စုန်းမ ၊အပိုင်း(၆)
"ဆရာကြီး ဒီည ရှစ်နာရီ ရွာနောက်က ညောင်ပင်ကြီး
အောက်ကို ဆက်ဆက်လာခဲ့ပါလို့ မပန်းရုံက မှာလိုက်တယ်"
လို့ ပြောရမယ် ။ ဒီကောင် နှစ်ကောင်ကို ကျုပ်ယုံတယ်။
အရီးခဆီကို ကျုပ်ပြန်သွားတယ်။ အစီအစဉ်ကို ပြောလိုက်တယ်။
ညရှစ်နာရီမထိုးခင် ကျုပ်ရော အရီးခရော ရွာနောက်ဘက်က
ညောင်ပင်ကြီးအောက်ကို ရောက်နေပြီဗျ။ ကျုပ်က
မလှမ်းမကမ်းက ခြုံပုတ်ထဲမှာ ပုန်းနေတယ်။
လက်ထဲမှာ ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်။
အရီးမယ်ခကလည်း ခပ်လှမ်းလှမ်းက ထနောင်းပင်နားမှာ
အသာရပ်နေတယ်။ ဒီနေရာကနေဆိုရင် သင်္ချိုင်းနဲ့
နီးနေပြီဗျ။ အရီးမယ်ခက ဒီအောက်လမ်းကို
သူ့ဟာသူ ခေါ်သွားလိမ့်မယ် ။ ရှစ်နာရီ ထိုးပြီ။
ဟော အောက်လမ်းတောင် လာပြီဗျို့။
မနဲ့ထောင်ရင် ဘယ်သူ ခံနိုင်မှာလဲဗျာ။
ကျုပ် သေသေချာချာ ကြည့်တယ်။
ဒီလူ တစ်ယောက်တည်း လာတာဗျ။
ညောင်ပင်ကြီးအောက်ကို ရောက်တော့
အောက်လမ်းကောင်က ဟိုရှာ ဒီရှာ လုပ်နေတယ်ဗျ။
"ဟား ဟား ဟား ဟား "
အရီးမယ်ခက တဟားဟားနဲ့ အော်ရယ်လိုက်တော့
ဒီလူကြောင်သွားတယ် ။ ခဏနေမှ
သဘောပေါက်သွားပုံ ရတယ်ဗျ။
"သြော် လက်စသတ်တော့ နင်တို့က ငါ့ကို
ထောက်ချောက်ဆင်တာကိုး။ ဟဲ့ စုန်းမ
နင့်ပညာက ဘယ်လောက်ထက်လို့တုံး"
အရီးမယ်ခက ထနောင်းပင်ရိပ်ကလေးကနေ
အပြင်ကို ထွက်လာတယ်။
"ဟဲ့ အကောင် ၊ အောက်လမ်းအယုတ်တမာ၊
နင်လိုကောင်မျိုးကို သတ်ဖို့ ငါ ဒီပညာကို
သင်ထားတာဟေ့ ၊ ကဲ စမ်းလိုက်စမ်း"
အရီးမယ်ခက အဲဒီလို ပြောလိုက်တော့ အောက်လမ်းက
သူ့လက်နှစ်ဖက်ကို ရှေ့ဘက်ကို ဆန့်ထုတ်ပြီး ပါးစပ်က
ရွတ်ဖတ်နေတယ်ဗျ။ ကျုပ်ကတော့ ဒီလူကို
ကျုပ်လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
ငှက်ကြီးတောင်ဓါးနဲ့သာ ပြေးပြီး ပိုင်းလိုက်ချင်နေတာဗျို့။
ဟော အောက်လမ်းရဲ့ လက်ထဲမှာ အရောင်တွေ
တဝင်းဝင်း လက်လာတယ်ဗျ။
ဟော သူ့လက်ဖဝါးနှစ်ခုကြားမှာ အလင်းလုံးကလေး
ဖြစ်လာပြီဗျ။ ဟော ပစ်တော့မယ်။ ပစ်ပြီ ။ အရီးမယ်ခကို
အဲဒီအလင်းစက်နဲ့ ပစ်လိုက်တာဗျို့။
ဟာ အရီးမယ်ခကလည်း ဝင်းခနဲ နေအောင်
ပြန်ပစ်လိုက်တာဗျို့။ အလင်းရောင်နှစ်ခုက
လမ်းမှာတင် တွေ့ပြီး …
"ဝုန်း…ဝုန်း…"
လို့ မြည်သွားတယ်။ ဟော အောက်လမ်းက နောက်ကို
ရွေ့သွားတယ်ဗျ။ ခြေတစ်လှမ်း နှစ်လှမ်း။
"ဟား ဟား ဟား ဟား "
အရီးမယ်ခက အော်ရယ်ပြီး နောက်ကို ဆုတ်သွားတယ်
အောက်လမ်းက ဒေါသတွေထွက်ပြီး အရီးမယ်ခနောက်ကို
လိုက်တော့တာပဲဗျို့။
"ဟဲ့ စုန်းမ နင် ဘယ်ကို ပြေးမလို့တုံး၊ နင် ငါ့လက်က
လွတ်မယ်ထင်သလား"
လို့ ပြောပြီး ပြေးလိုက်တယ်ဗျ။ တကယ်က အရီးမယ်ခက
သူ့ကို သင်္ချိုင်းထဲရောက်အောင် ခေါ်သွားတာဗျ။
ဟော သင်္ချိုင်းမရောက်ခင် တစ်ယောက်နဲ့တစ်ယောက်
တစ်ချီတွယ်ကြသေးတယ်ဗျ။
ဒီတစ်ခါတော့ နှစ်ယောက်လုံး တောင့်ခံထားတာဗျ။
ဘယ်သူမှ နောက်ကို မရွေ့ဘူး။
ဟော ရောက်သွားပြီ။ သင်္ချိုင်းထဲကို ရောက်သွားပြီ။
ကျုပ်လည်း ခြုံတွေကွယ်ပြီး လိုက်ချသွားတာ
သင်္ချိုင်းထဲ ရောက်နေပြီဗျို့။ဒီတုန်းမှာပဲ လူသံကြားလို့
ကျုပ် လှည့်ကြည့်လိုက်တော့ ရွာသားလေးငါးယောက်
ရောက်လာတယ်။ ဝက်သိုးတို့ ပြောလိုက်တာနေမှာ။
ဟော တွယ်ကြပြန်ပြီဗျို့။ အရီးမယ်ခက
သူ့လက်ထဲက ထွက်လာတဲ့ မီးတောက်တွေနဲ့
အောက်လမ်းဆီကို လွှတ်တယ်။
အောက်လမ်းကလည်း သူ့လက်က ထွက်တဲ့
အလင်းရောင်နဲ့ ကာထားတယ်ဗျ။
ဟော အောက်လမ်းက မီးတန်းကြီးတစ်ခု လွှတ်လိုက်ပြန်ပြီဗျို့။
အရီးမယ်ခက သူ့အလင်းစက်တွေနဲ့ ကာထားလိုက်တယ်။
လိုက်လာတဲ့ ရွာသားတွေလည်း သင်္ချိုင်းထဲကို ရောက်လာပြီဗျ။
ရွာကိုအောက်လမ်းဆရာ ခေါ်လာတဲ့ သောင်းတင်လည်း
ပါလာတယ်
အရီးမယ်ခက စိမ်းပြာရောင် မီးတောက်တွေ
သူ့လက်ချောင်းတွေက ထွက်လာပြီး မီးတန်းကြီးတစ်ခုတည်း
ဖြစ်အောင် စုလိုက်တယ်။ ပြီးတော့ တလက်လက်တောက်နေတဲ့
အဲဒီမီးတောက်ကို အောက်လမ်းကောင်ဆီကို
အရီးမယ်ခက လွှတ်လိုက်တယ်ဗျ။
ဟော လာပြီ ။ အောက်လမ်းက ကာလိုက်တယ်
ဒါပေမဲ့ အရီးမယ်ခ လွှတ်တဲ့ မီးတန်းကြီးက တော်တော်ကို
ပြင်းတယ်ဗျ။
"ဖျန်း ဖျန်း ဖျန်း"
ဆို မြည်သွားပြီး အောက်လမ်းကောင် ကာထားတဲ့
စက်တွေ ပြတ်ထွက်သွားတယ်။ အောက်လမ်းက နောက်ကို
တစ်လံလောက် လွင့်ထွက်သွားတယ်။ ပြီးတော့ နောက်ကို
လန်ထွက်သွားတယ်။ ဟော ဖင်ထိုင်ရက်ကို လဲကျသွားတာဗျို့။
အရီးမယ်ခကိုယ်တိုင်လည်း နောက်ကို နည်းနည်းယိုင်သွားတယ်ဗျ။
ဧကန္တတော့ အရီးနဲ့ ဒီကောင်ကြီးနဲ့ ပညာအဆင့်ချင်း
တူနေပြီထင်တယ်ဗျ။
ဟော ပြန်ထလာပြီဗျို့။ ဟာ ဒီတစ်ချီကတော့
တကယ့်ပွဲကြီးပွဲကောင်းပဲထင်တယ်။ အရီးမယ်ခကလည်း
ပါးစပ်ကြီးဟပြီး စိမ်းပြာရောင် မီးတောက်တွေ ထုတ်နေတယ်။
အောက်လမ်းကောင်ကလည်း သူ့ပါးစပ်ကြီးကိုဟပြီး
လိမ္မော်ရောင် မီးတန်းကြီးကို ထုတ်နေတယ်ဗျ။
ဟော မှုတ်ပြီ၊ မီးတန်းတွေ မှုတ်ထုတ်လိုက်ကြပြီဗျို့။
မီးတန်းနှစ်ခု ပြေးပြီးတိုက်ပြီ။
"ဝုန်း"
ဟာ မီးတန်းနှစ်ခုက လိမ်ပြီး ဆက်ထွက်သွားပြီဗျို့။
ဟာ ထိပြီဗျို့။ ထိပြီ။ နှစ်ယောက်စလုံးကို ထိတာဗျို့။
နှစ်ယောက်စလုံး ဖင်ထိုင်ရက် လဲသွားကြပြီဗျို့။
"ဟာ အရီး"
ကျုပ်က အရီးမယ်ခဆီကို ပြေးမယ်အလုပ်မှာ…
"တာတေ မလာနဲ့ "
လို့ အရီးမယ်ခက အော်လိုက်တယ်။
ကျုပ်လည်း အောက်လမ်းကောင်ကို ဓါးနဲ့ပိုင်းဖို့
ဓါးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်တယ်
အပိုင်း(၇)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment