မျက်​ကွင်းဆေး ၊ အပိုင်း(၆) ဇာတ်သိမ်းပိုင်း



ကျုပ်လန့်မအော်မိအောင်ကို 
မနည်းထိန်းထားရတာဗျ။
ဟော…လာကြပြီ။လာကြပြီ။
ဂူအစိမ်းနားကို ရောက်တော့မယ်။
ရောက်တော့မယ်။ဆရာကြီးမှာတဲ့အတိုင်း
ကျုပ်မတ်တတ်ထရပ်လိုက်တယ်။
မတ်တတ်ရပ်ရုံတင်မကဘူးဗျို့။

မဖဲဝါကြီးကိုပါ လက်ညှိုးထိုးပြလိုက်တယ်။
ပစ်ပြီဗျို့။ကျုပ်ဆရာကြီး ပစ်လိုက်ပြီ။
ဟာ…စွမ်းလိုက်တဲ့ဆေးဗျာ။
မဖဲဝါရော။သရဲစံပွင့်ကြီးရော။နောက်ကို
တစ်လံလောက် ရွေ့သွားကြတယ်ဗျ။

ပြီးတော့ ဘာမှ မမြင်သလို ငိုင်နေကြတယ်။
ကျုပ်ပြေးပြီး သစ်စုန်းပင်ကို ပွေ့ပြီး
ပခုံးပေါ်ထမ်းလိုက်တယ်။ပြေးပြီဗျို့။
တစ်ချိုးတည်းပဲ။

တာတေတဲ့ဟေ့လို့ ကျုပ်စိတ်ထဲမှာ ကြုံးဝါးရင်း
သစ်စုန်းပင်ကို ပခုံးမှာ မိမိရရထမ်းပြီး
ကျုပ်ပြေးတယ်။

"ရှောင်ကြ ရှားကြဟေ့"

ဆိုတဲ့ ဆရာကြီးရဲ့ ကြုံးဝါးသံကြီးကို
ကျုပ် နောက်ဘက်မှာ ကြားလိုက်ရတယ်ဗျ။
ကျုပ်နောက်မှာ ဆရာကြီးပါလာပြီဆိုတာ
သိတော့ ကျုပ်အားတက်သွားတာပေါ့ဗျာ။

"ပြေးဟေ့ တာတေ မနားနဲ့ပြေး"

လို့ ဆရာကြီးက ကျုပ်နောက်က ကပ်ပြီး
ပြောလိုက်တယ်။ရောက်တော့မယ်။
ရောက်တော့မယ်။ဟော…ရောက်ပြီဗျို့။
သင်္ချိုင်းအပြင်ကို ကျုပ်တို့ရောက်ပြီဗျ။

"ဆက်ပြေးတာတေ။ဆက်ပြေး။
ဟိုရှေ့က ယာခင်းထဲအထိ ပြေးကွ။
ဟား…ဟား…ဟား…ကျုပ်သစ်စုန်းပင်ကို
မြင်ရပြီဟေ့"

ကျုပ်ပြေးတယ်။မနားဘူး ပြေးတယ်။
အဲ ပြောရဦးမယ်ဗျို့။
ကျုပ်ပခုံးပေါ်မှာပါလာတဲ့ သစ်စုန်းပင်က
လူတစ်ယောက်ရုန်းသလို ရုန်းနေတာဗျ။
ကျုပ်က သေသေချာချာကို ဖိဆုပ်ထားရတာ။
သင်္ချိုင်းနဲ့ဝေးလာတော့မှ ဒီကောင်ငြိမ်လာတယ်။

"ဘယ်နှယ်လဲ တာတေ 
မင်းပခုံးပေါ်ကကောင် လှုပ်သေးလား"

"ဟာ ငြိမ်သွားပြီဗျို့ ဆရာကြီးရေ"

"အေး ဒါဆိုရင် ရပြီကွ။ တာတေ ရပ်လိုက်တော့"

ကျုပ်တို့ ဆရာတပည့်နှစ်ယောက် ရပ်လိုက်ကြတယ်။
နှစ်ယောက်စလုံး ဟောဟဲလိုက်အောင်
မောနေကြတာဗျို့။

"တာတေနောက်ကိုတစ်ချက်ပြန်ကြည့်စမ်း
ဘာမြင်သလဲ"

ကျုပ် နောက်ကိုလှည့်ကြည့်တယ်။
မြင်တာပေါ့ဗျာ။

"ဟာ…ဆရာကြီး။
မဖဲဝါကြီး သင်္ချိုင်းအဝမှာ မတ်တတ်ကြီး
ရပ်နေတယ်ဗျ"

"ဟေ…ဟုတ်လား ငါတို့နောက်ကို လိုက်လာတာလား"

"မလိုက်ဘူးဗျ။ ရပ်နေတာ ။ 
ကျုပ်တို့ကို ကြည့်တော့ ကြည့်နေတယ်ဗျ"

"ဒါဆိုအောင်ပြီပေါ့ကွာ ကဲ တာတေ
ခပ်သုတ်သုတ်သွားကြစို့"

"ဟုတ်ကဲ့ ဆရာကြီး"

ကျုပ်က သစ်စုန်းပင်ကို ထမ်းရင်  
ဆရာကြီးနဲ့ ကျုပ်နဲ့ ခရီးဆက်ကြတယ်။
နောက်တော့ မကြာမကြာ လှည့်ကြည့်ရတာပေါ့ဗျာ။

မဖဲဝါ လိုက်မလာပါဘူး။
လမ်းမှာတော့ဗျာ။အကောင်မျိုးစုံ
ကျုပ်မြင်ရတာပေါ့။

တစ်ချို့ဆိုရင် ခေါင်းက တင်းတောင်းလောက်ကို
ရှိတာဗျ။ဒါပေမဲ့ ကျုပ်တို့ကို ဘာအန္တရာယ်မှ
မပေးကြပါဘူး။ထနောင်းကုန်းကို
ကျုပ်တို့ဆရာတပည့်နှစ်ယောက် 
ပြန်ရောက်တော့ အရုဏ်တောင်
တက်ကာနီးနေပြီဗျ။

တကယ်တော့ ဒီညကိစ္စကို ပုဗ္ဗာရုံဆရာတော်ရယ်
ဆရာကြီးရယ် ကျုပ်ရယ်ပဲ သိခဲ့ကြတာလေ။

အဲ…အခုတော့ ခင်ဗျားလည်း သိသွားပြီပေါ့ဗျာ။

ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)