ကန်တော်ကဝေမ ၊ အပိုင်း(၅)
ဆရာကြီးရဲ့ မျက်နှာရိပ် မျက်နှာကဲကိုကြည့်ရတာ တော်တော်ကိုဂရုတစိုက်လုပ်ရမယ့်ပုံပဲ။ တာတေလည်း သေသေချာချာ လုပ်ရမယ်ထင်တယ်ဗျို့။ တာတေ နတ်ကြီးလေးပါးအင်း သောက်ပြီးတစ်နေကုန် ပုတီးစိပ်နေတယ်ဗျ။ ဆရာကြီးနဲ့ ဆရာနွံဖလည်း ထမင်းစားချိန်ကလွဲရင် ဘုရားခန်းကမထွက်ဘဲ ပုတီးစိပ်နေကြတယ်။
ညရောက်တော့ တာတေ့ကို အင်းတစ်ချပ်တိုက်တယ်။ လူခြေတိတ်ချိန်ရောက်တော့ တာတေကျောင်းကြီးပေါ်ကနေ ကန်ထဲကိုကြည့်တယ်။ ဒီည လ ပိုသာတယ်ဗျို့။ ကန်ကြီးတစ်ခုလုံး လင်းနေတော့တာဗျ။ ညသန်းခေါင်ကျော်တော့ မနေ့ကလိုပဲ ကန်လယ်မှာလှိုင်းဂယက်တွေထလာပြီး ဖြူဖြူကြီးပေါ်လာတယ်။ ပြီးတော့ရေပေါ်မှာ လမ်းလျှောက်ပြီး သွားလာနေလေရဲ့။ တာတေလည်း တံခါးအကွယ်ကနေ သေသေချာချာ ကြည့်တယ်။ ဆရာနွံဖကတော့ ပုတီးစိပ်နေတော့ ခေါ်မပြတော့ပါဘူး"
ဟာ တာတေကြည့်နေတုန်းမှာပဲ အဲဒီဖြူဖြူကြီးက အလင်းရောင်တွေ ထွက်လာတယ်ဗျို့။ အဲဒီအလင်းတန်းတွေက ကန်ကြီးတစ်ခုလုံးကိုဖြန့်ထွက်ပြီး မိုးလိုက်သလိုပဲဗျ။ ဒါကဝေစက်ပဲထင်တယ်လို့ တာတေတွေးမိတယ်ဗျ။ ဘာပဲဖြစ်ဖြစ် မနက်ကျရင်တော့ ဆရာကြီးကို ဒီအကြောင်းပြန်ပြေညရတော့မှာပဲ။ ကဝေမဘာလုပ်တယ်ဆိုတာ ဆရာကြီးမှသိမှာမို့လား။
တာတေ မအိပ်ဘဲကိုစောင့်ကြည့်နေတာဗျို့။ မနက်သုံးနာရီလောက်အထိ ကဝေမက သူ့စက်တွေကိုကန်ပေါ်မှာ ဖြန့်နေတာဗျ။ နောက်မှပျောက်သွားတာ။ မနက်ရောက်တော့ ညက တာတေတွေ့ခဲ့တာကို ဆရာကြီးနဲ့ ဆရာနွံဖကိုပြောပြတော့ ဆရာကြီးက ခေါင်းတညိတ်ညိတ်လုပ်ပြီး စဥ်းစားတယ်။
"အင်း ဒါဆိုရင် ဒီညတော့ သေချာပြီဟေ့၊ နွံဖရေ အဆင်သင့်သာပြင်ကြပေတော့"
"ဟုတ်ကဲ့ဆရာ၊ အဆင်သင့်ဖြစ်ပါပြီ"
"မောင်တာတေကတော့ မင်းရဲ့ သတ္တိ ကိုအစွမ်းကုန်အောင်ပြရမယ့် ညပဲကွဲ့။ မင်းနဲ့မင်းဆရာနွံဖက ကန်ထဲကို ဆင်းကြရလိမ့်မယ်။ နှစ်တစ်ရာပြည့်တဲ့ညမှာအသက်ဝင်လာမယ့် ကျောက်မိချောင်းကြီးကို မင်းတို့ဆရာတပည့်ကဆင်းပြီး ကိစ္စ တုံးကြပေတော့။ ကျုပ်ကတော့ ကန်တော်ကဝေမခေါ်လာမယ့် ကလေးမလေးကို လမ်းကနေဖြတ်ပြီးတားမယ်။ ပြီးရင်ကန်တော်ကဝေမနဲ့ ပညာချင်းပြိုင်ကြရမှာပေါ့ကွယ်။ သတိတော့ထား နွံဖရေ၊ ကျောက်မိချောင်းက ဝိညာဥ်စားမယ့်အချိန်မှာ မစားရရင် ဒေါသပုန်ထတော့မှာကွဲ့။ မင်းတို့နှစ်ယောက် တစ်ချက်မှ သတိမလစ်စေနဲ့ဟေ့"
"စိတ်ချပါ ဆရာကြီး"
လို့ ကျုပ်ကပြောလိုက်တယ်ဗျ။ စောင့်နေလို့ကြာတာလားတော့မသိဘူးဗျို့။ အဲဒီနေ့က တော်တော်နဲ့ကို မိုးမချုပ်ဘူးလို့ ကျုပ်ကထင်နေတာ။ ဒါပေမယ့် သဘာဝတရားကတော့ ပုံမှန်ပါပဲဗျာ။ ခါတိုင်းလိုနေဝင်သွားပြီးတဲ့နောက်မှာ ခါတိုင်းလိုပဲမိုးချုပ်သွားတာပါပဲ။ ကျုပ်တို့ဆရာတပည့်သုံးယောက် ညစာတောင် မစားကြဘူးဗျို့။ ဗိုက်ထဲမှာအစာတွေရှိနေရင် လှုပ်ရရှားရမှာ ခက်မှာစိုးလို့ပေါ့ဗျာ။
ကျုပ်တို့ ကန်ရိပ်ကိုနင်းမိတော့ ညဆယ်နာရီလောက်ရှိပြီဗျ။ ဆရာတပည့်တွေ အင်းဝခေတ်ကတည်းကရှိနေခဲ့တဲ့ သဘာဝရေကန်ကြီးကို ငေးကြည့်နေကြတာဗျို့။ ကန်တစ်ဖက်ကဖြတ်ပြီးတိုက်လာတဲ့ လေအေးကလေးက ကျုပ်တို့ကိုစိမ့်ကနဲ ဖြစ်သွားစေတယ်ဗျ။ ဒါက ကျုပ်ထင်တာနော်။ ဆရာကြီးကတော့ အတွေ့အကြုံတွေများနေပြီဆိုတော့ ချက်ချင်းကိုပြောတာဗျ။
"သတိထားတော့ဟေ့ ဒီလေအေးက သာမန်မဟုတ်ဘူးကွ၊ အအေးဓာတ်က များလွန်းနေတယ်"
ဟုတ်ပါ့ဗျာ။ ဆရာကြီးစကားက ဆုံးရုံပဲရှိသေးတယ်။ ကန်ရေပြင်တွေ ဂယက်ထလာရောဗျို့။ ပထမဂယက်က ခပ်သေးသေးပဲဗျ။ ကြည့်ရင်းကြည့်ရင်းနဲ့ ဂယက်တွေ ကြီးကြီးလာတာ။
"ဖျန်း"
ဟာ ဘာကြီးတုံးဟ။ မည်းမည်းကြီးပါလား။ ကန်လယ်မှာ ရေဂယက်ကြီးထပြီးပေါ်လာတာဗျ။ ရေကိုဖျန်းကနဲ ရိုက်ချလိုက်တာ။
"နွံဖ ကျောက်မိချောင်းတော့ အသက်ဝင်နေပြီကွ၊ ဝိညာဥ်ကိုစုပ်ယူဖို့ တောင့်တနေပြီ။ ဒါဟာ နှစ်တစ်ရာပြည့်တဲ့အချိန်ပဲကွ၊ သန်းခေါင်မကျော်မချင်း မင်းတို့မဆင်းနဲ့။ သန်းခေါင်ကျော်လို့မှ သူတောင့်တတဲ့ ဝိညာဥ်မစုပ်ယူရရင် ဒီကောင်အားအင်ချိနဲ့လာလိမ့်မယ်။ အဲဒီအချိန်ဟာ မင်းတို့အတွက် အချိန်ကောင်းပဲကွ"
"ဟုတ်ကဲ့ပါ ဆရာ"
ဆရာနွံဖက ဆရာကြီးကို ရိုရိုသေသေပြောတယ်ဗျ။ ပြီးတော့သူလွယ်ထားတဲ့ဆေးလွယ်အိတ်ကို ဖြုတ်ယူပြီး ဆရာကြီးကိုအပ်လိုက်တယ်။ ပြီးတော့ကျုပ်ဘက်ကိုလှည့်ပြီး...
"ရော့ တာတေ၊ မင်းကိုင်ရမယ့် ငွေသနွပ်၊ အပေါ်ကပတ်ထားတဲ့ စက်ကူတွေခွာလိုက်တော့"
ကျုပ်လည်း ဆရာနွံဖပေးတဲ့ငွေသနွပ်ကို ရိုရိုသေသေ လှမ်းယူလိုက်တယ်။ ပြီးတော့အပေါ်ကနေလူမမြင်အောင်ပတ်ထားတဲ့ စက်ကူတွေကိုခွာလိုက်တယ်။ လရောင်အောက်မှာဝင်းလက်နေတဲ့ ငွေသနွပ်ကြီးပေါ်လာတယ်။ ဆရာကြီးကိုယ်တိုင်သေသေချာချာစီရင်ထားတဲ့ ငွေသနွပ်ဗျာ။ ကျုပ်က သနွပ်ကို လက်ထဲမှာ ဆကြည့်လိုက်တယ်။ အပေါ်ကအက်ျီတွေကို ကျုပ်ရောဆရာနွံဖပါ ချွတ်ပစ်လိုက်ကြတယ်။
ပုဆိုးတွေကို ခါးတောင်းမြှောင်အောင် ကျိုက်လိုက်ကြတယ်ဗျ။ ကျုပ်ကသနွပ်ကြိုးကို ကျုပ်ခါးမှာချည်လိုက်တယ်။ လက်ထဲကသနွပ်လွတ်ကျသွားရင် ပြန်ဆွဲယူလို့ရအောင်ပေါ့ဗျာ။
"ဟော ရေထဲက ဖြူဖြူကြီးတက်လာပြီ ဆရာကြီး"
"အေး ဟုတ်တယ် နွံဖ၊ အဲ့ဒါကန်တော်ကဝေမပဲကွ၊ စိတ်ချ ဒီကောင်မကြီးကို ကျုပ်တာဝန်သာထား"
"ဟော ကဝေမက ရေပေါ်မှာပြေးနေပြီဗျို့"
"အသာငြိမ်နေ မောင်တာတေ၊ ဒီကဝေမရဲ့နောက်ကို ကျုပ်လိုက်သွားမယ်"
အပိုင်း(၆)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment