စုန်းမ ၊ အပိုင်း(၂)



ကျုပ်က အမေ့ကို စတယ်။ အမေက ကျုပ်ကို
မျက်စောင်းထိုးပြီး …

"အောင်မယ်တော် ကျုပ်က ဘာကြောက်စရာရှိလို့တုံး။
ကျုပ်နဲ့ မယ်ခက စကားတောင် ကောင်းကောင်းပြောဖူးတာ
မဟုတ်ဘူး"

"ကဲ ထားပါတော့ဗျာ ။ အဲဒီဆရာနဲ့ အရီးမယ်ခနဲ့
ဘာတွေ ဖြစ်ကြတုံးဗျ"

"သူတို့ ပြန်ပြောတာကတော့ မယ်ခက ထွက်မလာဘူးတဲ့၊
အဲဒီဆရာကလည်း ဝိုင်းအဝမှာထိုင်ပြီး စိပ်ပုတီးကြီး
ထုပ်စိပ်နေရောတဲ့ ။လူတွေကလည်း စောင့်ကြည့်နေကြတာ။
သူတို့ပြောတာတွေ မယ်ခကလည်း အိမ်ထဲမှာ သူ့ပညာကို
နှိုးနေတာတဲ့ဟဲ့၊ ညမိုးချုပ်တော့မှ မယ်ခက ဝိုင်းထဲ
ထွက်လာတယ်တဲ့၊ သူ့ကို စောင့်နေတဲ့ ဆရာနဲ့
မျက်နှာချင်းဆိုင် တွေ့တော့တာပဲတဲ့"

"ဟဲ့ စုန်းမ နင့်ပညာတွေ ငါ့ကို အကုန်လှူမလား။
မလှူဘူးလား တစ်ခွန်းပဲပြော"

"ဟဲ့ ဆရာကောင်၊ ငါတို့ပညာသည်တွေမှာ
စည်းကမ်းရှိတယ်။ နင့်ကို နစ်နာအောင် ငါဘာမှ
မလုပ်ဘူး။ တခြားသူတွေကိုလည်း ငါ ဘာမှမလုပ်ခဲ့ဘူး။
အေး ငါ့လာပြီး ရန်ရှာရင်တော့ သွေးပွက်ပွက်အန်သွားမယ်
မှတ်ပေတော့"

"ဟား ဟား ဟား နင်အဆင့်က ဘယ်လောက်များ
မြင့်နေလို့တုံး၊ အေး နင် မှတ်ထား၊ မိုးပေါ်မှာ သိကြား၊
မြေပြင်မှာ ငထွားတဲ့ ၊ ငါ့နာမည် ဆရာထွားတဲ့ဟေ့။
နင်တို့လို စုန်းမတွေကို လိုက်ရှာပြီး သတ်ပစ်နေတာဟဲ့
သိရဲ့လား။ နင်တို့လို စုန်းမ တစ်ယောက်သတ်ပြီးတိုင်း
ငါ ပညာတစ်ဆင့်တိုးသဟဲ့ စုန်းမရဲ့။ငထွားရဲ့
ပညာတွေ နင် မြည်းစမ်းကြည့်ပေတော့ ။
ကဲ ပြောနေကြာတယ် ။ ရော့ဟေ့ ဒီမှာ
ကဝေအစွယ်ချိုးအင်းတဲ့"

ပြောပြောဆိုဆိုနဲ့ အဲဒီဆရာက မယ်ခကို
အင်းတစ်ချပ်နဲ့ လှမ်းပေါက်လိုက်သတဲ့"

"ဟာ အရီးမယ်ခ ဘာဖြစ်သွားတုံး"

"မယ်ခက သူ့လက်ဝါးနှစ်ဖက်ကို လိမ်ပြီး လှည့်လာ
လက်ဝါးထဲနေ အလင်းရောင်တွေ ဝင်းဝင်း ဝင်းဝင်းနဲ့
ထွက်သွားပြီး ဆရာပစ်တဲ့ အင်းနဲ့ သွားထိတာ ဝုန်းဆိုပြီး
မီးတောက်ကြီး ထသွားတယ်တဲ့ "

"ဟာ ကြောက်စရာကြီးပါလားဗျ"

"အေးလေ ညကလည်း မိုးချုပ်နေပြီဆိုတော့
မီးရောင်တွေ ဝင်းခနဲ ဝင်းခနဲ ဖြစ်နေတာတဲ့ဟဲ့"

"အင်း ပြောပါဦး အမေရဲ့ "

"ဆရာက နောက်တစ်ခါ အင်းတစ်ချပ်နဲ့ ထပစ်၊
မယ်ခကလည်း သူ့လက်ဝါးကထွက်တဲ့ မီးတောက်နဲ့ပစ်တဲ့။
ဟိုဆရာရဲ့ အင်းတွေက မယ်ခဆီကို တစ်ခုမှ မရောက်ဘဲ
လမ်းမှာတင် မီးထထတောက်သွားတာတဲ့ဟေ့။
ဟိုဆရာလည်း သူပညာ အကုန်သုံးပေမယ့်
မယ်ခက ဖြုံတောင် မဖြုံတော့ လန့်လာပြီး
နောက်လှည့်ပြေးရောတဲ့ဟေ့"

"ဟာ ပြေးတယ် ဟုတ်လား"

"ဟဲ့ မပြေးလို့ ဘယ်လိုလုပ်မတုံး၊
သူ့ပညာကုန်ပြီပဲ ၊ ပြေးရတော့မှာပေါ့"

"အရီးမယ်ခကလည်း လွှတ်ပေးလိုက်ရောလား"

"လွှတ်မလား တာတေရဲ့၊ စုန်းမပါဆိုနေမှ
နင် ဒီလိုပြေးတိုင်း လွတ်မလားဟဲ့ဆိုပြီး သူ့ပါးစပ်ကို
အကျယ်ကြီးဟပြီး စိမ်းပြာပြာ မီးလုံးကြီး ထုတ်လိုက်ရောတဲ့။
အဲဒီမီးလုံးကြီးက မယ်ခပါးစပ်ထဲက ထွက်လာပြီး
ထွက်ပြေးတဲ့ ဆရာနောက်ကို လိုက်ရောတဲ့ဟေ့့။
ရွာသားတွေကလည်း နောက်ကပြေးလိုက်ပြီး
ကြည့်ကြတာ။ ရွာပြင်က အဘစိန်တို့ နှမ်းခင်း
အစပ်ရောက်တော့ ပြေးနေတဲ့ သျှောင်ထုံးနဲ့
ဆရာကြီးကို မီသွားတယ်ဆိုပဲ။ အဲဒီစိမ်းပြာပြာ
မီးလုံးကြီးက အဲဒီဆရာကိုယ်ထဲကို ဝင်သွားရောတဲ့။
အဲဒီမှာတင် ဆရာလုပ်တဲ့သူလည်း နှမ်းခင်းအစပ်မှာ
ဒူးထောက်ကျသွားပြီး သွေးတွေ တဝေါဝေါ
အန်တော့တာတဲ့။ မျက်ဖြူကြီး လန်သွားတယ် ဆိုပဲ"

"ဟင် မျက်ဖြူကြီး လန်သွားတော့ ဘာဖြစ်တုံးဗျ"

"ဟဲ့ တာတေ ၊ မျက်ဖြူလန်တယ်ဆိုတာ သေတာပေါ့ဟဲ့"

"သြော် အသေကို သတ်ကြတာပါလား"

"အေး အဲဒါကြောင့် ပြောတာ၊ နင်မယ်ခအိမ်ကို
ကျပ်ကျပ်သာသွား၊ ရွာထဲက လူတွေက နင့်ကိုပါ
စုန်းထီးလို့ ထင်ကြလိမ့်မယ်"

"ဘာ ကျုပ် စုန်းထီး ဟုတ်လား"

"အေးလေ၊ မယ်ခက စုန်းမဆိုရင် နင်က စုန်းထီးပေါ့ဟဲ့"

"ဟား ဟား ဟား ဟား အမေကလည်းဗျာ။
တော်တော်ကို ပေါက်ပေါက်ရှာရှာ ပြောတာပဲ"

ကျုပ်ကတော့ ဘယ်သူဘာပြောပြောပါဗျာ။
အရီးမယ်ခကို ခင်နေတော့ သွားလာဝင်ထွက်နေတာပါပဲ။
အရီးမယ်ခကလည်း ပြောတယ်ဗျ။

"တာတေ နင် ငါ့ဆီ လာလာလည်တယ်၊ ပြီးတော့
ငါ့အိမ်မှာ လိုတာပြုတာတွေ့ရင် ငါ မပြောရဘူး။
နင့်စေတနာနဲ့ နင် လုပ်ကိုင်ပေးသွားတယ်။ပြီးတော့
ငါ ဘာပဲကျွေးကျွေး နင်စားတာပဲ၊ နင် ငါ့ကို
မကြောက်ဘူးလား"

လို့ တစ်ခါ တစ်ခါ ကျုပ်ကို မေးတယ်။

"ဟာ အရီးကလည်း ကျုပ်က အရီးကို ခင်တာပါဗျ။
အရီးက ကျုပ်ကို ဘာမှမလုပ်ဘူးဆိုတာ ကျုပ်က
ယုံပြီးသားပါဗျာ။ ပြီးတော့ လူတွေကို ပြုစားတာတို့
ဘာတို့ ဆိုတာ ကျုပ်က တယ်ပြီး မယုံပါဘူးဗျာ"

"ဟဲ့ တာတေ ၊ နင်က မကြုံဘူးသေးလို့
မယုံတာပါ ။ ကဲ ကဲ နင်ကို ငါလုပ်ပြမယ်"

လို့ အရီးမယ်ခက ပြောပြီး ကျောက်စရစ်ခဲလေးတွေ
ကျုပ်ကို ကောက်ခိုင်းတယ်။ ကျုပ်က အရီးမယ်ခရဲ့
ဝိုင်းထဲ ဆင်းပြီး ကျောက်စရစ်ကလေး ငါးခဲလောက်
ပေးလိုက်တယ် ။

အရီးမယ်ခက ကျောက်စရစ်လေး ငါးခဲကို
သူ့လက်ဝါးထဲမှာ ဆုပ်ထားတယ်။ ပြီးတော့
ဝါးနက်ဝါးလုံးပိုင်းတစ်ခုဗျာ၊ နှစ်တောင်လောက်
ရှိမယ်။ အဲဒါကို ထောင်ပြီး ကျုပ်လက်နဲ့
ကိုင်ခိုင်းထားတယ်။ ပြီးတော့ ကျောက်ခဲတွေကို
လက်ထဲမှာ ဂျောက်ဂျောက် ဂျောက် ဂျောက် နဲ့လုပ်ပြီး
ပါးစပ်က ပွစိ ပွစိနဲ့ ရွတ်နေတယ်ဗျ။

ခဏနေတော့ သူ့လက်ဝါးနှစ်ဖက်ကို ဖြန့်ပြတယ်။
ကျောက်စရစ်လေးတွေ မရှိတော့ဘူး။

"ဟာ ကျောက်ခဲတွေရောဗျ"

"အဲဒါ အပင်းသွင်းတာလေဟယ် ၊ နင့်လက်ထဲက
ဝါးလုံးရဲ့ အလယ်က အဆစ်ထဲကို ရောက်သွားပြီလေ"

"ဟာ ဟုတ်လား"

အပိုင်း(၃)ဆက်ရန်..

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။


Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)