ကျောက်တစ်လုံးသိုက်၊ အပိုင်း(၅) (ဇာတ်သိမ်းပိုင်း)



သံလျက်ကိုင် ဘီလူးကြီးကို မြင်တာနဲ့
ကြောက်လန့်ပြီး ကျားရုပ်ကို ချည်မန်းကွင်း
မစွပ်မိလို့ကတော့ ပြေးပေရောပေါ့ကွယ် "
"ဒါနဲ့ ဘီလူးမကျောက်ရုပ်က အရေးကြီးဆုံးဆို
ဆရာကြီး"
အဲဒါက အပြင်စည်းအတွက် အခေါင်ချုပ်ပဲ၊
အခု သူ့ကို ချည်မန်းကွင်းနဲ့၊ ချုပ်ထားပြီးပြီ၊
မဟုတ်လား ၊ဒါကြောင့် ဘီလူးမကို
ကြောက်စရာမလိုတော့ဘူး "
ခေါင်းဆောင်အောက်လမ်းဆရာက
အစွမ်းထက်လှသည်။ အစောင့်ဘီလူးလေးကောင်ကို
သူ၏ အစီအရင် ဆေးဘီလူးဖြင့် ခုခံတိုက်ခိုက်နေရာ
အစောင့်ဘီလူးလေးကောင် ရှုံးနိမ့်လျက် 
ရှိနေလေပြီ။ ထိုအချိန် အရာအားလုံးကို
အကဲခတ်စောင့်ကြည့်နေသော အထက်လမ်း
ဆရာကြီးက။
"ကဲ …တပည့် မောင်အေး သူတို့ ဘီလူးလေးကောင်ကိုလဲ
နိုင်နေပြီ အခုတိုင်းဆို သိုက်က ရှုံးနေပြီ သူတို့သိုက်
ထဲဝင်သွားကြတော့မယ် …ဟော ဟော သူတို့သိုက်ထဲ
ဝင်မလို့ စည်းအပြင်ကို ထွက်သွားကြပြီ၊
မောင်အေးက အမြန်ခုန်ချပြီး ဘီလူးမကို
ချုပ်နှောင်ထားတဲ့ ချည်မန်းကွင်းကို သွားဖြုတ်လိုက်
ဒီကောင်တွေ သိုက်ထဲဝင်လို့ မဖြစ်ဘူး
သိုက်ပွင့်တာနဲ့ နွားရုပ်ကို အသက်သွင်းပြီး
ဆရာက တိုက်ခိုင်းမယ်၊ ဒါမှ 
အောက်လမ်းဆရာတပည့်တွေ
နွားအန္တရာယ်က တိုးလာလို့ ကျားရုပ်ကို 
ချည်မန်းကွင်း မစွပ်နိုင်ပဲ ရှိလိမ့်မယ် "
ဆရာကြီးပြောနေစဉ်မှာပဲ သိုက်ဆရာ
တစ်စုတို့လည်း သိုက်ရှေ့သို့ ရောက်သွားကြပြီး
အင်းနှင့် ပေါက်လိုက်သည့်နှင့် တပြိုက်နက်။
"ဝုန်း "
ကျယ်လောင်သော အသံကြီး ဖြစ်ပေါ်လာပြီး
မီးခိုးလုံးများလည်း အူထွက်သွားသည်။
သိုက်ရှေ့မှ ကျောက်ဖျာတံခါးကြီးလည်း
ပွင့်သွားတော့သည်။ ထိုစဉ်နောက်မှ 
ဝက်ကရိန်း …ဝက်ကရိန်း …ဝက်ကရိန်း 
ကျယ်လောင်သော တွန်သံကြီးနှင့်အတူ
နွားလားကြီးကို ဆရာတပည့်တစ်စုသို့ 
ဝုန်းခနဲ ခုန်လွှားရောက်ရှိသွားသည်။
မောင်အေးလည်း အရဲစွန့်ကာ ဘီလူးမကျောက်ရုပ်ကို
စွပ်နေသော ချည်မန်းကွင်းကို ဆွဲချွတ်လိုက်သည်။
ထိုခဏမှာပဲ ကျောက်ရုပ်ဘီလူးမအသွင်မှ
ချောမောလှပသော မိန်းကလေးသဏ္ဍာန်
ရုတ်ခြည်းပေါ်ပေါက်လာသည်။
ထိုမိန်းကလေးနှုတ်မှ စူးရှသောအသံနှင့် …
"စက္က…စက္က…ထစမ်း အမြန်ထစမ်း "
မိန်းကလေးစကားအဆုံး သိုက်အတွင်းမှ
"ဝေါင်း …ဝေါင်း …ဝေါင်း …"
ကျယ်လောင်သော ကျားဟိန်းသံကြီး
ပေါ်ထွက်လာကာ ဆရာတစ်စုရှေ့ ဝုန်းခနဲ
ခုန်လွှားရောက်ရှိလာတော့သည်။
ထိုအချိန်တွင် ဆရာကြီးက နွားကြီးအားပြန်၍
ခေါ်လိုက်သဖြင့် ဆရာကြီးခေါ်သံအဆုံး
နွားလားကြီး ပြန်လှည့်လာကာ လက်ဖဝါးပေါ်သို့
ခုန်တက်လိုက်သည်နှင့် ချက်ချင်းပင် ဆရာကြီး၏
လက်ပေါ်မှာ နွားရုပ်လေးအဖြစ် ပြောင်းသွားတော့သည်။
အောက်လမ်းဆရာတပည့်တို့လည်း 
ကျားရန်မှ လွတ်ရန် အသက်လုပြီး ပြန်လှည့်
ပြေးရလေတော့သည်။
ကျားကြီးမှာလည်း တဝေါင်းဝေါင်း ဟိန်းပြီး
နောက်မှ ပြေးလိုက်လျက် ရှိတော့သည်။
"စက္က …စက္က ပြန်လာလှည့် လာလှည့် "
အမိန့်ပေးသံအဆုံး ကျားကြီးမှ လှည့်၍
ပြန်လာပြီး အနားမှာ လာဝပ်နေတော့သည်။
"ဆရာကြီး ကျားကို ဘာကြောင့် ပြန်ခေါ်တာလဲ"
"သာသနာအတွက် အလုပ်လုပ်နေကြသူတွေပဲ
အန္တရာယ်ကင်းပြီး ဆိုမှတော့ ဘာကြောင့်
လူ့အသက်ကို သတ်ခိုင်းတော့မှာလဲ၊
လူ့အသက်ပဲဖြစ်ဖြစ် တိရစ္ဆာန်အသက်ပဲ ဖြစ်ဖြစ်
မသတ်ဖြစ်ရင် အကောင်းဆုံးပေါ့ကွယ်
ကဲ…မယ်ယက္ခ နောက်ကို အမှုမဲ့ အမှတ်မဲ့
မနေနဲ့၊ တာဝန် သိပ်ကြီးတဲ့ အဝင်စည်းကို
စောင့်ရတဲ့ တာဝန် ယူထားမှတော့ 
စည်းပေါက်လို့ မဖြစ်ဘူး၊ အခု 
အပြင်စည်းပေါက်သွားလို့ သိုက်ဆရာတွေ
သိုက်ဖွင့်နိုင်တဲ့အထိ အခွင့်အရေး
ရသွားကြတယ်"
"နောက်ကို ဂရုတစိုက်
အမြဲနေပါမယ် ဆရာကြီး "
"အခု ဒီကျောက်တစ်လုံးသိုက်ကို သိုက်ဆရာတွေ
သိသွားပြီဖြစ်တဲ့အတွက် တနေ့နေ့ တချိန်ချိန်မှာ
ရောက်မလာဘူးလို့ တာဝန်မယူနိုင်ဘူး၊
ဒီအတွက် အထက်ပုဂ္ဂိုလ်တွေကလည်း
အမိန့်ရှိလိုက်တယ်၊ ဒါကြောင့် သင်တို့သိုက်ကို
သုံးရက်အတွင်း ကညင်သုံးပင်စခန်းကို
ပြောင်းကြရမည်လို့ ညွှန်ကြားလိုက်တယ်"
"ဆရာကြီးတို့ ဘယ်နေ့ခရီးဆက်ကြမှာပါလဲ "
"မနက်မိုးလင်းတာနဲ့ ပြန်ကြမယ်ကွဲ့ "
"ဒီညသိုက်ထဲမှာ ဧည့်ခံပါရစေ ဆရာကြီး"
"ကိစ္စမရှိဘူး ဒီအပြင်ဘက်မှာပဲ နေရာထိုင်ခင်း
ရှင်းလင်းပြီး ညအိပ်လိုက်တော့မယ် "
အထက်လမ်းဆရာကြီးလည်း နောက်နေ့
ပြန်ရမည်ဖြစ်သဖြင့် မိန်းမချေလေးအား
အစစမှာကြား ပြောဆိုနေလေသည်။
ညရောက်တော့ ဆရာကြီးအား မောင်အေးက
မရှင်းသည့်ကို မေးမိသည်။
"ဆရာကြီး ဘီလူးမကျောက်ရုပ်က 
အသက်ဝင်လာတာ သိပ်ချောတဲ့ မိန်းခလေး
ဖြစ်နေပါလား "
"အဲဒါက လူသားတွေနဲ့ ဆက်ဆံနေရလို့
မူလရုပ်သွင်မပြပဲ လူလိုဖန်ဆင်းထားတာ
မင်းရှိနေလို့လဲ၊ မကြောက်မလန့်အောင် 
ဖန်ဆင်းထားတာ၊ အားလုံးမူလ အသွင်က
ကြောက်စရာ ရုပ်ကြမ်းကြီးတွေပဲ။
ကဲ…ကဲ…ဘုရားအာရုံပြုပြီး အိပ်ပေတော့
မနက်စောစော ထပြီး ခရီးထွက်ကြမယ်"
မောင်အေးလည်း ဆရာကြီးအမိန့်ရှိသည့်အတိုင်း
ဘုရားရှိခိုးပြီး ရှိခိုးထိုက်သူများအား
ရှိခိုး ဦးချကာ အမျှဝေ မေတ္တာ ပို့ပြီး
အိပ်လိုက်ရာ ခဏအတွင်းမှာပင်
နှစ်ချိုက်စွာ အိပ်မောကျသွားပါတော့သည်။
ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)