မရဏဆုံမှတ် အပိုင်း(၃)
"ဟုတ်ပါ့ဗျာ၊ လူကလည်း လူရိုးကြီးဗျ။ ရိုးလွန်းတော့
အဆိုသလိုပေါ့ဗျာ။ ဘာမှကို မသိဘူးဗျ။ ဒီတုန်းက
ကျုပ်တို့ရွာမှာ အိမ်သာတွေ ဘာတွေ ထားကြတာမှ
မဟုတ်တာ။ ရွာပြင်ထွက်ပြီး
ခြုံပုတ်တွေထဲပဲ ရှင်းလိုက်ကြတာ မဟုတ်လား။
ဒီစုန်းမက ဟန်ကို ကျနေတာပေါ့ဗျာ၊ ညညဆို မီးလုံးကြီး
သူတို့အိမ်က ပျံထွက်လာပြီး အဲဒီခြုံပုတ်တွေထဲမှာ
ဝင်သွားလိုက်၊ ပျံထွက်လာလိုက် လုပ်နေတာ
ရွာသားတွေက တွေ့ကြရောဗျို့။
ဒီတော့ ကိုပန်းမောင်ကို လူကြီးတွေက
တိုးတိုးတိတ်တ်ိတ် ခေါ်ကြတာပေါ့။
အဲဒီကိုပန်းမောင်ဆိုတဲ့ လူရိုးကြီးက
ဒါကိုသိတော့ ငိုလိုက်တာတဲ့ဗျာ"
"သြော် သြော် ဒီတော့မှ သူသိတာကိုးဗျ။
သားသမီးတွေ ဘာတွေ ရနေပြီလားဗျ"
"ဟာ မရဘူးဗျ။ သားသမီးတော့ ကိုပန်းမောင်တို့မှာ
မရှိဘူး "
"ဒါနဲ့ ရွာထဲက လူတွေ အကြံပေးတဲ့အတိုင်း
ကိုပန်းမောင်က စောင့်ဖမ်းတာပေါ့ဗျာ။
သူအိပ်ချင်ယောင်နေတာတဲ့ဗျ။ သန်းခေါင်လောက်
ရောက်တော့ ဒီမိန်းမက ကိုပန်းမောင် အိပ်မအိပ်ကို
သေသေချာချာ အကဲခတ်တယ်ဆိုပဲ။
ပြီးတော့မှ သူ့လင် အိပ်မောကျနေပြီထင်ပြီး
သူ့လည်ပင်းကို သူ့လက်နဲ့ ရစ်လိုက်တာ
ခေါင်းကြီးပြတ်ထွက်သွားပြီး မီးလုံးကြီးလို
အရောင်တွေ တောက်လာတယ်ဆိုပဲ။
အဲဒီမီးလုံးကြီးက အိမ်ထဲမှာ
ပတ်ပျံနေသေးတာတဲ့ဗျို့။
ကိုပန်းမောင် တကယ်အိပ်လား၊ မအိပ်လား
ဆိုတာ စစ်နေတာတဲ့။ ဟိုလူကလည်း
ငြိမ်ပြီး အိပ်ချင်ယောင်ဆောင်နေတော့
စိတ်ချပြီး စုန်းမက အိမ်ထဲက ထွက်သွားရောတဲ့ဗျို့"
"သူ့မိန်းမစုန်းဆိုတာ သူကိုယ်တိုင် သိသွားတာပေါ့
ဘိုးပေါ်လာရာ"
လှည်းသမား ကိုမောင်က ဝင်ပြောတယ်ဗျ။
"အေးပေါ့၊ ဒီမှာတင် ရွာထဲက လူတွေ
မှာထားတဲ့အတိုင်း ခေါင်းလျှော်ဖို့ လုပ်ထားတဲ့
တရော်ရည်နဲ့ ခေါင်းပြတ် လည်ငုတ်ကြီးကို
ခပ်ရွှဲရွှဲပွတ်ထားလိုက်သတဲ့ကွ၊ တစ်နာရီ
နှစ်နာရီလောက်ကြာတော့ မီးလုံးကြီး
ပျံလာပြီး အိမ်ထဲကို ဝင်လာတယ်။
သူ့ခေါင်းကို လည်ပင်းမှာ ပြန်တပ်တော့
ကိုပန်းမောင် သုတ်ထားတဲ့ တရော်တွေနဲ့
ချော်နေတော့တာပေါ့ကွာ။ တပ်လို့ကို
မရဘဲ ချော်ထွက်နေတော့မှ ကိုပန်းမောင်က
အိပ်ရာကထပြီး လက်ပူးလက်ကြပ်
ဖမ်းတော့တာပေါ့"
"အင်း ဒီတော့ သူ့မယားက သူ့ကို
ဘာပြောတုံးဗျ၊ ကိုပေါ်လာရဲ့ "
"ငိုယိုပြီး သူ့ကို ခွင့်လွှတ်ဖို့ ပြောသတဲ့ ၊
ကိုပန်းမောင်က ဒီအတိုင်းတော့ ဘယ်လိုမှ
မဖြစ်တဲ့ အကြောင်းနဲ့ ဒီပညာကို စွန့်ချင်ရင်စွန့်၊
ဒါမှမဟုတ် သူနဲ့ ကွဲချင်ကွဲဖို့ပြောတော့ ဒီပညာကို
စွန့်ပါမယ်လို့ ပြောသတဲ့ ။ ဒါနဲ့ ကိုပန်းမောင်က
တရော်တွေကို ရေနဲ့ ဆေးပေးလိုက်တော့မှ
သူ့ခေါင်းက ပြန်တပ်လို့ ရသွားတယ်ဆိုပဲ"
"ဒါနဲ့ ချေးစားစုန်းမက သူပညာတွေကို
စွန့်လိုက်ရောလား"
"ဟား ဟား ဟား ဟား ဘယ်စွန့်မှာတုံးဗျာ၊
ဟိုနေ့ စွန့်မယ်၊ ဒီနေ့ စွန့်မယ်နဲ့ လုပ်နေပြီး
တစ်ရက်တော့ ကိုပန်းမောင်အလစ်မှာ
ရွာကနေ အပြီးထွက်သွားရောဗျို့။
ကိုပန်းမောင်လည်း စိတ်မကောင်းဖြစ်တာပေါ့ဗျာ။
ဒါပေမဲ့ သူ့လမ်းကို သူရွေးတာပဲဆိုပြီး
နေလိုက်တော့တာပေါ့ "
အင်း လူ့လောကကြီးကလည်း တယ်ပြီး
ရှုပ်ထွေးတာကိုး ကိုပေါ်လာရယ်"
"ဟုတ်ပါ ကိုကျင်ရယ်၊ အင်း ပြောလက်စနဲ့
ပြောရဦးမယ်ဗျ။ ဒီကလေးတွေလည်း ဗဟုသုတ
ရတာပေါ့လေ"
"ဟာ ပြောပါ ဘိုးပေါ်လာရဲ့၊ ကျုပ်ကလည်း
ဒါမျိုးမှာ နားထောင်ရရင် အားကြီးစိတ်ဝင်စားတာဗျ"
လှည်းသမား ကိုမောင်ကလည်း တော်တော်ကို
စိတ်ဝင်စားတာဗျ။
"အေး အေး ဒီလိုကွ။ ငါ ငယ်ငယ်က
ချင်းတွင်းဘက်မှာ နေခဲ့တာ၊ သစ်လုပ်ငန်းမှာ
လုပ်ခဲ့တာကွ၊ အဲဒီဘက်တွေမှာ တောတွေကလည်း
အားကြီးနက်တော့ သားရဲတရစ္ဆာန် လွှတ်ပေါတာဟေ့။
ကျားတွေလည်း ရှိသကွ၊ အဲဒီအထဲမှာ
လူကျားတွေလည်း ရှိတယ် "
"ဗျာ လူလည်းဟုတ်လား၊ ဘိုးပေါ်လာ"
လှည်းသမားက တအံ့တသြ မေးတယ်ဗျ။
ဦးပေါ်လာဆိုတဲ့ အဘိုးကြီးက ခေါင်းလေးညိတ်ပြီး …
"လူကျားဆိုတာ သမန်းကျားကို ပြောတာပေါ့ကွာ
လူကနေ ကျားဘဝကို ပြောင်းသွားတာလေ"
"ဟင် အဲဒါ တကယ်ရှိလို့လား ဘိုးရဲ့ "
ဘထစ်ဆိုတဲ့ကောင်က အဘိုးကြီး ဦးပေါ်လာကို
အ,ထစ် အ,ထစ်နဲ့ မေးတယ်ဗျ၊ ကျုပ်ကတော့
ငြိမ်ပြီးတော့ပဲ နားထောင်နေတာပါ။
"ဟာ တကယ်ရှိတာ ကလေးရဲ့၊ ငါ့ကိုယ်တွေ့ပါကွာ၊
မယုံမရှိပါနဲ့ "
"အို ကျုပ်က ပုံပြင်တွေလို့ ထင်နေခဲ့တာ"
"ဘယ်ပုံပြင်ဟုတ်မလဲကွာ၊ တကယ်ရှိတာပါ၊
ရုပ်ပြောင်းရုပ်လွဲ ဆေးထိုးရတာကွ၊ ထိုးတိုင်း
စွမ်းတာတော့ မဟုတ်ဘူးကွ၊ လူတစ်ရာထိုးမှ
တကယ်ရှိလား။ အဲဒါကို သမန်းဆေးလို့ခေါ်တယ်၊
ရှေးဟောင်းမှော်ဆေးတစ်မျိုးပါကွာ"
"ဘိုးတွေ့ခဲ့ပုံကို ပြောပါဦးဗျ"
ဘထစ်က တော်တော်ကို သိချင်နေတဲ့ပုံပြပြီး
အတင်းမေးတော့တာပဲ။
"ချင်းတွင်းက ရွာလေးတစ်ရွာမှာ စံမောင်ဆိုတဲ့ကောင်
တစ်ယောက် ရှိတယ်ကွ၊ ဒီကောင်က သမန်းဆေးထိုးတာ
စွမ်းတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ စံမောင်
ကျားဖြစ်သွားတာကို တွေ့ဖူးတဲ့ လူကတော့
တစ်ယောက်မှ မရှိပါဘူးကွာ၊ ငါလည်း
မတွေ့ဖူးပါဘူး ၊ အေး တစ်နေ့တော့ ဒီကောင်က
သစ်လုပ်ငန်းထဲ ဝင်လာတယ်။ တိုက်တိုက်ဆိုက်ဆိုက်ပဲ
ငါ့အဖွဲ့မှာ ပါလာတယ်၊ ကျွန်းပင်ကြီးတွေ
သင်းသတ်ရတဲ့အခါဆိုရင် တောကြီးထဲမှာ
လနဲ့ချီပြီး အလုပ်လုပ်ကြရတာကွ၊
တစ်ခါတော့ အစားအသောက်ကလည်း
ပြတ်လပ်လာတဲ့အချိန် စံမောင်က
ငါ့အနားကပ်လာပြီး ပြောတယ် "
"ဆရာရေ အဖွဲ့မှာ အစားအသောက်က
ပြတ်နေပြီ၊ ကျုပ် အမဲလေး ဘာလေး
ထွက်ရှာဦးမယ် "
"ဟေ၊ မင်းက အမဲပစ်တတ်လို့လားကွ"
အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment