာတေ၊ နင့်မလည်း ဒီမန်ကျည်းပင်အောက်မှာပဲ
မှောက်လိုက် လှန်လိုက်နဲ့ ၊ ဆရာတောက်ဆီသွားပြီး
ဇာတာလေး ဘာလေး စစ်ကြည့်ပါလားဟဲ့ ၊
ဟောတာ ပြောတာ လွှတ်မှန်တယ် ဆိုပါလား"
"မစစ်ချင်ပါဘူး အမေရာ၊ ကျုပ်က ဘာကိုသိချင်ရမှာတုံး၊
ကျုပ်မှာ ဘာအကြောင်းမှ မရှိတာဗျာ"
"မစစ်ချင်လည်း နေပေါ့တော်"
အမေက အဘပုဆိုးလေးတစ်ထည် ခေါင်းပေါ်တင်ပြီး
ရွာထဲ ထွက်သွားရောဗျို့။ ကျုပ်လည်း ခါတိုင်းလိုပေါ့ဗျာ။
နဂါးဆေးပေါ့လိပ်ကလေးဖွာပြီး မန်ကျည်းပင်အောက်မှာ
တွေးနေတာဗျ။ ပြီးတော့မှ ဆေးပေါ့လိပ်ကလေး အသာချပြီး
ဝါးပိုးခြမ်း ခေါင်းအုံးပေါ် အသာကလေး လှဲချလိုက်တယ်။
"ကိုကြီးတာတေ ၊ အိပ်တော့မလို့လားဗျ"
အပိုင်း(၅)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေပါသည်။

Comments
Post a Comment