လူခြောက်မယား အပိုင်း(၇)



သာဗိန္ဒက လူခြောက် ဒီပကို မြင်ဖူးတာမှ မဟုတ်တာ၊ မယ်ဆင့်ကသာနင့်ကို ခြေမန်းကွင်းစွပ်လိုက်ရင် နင့်ကိုပဲ သာဗိန္ဒက မြင်ရမှာလေ၊ နင့်ကိုပဲ လူခြောက်ဒီပလို့ ထင်သွားမှာပေါ့၊နင့်ကိုသိုက်တွေ ဖော်ခိုင်းလိမ့်မယ်၊နင်က ဒီကောင်ကို မျှားခေါ်သွား၊ငါရပ်ခိုင်းတဲ့နေရာရောက်ရင် နင်ကရပ်လိုက်၊ အဲဒီနေရာမှာ သိုက်ရှိတယ်လို့ပြော၊ နင့်ကို သိုက်ဖော်ခိုင်းတဲ့အချိန်မှာ ငါထွက်လာခဲ့မယ်၊ ကဲ နင်သွားတော့ အချိန်မရှိဘူး၊ မယ်ဆင့်ရဲ့ကိုယ်ပွားဝိညာဉ်က ဒီည ပြန်မဝင်နိုင်ရင် အန္တရာယ်ရှိတယ်တာတေ"

ဟာ မဖဲဝါပျောက်သွားပြီဗျို့။ ကျုပ်လည်း ချက်ချင်း ကိုဒီပကို ခေါ်ရတော့တာပေါ့ဗျာ။ ကျုပ်စိတ်ညွှတ်လိုက်တာနဲ့ကိုဒီပ ကျုပ်ရှေ့ကို ရောက်လာတာဗျ။ကျုပ်ကိုယ်ပွားထုတ်ပြီး ကိုဒီပနဲ့တွေ့လို့ရတာကို ခုမှသိသွားတာဗျ။

"ကိုဒီပ အစ်မမယ်ဆင့်ကို ဖမ်းထားတဲ့နေရာသွားကြမယ် ဟိုရောက်ရင် အစ်မမယ်ဆင့်ကိုပြော၊ ကျုပ်ကို ခြေမန်းကွင်းစွပ်ပေးလို့၊ ကျန်တာတွေတော့မဖဲဝါနဲ့ ကျုပ်နဲ့ လုပ်ကြမယ်၊ ကိုကြီးဒီပက အစ်မ မယ်ဆင့်နားမှာပဲနေဗျ"

ကျုပ်နဲ့ ကိုကြီးဒီပ ချက်ချင်းရောက်သွားတယ်ဗျ။သာဗိန္ဒဆိုတဲ့လူကြီးကိုလည်းတွေ့ပြီဗျို့။သျှောင်ထုံးကြီးနဲ့ နှုတ်ခမ်းမွေးကားကားကြီးဗျ၊ ပုဆိုးက ကွက်တုံးကြီးဝတ်လို့၊ တိုက်ပုံအင်္ကျီကို ရင်စေ့ကြီးဝတ်လို့ဗျ။

"ကဲ…ကိုကြီးဒီပ၊ မမယ်ဆင့်အနားသွာ့းပြီး အကျိုးအကြောင်း ပြောပေတော့ဗျာ"

ကိုကြီးဒီပကိုတော့ ဒီလူမမြင်ရဘူးဗျ။ကျုပ်ကတော့ ကျုပ်ကို မြင်မှာစိုးလို့သစ်ပင်နောက်မှာ ကပ်နေသေးတာ။ကိုကြီးဒီပက သူ့မယားမမယ်ဆင့်ကိုအကျိုးအကြောင်းပြောပြီး ကျုပ်ဆီကိုချက်ချင်းပြန်လာတာဗျ။

"ငါ ပြောခဲ့ပြီ တာတေ၊ မယ်ဆင့်ကမင်းကို ခြေမန်းကွင်းစွပ်လိမ့်မယ်"

"သာဗိန္ဒကြီး ကျုပ်ကိုယ်ပွားကို မြင်‌သွားမှာ စိုးလို့ဗျ"

"ဟာ တာတေကလည်း မင်းကိုသူ ဘယ်မြင်မှာတုံး၊ မယ်ဆင့်ကိုဆေးတွေဝါးတွေနဲ့ လုပ်ပြီး ဝိညာဉ်ထုတ်ယူထားလို့ သူက မြင်နေရတာကွ"

"ဟုတ်လား၊ ဒါဆိုရင် ကျုပ်သွားမယ်"

"ဟဲ့ကောင်မ၊ နင့်လင် ခုထိမလာသေးဘူးလား၊ နင့်လင်လာလို့မှ နင် ခြေမန်းကွင်းမစွပ်ရင် နင့်ကိုယ်ထဲကို နင်ပြန်ဝင်လို့မရတော့ဘူးသာ မှတ်ပေတော့၊မနက်ဖြန်ဆိုရင် နင့်ရွာမှာ နင့်အသုဘကို လူတွေ လာကြလိမ့်မယ် မပူနဲ့ "

"ငါ့လင် ရောက်ပြီဟဲ့၊ နင် ဒီလောက်စွပ်စေချင်တဲ့ ခြေမန်းကွင်းကို ငါစွပ်မယ်၊ဒါပေမဲ့ ငါ့လင်ကို နင်ဒုက္ခပေးလို့ကတော့နင်ကို ငါကိုယ်တိုင်သတ်မယ်ဟေ့"

"တယ်လည်းဒေါသကြီးတဲ့ လူခြောက်မယားပါလား၊ ဟား ဟား ဟား ဟား၊ကဲ စွပ်လိုက်စမ်း၊ နင့်လင်ဘယ်လောက်ချောလည်း ငါ ကြည့်စမ်းမယ်၊ ဟား
ဟား ဟား ဟား"

ကျုပ်က ခေါင်းငုံ့ပေးလိုက်တော့ မမယ်ဆင့်က ကျုပ်ကို ခြေမန်းကွင်းစွပ်ချလိုက်တယ်၊ သာဗိန္ဒကြီးက ကျုပ်ကို လှည့်ကြည့်နေတာဗျ။

"ဟော…မြင်ရပြီဟေ့၊ မြင်ရပြီဟ၊ သာဗိန္ဒရဲ့ ခြေမန်းကွင်း ဘယ်လောက်စွမ်းတယ်ဆိုတာ သိပြီမို့လား၊ ဟား ဟား ဟား ဟား၊ရွှေတွေမလိုချင်အောင် ရတော့မယ်ဟေ့၊ရတော့မယ်ကွ၊ ဟား ဟား ဟား ဟားလူခြောက်လေးက ခပ်ငယ်ငယ်ပဲရှိသေးတာကိုး၊ ကဲ ဟေ့ကောင် လူခြောက်၊ ငါ့ကိုဒီအနီးအနားမှာရှိတဲ့ ပိုင်ရှင်မဲ့သိုက်တစ်ခုပြပေတော့၊ မင်းက ပိုင်ရှင်မဲ့သိုက်တွေကိုသိနိုင်စွမ်းရှိတဲ့ကောင်၊ ရွှေတွေကို ယူချင်သလောက် ယူပြီး သုံးစားနေတဲ့ကောင်ဆို၊ကဲ အခု မင်းကိုငါပိုင်ပြီကွ၊ တစ်သက်လုံးမင်း ငါ့ကျွန်လုပ်ရမယ်၊ မင်း ငါ့ကို ပိုင်ရှင်မဲ့သိုက်တွေ ရှာပေးပေတော့၊ ငါခိုင်းတာကို အခု ချက်ချင်းမလုပ်ရင် ဟောဟိုကလူခြောက်မယားကို ကိုယ်ထဲပြန်ဝင်လို့မရအောင် ငါလုပ်လိုက်မယ်"

ကျုပ်က သူ့စကားကို နားထောင်နေတဲ့ပုံနဲ့ခေါင်းညိတ်ပြလိုက်တယ်။သာဗိန္ဒကတော့ကျုပ်ကို လူခြောက် ကိုဒီပလို့ပဲ ထင်နေတာဗျ။ ကျုပ်က လက်ဟန်ခြေဟန်နဲ့သာဗိန္ဒကိုခေါ်ပြီး ရှေ့က ထွက်ခဲ့တယ်။သာဗိန္ဒက ကျုပ်နောက်ကလိုက်လာတယ်။

"သိုက်ဆရာကြီးသာဗိန္ဒ၊ ဟောဒီနေရာမှာရွှေအချိန်သုံးဆယ်လောက် မြှုပ်ထားတဲ့ပိုင်ရှင်မဲ့သိုက်ရှိတယ်၊ ဒါပေမဲ့ အဲဒီရွှေတွေကို တွေ့သွားတဲ့ သရဲမတစ်ယောက်ကမောင်ပိုင်စီးထားတယ်ဗျ။ ကျုပ်က အဲဒီသရဲမကို ကြောက်လို့ ဒီသိုက်ကို မဝင်ရဲဘူးဗျ၊ ခင်ဗျားကတော့ ကျုပ်လို ကြောက်မယ်မထင်ဘူး"

"ဟား ဟား ဟား ဟား၊ လူခြောက်ကောင်၊မင်းပြောတာ အမှန်ပဲဆိုရင် အဲဒီသရဲမကိုအခု ခေါ်ထုတ်ပြီး ငါ ရိုက်ထုတ်ပစ်လိုက်မယ်၊ မင်းမှတ်ထား လူခြောက်ကောင်၊ ငါ့နာမည်သိုက်ဆရာ သာဗိန္ဒတဲ့"

သာဗိန္ဒက ကျုပ်ကို လူခြောက်ကိုဒီပလို့ပဲထင်နေတာဗျ။

"ကျုပ် အမှန်ပြောတာ ဆရာကြီးရဲ့၊ဆရာကြီးသာ အဲဒီသရဲမကို နှိမ်နင်းပေးပါ၊ကျုပ် သိုက်ထဲကိုဝင်ပြီး ရွှေတွေယူပေးပါ့မယ်၊ရွှေတွေရတဲ့အခါ ကျုပ်မိန်းမ
ကိုသာ လွှတ်ပေးပါ ဆရာကြီးရယ်"

"အေး မင်းမိန်းမကို ငါလွှတ်ပေးမယ်ဒါပေမဲ့ မင်းကတော့ ငါ့ကို ရွှေတွေထပ်ရှာပေးရဦးမယ်၊ ဒါလောက်နဲ့ငါက ကျေနပ်မယ့်ကောင်မဟုတ်ဘူး၊ကြားလား လူခြောက်"

"ဟုတ်ကဲ့ ကြားပါတယ် ဆရာကြီး၊ဆရာကြီးအတွက် ကျုပ်ရွှေသိုက်တွေထပ်ပြပေးပါ့မယ်ဗျာ"

"ကောင်းပြီ၊ ဒါဆိုရင် မင်းဘေးကိုနည်းနည်းဖယ်နေ၊ မင်းပြောတဲ့ သရဲမကို ငါခေါ်လိုက်စမ်းမယ်"

ကျုပ်က ဘေးကို ဖယ်ပေးလိုက်တယ်ဗျ။သိုက်ဆရာသာဗိန္ဒက ပါးစပ်ကနေ ဂါထာလိုလို မန္တန်လိုလိုတွေ ရွတ်ဖတ်နေတယ်ဗျ၊ ပြီးတာနဲ့ …

အပိုင်း(၈)ဆက်ရန်..

မူရင်းရေးသားသူအား လေးစားစွာcreditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)