ကဝေသိုက် အပိုင်း(၁)
ကျုပ်တို့ အညာမှာ ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့
နတ်တော်လကြီးဗျ။ ကျုပ်ကောင်းကောင်း မှတ်မိနေ
တယ်။ ချမ်းလွန်းလို့ မနက်အိမ်ရာက နိုးရင် ထမင်း
ကြမ်း မစားနိုင်ဘူးဗျ။ ထမင်းကြမ်းခဲက ရေခဲတုံးလို
ကို အေးစက်နေတာ။ အမေက အိပ်ရာကနေ စော
စောထပြီး ထမင်းကြော်စားရတာ။
ထမင်းကြော်ပူပူလေးကို မှုတ်မှုတ်ပြီး ညက ကျန်
တဲ့ဟင်းကျန်နဲ့ စားရတာ လွှတ်ကောင်တာဗျ။ စား
ရင်းသောက်ရင်း ရေနွေးကြမ်းပူပူလေးကို တဖူးဖူး
နဲ့မှုတ်သောက်ရင်း နွေးသွားတာမျိုး။ ပြီးရင်တော့
နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း တောင်တွေးမြောက်တွေးပေါ့ဗျာ။
"တာတေရေ…တာတေ"
ဝိုင်းထဲမှာက နှင်းတွေကျပြီး ပိတ်နေတာဗျ။ ဝိုင်းဝ
က လူကို မြင်ရတာမဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်က
အသံ တော်တော်များများကို မှန်းမိနေပါပြီဗျာ။
"ဟဲ့..တာတေ…နင့်ကို လာခေါ်နေတာ ဘယ်သူတုံး"
"ဘယ်သူရှိဦးမလဲ အမေရာ…ဘန့်ဘွေးကုန်းက
ကိုကြီးစံအေးပေါ့ဗျာ"
"အော်…စံမောင့်သား၊ အာကျယ်လား"
"ဟုတ်ပဗျာ"
ဘန့်ဘွေးကုန်းမှာက စံအေးနှစ်ယောက်ရှိတာဗျ။
တစ်ယောက်က ငယ်ငယ်တုံးက ထန်းသီးဆံ သိပ်
ကြိုက်လို့ ထန်းသီးစံအေးလို့ခေါ်ကြတယ်။ ဘိုးစံ
မောင်ရဲ့သား ကိုစံအေးကိုတော့ စကားပြောရင်
အော်ကျယ်အော်ကျယ်နဲ့ပြောလို့ အာကျယ်စံအေး
လို့ ခေါ်ကြတယ်ဗျ။
"ဗျို့…ကိုကြီးစံအေး လာလေဗျာ"
ဝိုင်းထဲကို သုတ်သုတ် သုတ်သုတ်နဲ့ဝင်လာတဲ့ ကို
စံအေးကြီးက အိမ်ပေါ်တန်းတက်လာတာဗျ။
"ဟ…တာတေရ၊ မင်းက ထမင်းကြမ်းတောင်း စား
ပြီး သွားပြီလားကွ၊ ငါက အဲဒါအမှီလာတာ"
ကိုစံအေးကြီးကတော့ အိမ်ပေါ်ရောက်တာနဲ့ တန်းစတော့တာဗျို့။
"ကိုကြီးစံအေးရဲ့ ချမ်းချမ်းစီးစီး နှင်းတွေပိတ်
နေတဲ့ကြားထဲမှာ ဘယ်က ဘယ်လိုရောက်
လာတာတုံးဗ်"
ကျုပ်က ရေနွေးကြမ်းတစ်ပန်းကန်ငှဲ့ပေးရင်း
မေးလိုက်တာဗျ။
"ဟကောင် တာတေရ…ဘန့်ဘွေးကုန်းက ဘိုး
စံမောင်ရဲ့သားတွေဘဝမှာ မိုးရွာတာ၊ နှင်းကျ
တာ၊ ချမ်းတာ၊ ပူတာတွေ မရှိဘူးကွ။ 'ဟေ့
ကောင် စံအေးသွား'လို့ ဆိုရင် ချက်ချင်းဝိုင်းဝ
ရောက်နေရတာကွ။ 'သွားတာပေါ့ အဘရယ်၊
နေပူနေသေးလို့ 'တို့ ဘာတို့ ပြောလိုက်မိရင်
တော့ အနားမှာ ရှိတာနဲ့ ကောက်ပေါက်တော့
တာဟေ့"
ဟုတ်တယ်ဗျို့။ ကိုစံအေး ပြောတာ အမှန်ပဲ။ ကို
စံအေးတို့ ဘိုးတော်ကြီးက လွှတ်စိတ်တိုတာဗျ။
ဘန့်ဘွေးကုန်းက လူငယ်တွေက သူ့ကို ဘိုးစိတ်
တို လို့ ခေါ်ကြတာဗျ။ ကျုပ်တို့ထနောင်းကုန်း သူ
ကြီးဦးဘိုးထင်နဲ့ တစ်ပုံစံထဲတွေပေါ့ဗျာ။
ကျုပ်တည်တဲ့ နဂါးဆေးပေါ့လိပ်ကလေးကို ကို
ကြီးစံအေးက အားရပါးရကို ဖွာနေတာဗျ။ ဒီလို
အေးနေတဲ့ အချိန်မျိုးမှာ ဆေးပေါ့လိပ်ကလေး
ဖွာလိုက်ရရင် နွေးသွားသလိုကို စိတ်ထဲထင်
တာဗ်။
"နို့ နေပါဦး ကိုကြီးစံအေးရဲ့၊ အခုလာတာ ဘိုးစံ
မောင် လွှတ်လို့ လာတာလား"
"အေးလေကွာ မနေ့က ညနေစောင်းကတည်းက
မင်းဆရာကြီးဘိုးလူပေ ရောက်လာတယ်ကွ။ ည
ထဲက မနက်စောစော ထပြီး မင်းကိုသွားခေါ်ဖို့ ငါ
ကိုခိုင်းထားတာကွ။ သူအိပ်ယာက မနှိုးခင် ငါက
ထွက်လာရတာ။ သူအိပ်ယာကနိုးလို့ ငါမသွား
သေးဘူးဆိုရင် ငါ့ကို ခြေထောက်နဲ့ ပြေးကြောက်
မှာ သေချာတယ်ကွ"
ကိုကြီးစံအေး ပြောတဲ့ ခြေထောက်နဲ့ ကြောက်
တယ်ဆိုတာ ကန်တာကို ပြောတာဗျ။ ကိုကြီးစံ
အေး ပြောတာကို ကျုပ်ယုံတယ်။ ဘိုးစံမောင်က
တကယ်လုပ်မယ့် ဘိုးတော်ကြီးဗျ။ အမေတို့
အဘတို့ကလည်း ကျုပ်အကြောင်း သိပြီးသား
ပဲဗျာ။ ကျုပ်ဆရာကြီးဘိုးလူပေ ရောက်တယ်
ဆိုကတည်းက တနေရာကို ခရီးထွက်တော့
မယ်ဆိုတာ တွက်ပြီးသားပေါ့ဗျာ။
ကိုစံအေးက ကြာကြာမနေနိုင်ဘူးဗျ။ ဖင်တကြွ
ကြွဖြစ်နေတာဗျို့။ ကြာရင်လည်း အိမ်ပြန်ရောက်
ရင် အငေါက်ခံရဦးမှာလေဗျာ။ ကျုပ်လည်း ချက်
ချင်း ထပြီး လိုက်လာခဲ့တယ်။
နှင်းတောထဲမှာပဲ တိုးပြီးသွားရတာပေါ့ဗျာ။ ဘိုး
စံမောင်တို့ အိမ်ကြီးပေါ်ကို တက်လိုက်တော့
ဘုရားစင်ရှေ့မှာ ဘိုးလူပေက ပုတီးစိပ်နေ
တယ်ဗျ။ သျှောင်တစောင်းလေး ထုံးထားတဲ့
ဘိုးလူပေကတော့ ဒီအရွယ်အတိုင်းပဲဗျ။ ခဏ
ကြာတော့ ဘိုးလူပေက ပုတီးစိပ်တာ ပြီး
သွားပြီ။
"ဟာ မောင်တာတေ ရောက်နေပါပြီလားကွဲ့"
ကျုပ်က ဘိုးလူပေကို ကန်တော့လိုက်တယ်။
"အားလုံး နေထိုင်ကောင်းကြရဲ့လား"
"ဟုတ်ကဲ့ ကောင်းကြပါတယ် ဆရာကြီး"
"ကျုပ်တောင် ဒီဘက်မရောက်တာ အတော်လေး ကြာသွားပြီနော် မောင်တာတေ"
"ဟုတ်ပါတယ် ဆရာကြီး"
"အေး…အေး..အကြောင်းက ရှိလာပြီ ဆိုတော့
လည်း ရောက်လာရတာပေါ့ကွယ်။ ကျုပ်တို့ခရီး
ထွက်ကြရမယ် မောင်တာတေရေ"
"ဟုတ်ကဲ့ပါ ဆရာကြီး။ ကျုပ်ဘက်ကတော့ အ
ဆင်သင့်ပါပဲ"
"သာဓု သာဓု ကဲ မောင်တာတေရေ…ကောက်ညှင်း
ပေါင်းနဲ့ ငါးခြောက်ကြော်လေးတွေ စားလိုက်ဦးကွဲ့"
"ဆရာကြီး သုံးဆောင်ပါ။ ကျုပ် စားခဲ့ပြီးပါပြီ"
"ဟာ တာတေကလည်းကွာ မဟုတ်တာဘဲ ထပ်
စားစမ်းပါကွ"
ဘိုးစံမောင်က ကျုပ်ကို ကောက်ညှင်းပေါင်းတွေ
ထည့်ပြီး အတင်း ကျွေးတော့တာဗျို့။
"ခရီးကတော့ နည်းနည်းကြမ်းမယ်ကွဲ့။ လှည်း
တတန် လှေတတန်သွားရမှာပဲ။ မသွားလို့က
လည်း မဖြစ်ဘူးကွဲ့။ ခုနှစ်ရွာစား ကျီတော်က
ဝေမဆိုတာ တော်တော်ကို သောင်းကျန်းနေ
တာကွဲ့"
"နေပါဦးဆရာကြီးရဲ့ ဒီကဝေမကို ဘာဖြစ်လို့
ခုနှစ်ရွာစားလို့ ခေါ်တာတုံးဗျ"
ကျုပ်က ဘိုးလူပေပြောတဲ့ ခုနှစ်ရွာစား ကျီတော်
ကဝေမဆိုတာကို တော်တော်လေး စိတ်ဝင်စား
သွားတာဗျို့။
အပိုင်း(၂)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment