ဝါးအမြုတေ အပိုင်း(၄)
“ဟင် အမြုတေ မရှိတော့ပါလား” အမြုတေမှာ ခါးပုံစ ကျစ်ကျစ်ကြားတွင် မရှိတော့။ ထို့နောက် သက်စိုးသည် အသံနောက် ပြန်လိုက်ပြန်သည်။ သူအမြုတေ တွေ့ခဲ့ရာ ဝါးရုံပင်သုံးပင်သို့ ပြန်ရောက်ပြန်သည်။ ဝါးလုံးမဲတစ်ခုကို ရှာပြီးခုတ်သည်။ ဖွင့်ကြည့်သည်။ အမြုတေကို သူပြန်တွေ့သည်။ ဒီတစ်ခါတော့ ပိုသေချာအောင် ပါးစပ်ထဲ ငုံလိုက်သည်။
သက်စိုးတောင်ကြောပေါ်မှ ပြန်ဆင်းခဲ့သည်။ အပြေးတစ်ပိုင်းဖြင့်ဖြစ်သည်။ သူအချိန်တွေကုန်နေမှန်း သူသိသည်။ သူ့အဖေနှင့်အမေ စိတ်ပူနေကြတော့မည်။ သို့သော် တစ်နေရာအရောက် သီချင်းသံ သဲ့သဲ့ကြားရပြန်သည်။ ပါးစပ်ထဲတွင် အမြုတေမရှိတော့။ ငုံများချမိသလား၊ ဒါကလဲ မဖြစ်နိုင်။ အသံနောက်ထပ်လိုက်ရပြန်သည်။ တောင်ကြောပေါ်သို့ ပြန်ရောက်သွားပြီး ထိုဝါးရုံပင် သုံးရုံသို့ ပြန်ရောက်လာသည်။ ထူးတော့ ထူးနေပြီ။
ဝါးလုံးနက်တစ်လုံးကို ရှာလိုက်သည်။ တွေ့ပြန်ပြီ။ ဓါးဖြင့်ခုတ်ရန်ရွယ်လိုက်သည်။
“သား နေဦး” အနောက်မှ ခေါ်သံကြားသဖြင့်ကြည့်လိုက်ရာ အဖေနှင့်အမေဖြစ်နေသည်။
“အဖေ သားတွေ့နေတာ ဝါးအမြုတေထင်တယ်” သက်စိုးက ဝမ်းသာအားရနှင့် အဖြစ်အပျက်များကို ပြောပြလိုက်သည်။ ကိုခင်မောင်စိုးနှင့် မအေးဘုံလဲ ဝါးလုံးကြီးမှ သီချင်းဆိုနေသည်ကို ကြားနေရသည်။ ကိုခင်မောင်စိုးက ခေါင်းတညိတ်ညိတ်နှင့်။
“အဖေတို့တော့ ပွတာပဲသား။ ဝါးအမြုတေကို အဖေတို့ ဖမ်းရမယ်” ကိုခင်မောင်စိုးကပြောလိုက်သည်။
“ဖမ်းရမယ် ဟုတ်လား” သက်စိုးက အံ့သြစွာဖြင့်မေးလိုက်သည်။
“သားကို အဖေဝါးအမြုတေနဲ့ ပက်သက်ပြီး ပြောပြဖူးပေမယ့် ဝါးအမြုတေ ဘယ်လိုဖမ်းရမလဲဆိုတာတော့ မပြောဖြစ်သေးဘူးထင်တယ်” ကိုခင်မောင်စိုးကပြောလိုက်သည်။ ထို့နောက်ကို ခင်မောင်စိုးသည် ဝါးကြီးကြီးတစ်လုံးကို ခုတ်လိုက်သည်။ ထို့နောက် ဝါးဆစ်ဗူးပုံစံ ခုတ်ဖြတ်လိုက်သည်။
“သားရေသွား ဒီထဲကို စမ်းရေ တစ်ဝက်လောက်ထည့်လာခဲ့” သက်စိုးကိုပြောလိုက်သည်။ သက်စိုးက လျှင်မြန်စွာပင် အနီးရှိ စမ်းချောင်းကလေးတစ်ခုမှ စမ်းရေကို ဝါးဆစ်ဗူးတစ်ဝက်လောက်အထိ ထည့်လိုက်လေသည်။ ထို့နောက် ကိုခင်မောင်စိုးကိုပေးလိုက်လေသည်။ မအေးဘုံကတော့ အူကြောင်ကြောင်ဖြင့် ကြည့်နေသည်။
“ကဲ ဝါးအမြုတေ ကြီးခင်ဗျား၊ ကျွန်တော်တို့နှင့်ထိုက်လျှင် ယခု ဝါးဆစ်ဗူးအတွင်း ပေါ်ပါစေသား” ကိုခင်မောင်စိုးက ဝါးဆစ်ဗူးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ပြောလိုက်လေသည်။ သို့သော် ဝါးဆစ်ဗူးအတွင်း ဘာမှမပေါ်လာ။ သီချင်းသံကတော့ ဝါးပင်အနက်ကြီးဆီမှ သဲ့သဲ့ထွက်ဆဲဖြစ်သည်။ သူတို့နဲ့ မထိုက်ဘူးဖြစ်သည်။ သူတို့ ဘာဆက်လုပ်ကြမလဲ။ သက်စိုးက ခေါင်းကုပ်လိုက်သည်။
ကိုခင်မောင်စိုးက ပြုံးလိုက်သည်။
“ငါ့သားရယ် လွယ်လွယ်နဲ့ စိတ်ဓါတ်မကျပါနဲ့။ အဖေ့မှာ နည်းလမ်းရှိပါတယ်။” ပြောဆိုလိုက်သည်။ ထို့နောက် သူ့သားကို အနားခေါ်လိုက်သည်။
“သား လက်မြန်ပါစေနော်။ အဖေက ပိတ်လိုက်ဆိုတာနဲ့ ဟောဒီဝါးဆစ်ဗူးအဖုံးနဲ့ လုံအောင်သာ အမြန်ပိတ် ဟုတ်ပြီလား” သက်စိုးခေါင်းညိတ်လိုက်သည်။
“ဝါးအမြုတေကြီးခင်ဗျား ကျွန်တော်တို့နှင့် မထိုက်တန်လျှင် ယခု ဝါးဆစ်ဗူးအတွင်း ပေါ်ပါစေသား” ကိုခင်မောင်စိုးကပြောလိုက်သည်။ ဖြူဖွေးပြီး ဘဲဥပုံ ဝါးအမြုတေကြီးမှာ ဝါးဆစ်ဗူးအတွင်းမှ စမ်းရေများအတွင်းသို့ ပေါ်လာလေသည်။
“သားရေ ပိတ်၊ အမြန်ပိတ်” ကိုခင်မောင်စိုးကအော်လိုက်သည်နှင့် သက်စိုးကလဲ အလွန်လျှင်မြန်စွာ ဝါးဆစ်ဗူးကို အဖုံးနှင့်ပိတ်လိုက်လေသည်။ ထို့နောက် အဖုံးပေါ်မှာ ကြိုးများ ပီနံအိတ်များဖြင့် ရစ်ပတ်ပြီး ကိုခင်မောင်စိုးက လွယ်အိတ်အတွင်းထည့်လွယ်ကား သားအမိသားအဖသုံးယောက် တောင်ပေါ်မှ ဆင်းခဲ့သည်။
သူတို့ဆင်းအပြေး တောင်ကြောပေါ်မှ ဆင်ကြီးများတောတိုးလာသကဲ့သို့ တောင်ပေါ်ရှိသစ်ပင်ကြီးများ၊ ဝါးပင်ကြီးများသည် တဖြန်းဖြန်းဖြင့် လှုပ်ရမ်းကြတော့သည်။ ဝါးပင်ချင်းရိုတ်ခတ်သံတို့မှာလဲ တောင်ပြိုသည့်အလား အလွန်ကျယ်လောင်စွာ မြည်ဟီးနေကြသည်။ သူတို့လဲ ဖနောင့်နှင့်တင်ပါး တစ်သားတည်း ပြေးကြတော့သည်။
သူတို့ပြေးဆင်းရာလမ်းတစ်လျှောက် သစ်ပင်များ ဝါးပင်များသည် လှုပ်ရမ်းနေကြသဖြင့် သံစုံမြည်နေကြသည်။ သူတို့သည် ဓါးများကိုပါ ပြစ်ချပြီး နားနှစ်ဖက်ပိတ်ကာ ပြေးကြရသည်။ ပလ္လင်စာတောနယ်မြေအကြော် တောင်အောက်ခြေလျှိုထဲရောက်တော့မှ အသံများက ရပ်သွားသည်။ သို့သော် တောင်ပေါ်သို့ လှမ်းကြည့်လျှင်တော့ ဝါးရုံပင်များက လှုပ်ခါဆဲ။
ရွာပြန်ရောက်ပြီ၊ မျှစ်များမပါသဖြင့် ရွာသားများက ထူးဆန်းနေကြသည်။ သားအမိသားအဖသုံးယောက်လဲ အိမ်ရှေ့ရောက်မှ အမောဖြေနိုင်ကြသည်။ မိနစ် ၂၀ လောက်ထိုင်နေကြရသည်။ မအေးဘုံကတော့ မြေမှာလဲလျောင်းရင်း အမောဖြေနေရသည်။ ထို့နောက်တွင်မှ ခြေလက်ဆေးပြီး အိမ်ပေါ်တက်ခဲ့ကြသည်။ အိမ်ပေါ်ရောက်တော့ ဝါးဆစ်ဗူးမှာ အနက်ရောင်ဖြစ်နေပြီဖြစ်သည်။ ဝါးအမြုတေ ပါလာသည့်သဘောပင်ဖြစ်သည်။ ဘုရားစင်ပေါ်တင်လိုက်ပြီး ကိုခင်မောင်စိုးက ထမင်းစားပြိးနောက် မန္တလေးဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်ခဲ့သည်။ ညမိုးချုပ်မှ ပြန်ရောက်လာလေသည်။ ဝယ်လက်သွားရှာချင်းဖြစ်သည်။ ဝယ်လက်ရခဲ့သည်။ မနက်ဖြန်မနက် တွင်ချိန်းထားချင်းဖြစ်သည်။ ထိုညက ကိုခင်မောင်စိုး အိပ်တောင်မပျော်ပါ။
အပိုင်း(၅)ဆက်ရန် . . .
Comments
Post a Comment