ကျောက်တစ်လုံးသိုက်၊ အပိုင်း(၂)


အခန်းထဲမှာ ငြိမ်ငြိမ်လေးနေ မအော်နဲ့ မငိုနဲ့
သီချင်းလည်းမဆိုနဲ့၊ သွား …အခုထပြီး သွားတော့ "
မိန်းကလေးလည်း ရောဂါသည်တစ်ယောက်
မဟုတ်တော့သည့်သဖွယ် ဆရာခိုင်းသည့်အတိုင်း
ရိုသေကျိုးနွံစွာ ထသွားသည်။
ထိုကဲ့သို့ ဆရာ၏ အပြောအဆိုအောက်မှာ
သာမန်မိန်းခလေးသဖွယ် အမိန့်အားနာခံပြီးခိုင်းသည့်
အတိုင်း ပြုမူသည်ကို မြင်ကြရသော ရွာသားတို့နှင့်
မိဘနှစ်ပါးက ဆရာကို လုံးဝအထင်ကြီးသွားသည်။
"ဒီဆရာသာ ကုရင် ကျိန်းသေပျောက်လိမ့်မယ် "
"သိပ်တော်တာပဲ "
ချီးကျူးသံများ ထွက်လာသလို အားမလို အားမရ
ညည်းညူပြောဆိုသံများကိုလည်း ကြားရသည်။
"ငါတို့က မိန်းကလေးကို ပြုစားထားတဲ့နတ်နဲ့
ဒီဆရာ ဘယ်လိုပညာပြိုင်မှာလဲ ၊ ဆရာက
ဘယ်လိုနှိမ်နင်းကုသမှာလဲ …ကြည့်ချင်လို့လာတာ
ဆေးမကုသေးဘဲ အခန်းထဲ ပြန်ဝင်ခိုင်းလိုက်တယ်
အခန်းထဲမှာများ ဆရာကြီးဝင်သွားပြီး ဆေးကုမလို့လား"
"ဟာ …မင်းစကားကြီးကလဲ "
"ဆရာကြီးပြောတယ် မဟုတ်လား၊ ဆေးစီရင်စရာ
ရှိသေးလို့ ဆိုတယ်မဟုတ်လား၊ ဆေးစီရင်ပြီးရင်
ကုမှာပေါ့ "
"ငါတော့ စိတ်ဝင်စားတယ် ၊ မပြန်ဘဲ စောင့်ကြည့်
သွားရမယ်"
XXXX
ထိုအချိန်တွင် ကျောက်တစ်လုံးသိုက်ရှိရာ
တောင်ကျောသို့ ခရီးထွက်လာသော အထက်လမ်း
ဆရာကြီးနှင့် တပည့်တို့က ပေကုန်းရွာထဲ မဝင်ဘဲ
ပတ်၍ လာခဲ့ကြသည်။
ရွာအဝင်လမ်းဘေးတွင် ရွာဦးနတ်စင်ကြီးက
ညောင်ပင်ကြီးအောက်တွင် အခန့်သားရှိနေ၏။
နတ်စင်ရှေ့သို့ အရောက်တွင် ဆရာကြီးက
တစ်စုံတစ်ခုကို အာရုံပြုမိသွားသည့်အလား
ခဏမျှရပ်လိုက်သည်။
"မောင်အေး "
"ဟုတ်ကဲ့ အမိန့်ရှိပါ ဆရာကြီး "
"နတ်စင်ရှေ့ အရောက်မှာ မကောင်းတဲ့
အငွေ့အသက်ရတယ် နတ်စင်နား သွားစမ်း "
ဆရာကြီးခိုင်းသည့်အတိုင်း မောင်အေးလည်း
နတ်စင်အနီးသို့ သွားလိုက်သည်။
"မောင်အေး…နတ်စင်အောက်ကို မြင်သာသလောက်
ငုံ့ကြည့်စမ်း၊ မင်းခေါင်း နတ်စင်အောက် မရောက်စေနဲ့၊
စာရေးထားတာမျိုးတွေ တွေ့လား "
"တွေ့တယ် ဆရာကြီး …အင်းလိုလို စာလိုလို
မထင်မရှား ရေးထားသော တွေ့ပါတယ် ဆရာကြီး"
"ကဲ တွေ့တယ်ဆို ဒီကို အမြန်လာခဲ့ကွဲ့ "
"ဆရာကြီး ဒီအရိပ်အောက်မှာ စောင့်နေမယ်
မောင်အေး ရွာထဲဝင်၊ တရော်နဲ့ ကင်ပွန်းရေရှာခဲ့
စျေးဆိုင်မှ မရမှ အိမ်တွေမှာ အကူအညီတောင်း၊
နံ့သာရေပါရအောင်ယူခဲ့၊ ရေသန့်သန့် တစ်ပုံးလောက်ပါ
ရွာသားတစ်ယောက်ကို အကူအညီတောင်းပြီး
ခေါ်လာခဲ့၊ မြန်နိုင်သမျှ မြန်မြန်လေးလုပ်ခဲ့
ဆရာတို့ နောက်ကျရင် လူယုတ်မာတစ်စု
လှည့်စားတာ လူတွေ နတ်တွေ ခံရတော့မယ်
ဒီကိစ္စ မြန်မြန်ဖြေရှင်းနိုင်မှာ"
"ဟုတ်ကဲ့ ကျနော် ရွာထဲ အမြန်သွားပြီး
ရှာယူခဲ့ပါမယ် "
နာရီဝက်နီးပါး ခန့်ကြာတော့ မောင်အေးနှင့်
ရွာသားတစ်ယောက် ပြန်လာကြသည်။
ဆရာကြီးခိုင်းသည့်အတိုင်း နတ်စင်ရှေ့မှာ
အမိန့်ပြန်လိုက်သည်။ ထို့နောက် နံ့သာရေနှင့်
စာများကို ပြောင်စင်သွားအောင် ဆေးကြောလိုက်သည်။
တရော်ကင်ပွန်းရည်ဖြင့် နတ်စင်အားပက်ဖျန်း
လိုက်ပြီးနောက် ဆရာကြီးက အောင်မြင်သောအသံနှင့်။
"ကိုင်း ငါ့ဆရာအမိန့် သင်ရွာစောင့်နတ်အား
ချုပ်နှောင်ထားသော၊ အနှောင်အဖွဲ့ များကို
ဖြည်ပြီး ဖြစ်သည့်အတွက်၊ သင့်အား
ချုပ်နှောင်ခဲ့သော အောက်လမ်းဆရာ
လူယုတ်မာကို သင်ကိုယ်တိုင် နှိမ်နင်းရမယ်
ငါဆရာ အမိန့် "
XXXX
ထိုအချိန်မှာပဲ အိမ်ကြီးပေါ်တွင် ဆရာကြီးဆိုသူက
ဆေးဝါးများ စီရင်ပြီးပြီဆိုကာ မိန်းကလေးအား
အခန်းအပြင်သို့ ထွက်လာရန် အမိန့်ပေးလိုက်သည်။
"ဟဲ့ …ဆရာစုတ် နင်ကများ ရာရာစစ ငါ့ကို
ဟိန်းလား ဟောက်လား လုပ်လို့ ၊ အခု မင်းတို့
ဆရာတပည့် ငါ့အကြောင်း သိစေရမယ်"
"ဝုန်း …"
အခန်းတွင်းမှ ခုန်ထွက်လာသူမှာ ရိုသေကျိုးနွံသော
မိန်းကလေးအသွင် မဟုတ်တော့ဘဲ၊ လူသတ်တော့မည့်
မိန်းမကြမ်းတစ်ယောက်နှယ်၊ မာကြောခက်ထန်သည့်
အသွင်ကို တွေ့လိုက်ရသည်။
"တောက် …ငါ့ဆရာကို မလေးမစား၊ နင့်ကို
ငါ့အကြောင်း ပြရသေးတာပေါ့ "
"မင်းမပြခင် ငါပြမယ်ဟေ့ "
ထိုမိန်းကလေးလည်း မီးဖိုအခန်းသို့ ပြေးဝင်ပြီး
ချက်ခြင်း အပြင်သို့ ခုန်ထွက်လာသည်။
မိန်းကလေးလက်ထဲတွင် ထင်းခုတ်ဓါးကြီးပါ
လာသည်၊ ထိုဓါးကြီးကို ဝင့်ကာ၊
"ရှောင်နိုင်ရင် ရှောင်ဟေ့ …"
အောက်လမ်းဆရာနှင့် တပည့်နှစ်ယောက်တို့လည်း
အိမ်ပေါ်မှ အသက်လုပြီး ဆင်းပြေးရလေတော့သည်။
လူနာမိန်းကလေးက ဓါးကြီးကို ဝင့်ပြီး နောက်က
အတင်းလိုက်လေသည်။ ဆရာတပည့်တစ်စုလည်း
ရွာပြင်သို့ အားကုန်သုတ် ပြေးလာသလို၊
ဓါးကိုင်ထားသော မိန်းကလေးက နောက်က
ပြေးလိုက်နေသည်ကို လှမ်းမြင်လိုက်သဖြင့်
အထက်လမ်း ဆရာကြီးနှင့် မောင်အေးတို့လည်း
ညောင်ပင်ကြီးကွယ်ပြီး ပုန်းနေလိုက်သည်။
ဆရာတပည့်သုံးယောက် နတ်စင်နှင့် ဝေးအောင်
ရွာပြင်သို့ ရောက်အောင် ပြေးထွက်သွားတော့သည်။
ဓါးကိုင်မိန်းကလေးက နတ်စင်ရှေ့ရောက်သည်နှင့်
ခွေကနဲ လဲကျသွားသည်။
သစ်ပင်ကွယ်မှာ ရပ်နေသော ဆရာကြီးက
အပြင်သို့ ထွက်လာသည်။
"မောင်အေး နံသာရည်နဲ့ ဖျန်းလိုက် "
လဲနေသော မိန်းကလေး အသိဝင်လာပြီး
ထထိုင်လိုက်သည်။
"ဟင် …ကျမ …ကျမ …"
"မိန်းကလေး ဘာမှမဖြစ်တော့ဘူး ၊ မိန်းကလေးကို
အနှောက်အယှက်ပြုခဲ့တဲ့ အောက်လမ်းဆရာတွေလဲ
ပြေးပါပြီ"
ထိုအချိန် ရွာထဲက လူတချို့နှင့် မိန်းကလေး၏
မိခင်၊ ဖခင် ဆွေမျိုးသားချင်းများ ရောက်လာကြသည်။
သူတို့အားလုံး ဆရာကြီးနှင့် တပည့်မောင်အေးတို့အား
ကြည့်ပြီး အံ့အားသင့်နေကြသည်။
"ဟင် ဒီမှာလဲ ဆရာကြီးနဲ့ တပည့်တစ်ယောက်"

အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)