လူခြောက်မယား အပိုင်း(၅)
လို့ ဆုံးမစကားတွေ ပြောတယ် တာတေရေ၊ အရီးတို့လည်း မယ်ဆင့်ကို တစ်ပါတည်းခေါ်လာခဲ့တာပေါ့ဟယ်၊ သူတို့နှစ်ယောက်ကို တခမ်းတနား မင်္ဂလာဆောင်ပေးချင်ပေမယ့် ဘယ်လိုမှမဖြစ်နိုင်တော့ နင့်ဘထွေးလည်းစိတ်လျော့လိုက်ရတာပေါ့ တာတေရယ်၊ ဒါနဲ့ပဲ ဆရာတော်ကျောင်းမှာဆရာတော့်ကို အကျိုးအကြောင်းလျှောက်ပြီး မင်္ဂလာဆွမ်းကပ်ရတာပေါ့လေ။
ဆရာတော်က ဒီပကို ငယ်ငယ်ကတည်းက ကိုရင်ဝတ်ပေး၊ ပဉ္စင်းတက်ပေး လုပ်လာတာဆိုတော့ အခုတစ်ခါ မင်္ဂလာဆွမ်းကပ်တာကို လက်ခံပြီး ဆုတောင်းပေးတာပေါ့လေ"
'ဒါနဲ့ နေပါဦး အရီးရဲ့၊ ကိုကြီးဒီပနဲ့မယ်ဆင့်တို့ စကားတွေ ဘာတွေပြောနေဆိုနေကြတာကိုရော အရီးတို့ တွေ့ဖူးကြသလား"
"ဟာ…တွေ့ဖူးတာပေါ့ တာတေရဲ့၊တစ်အိမ်တည်းနေကြတာပဲဟာ၊ဒါပေမဲ့ မယ်ဆင့်တစ်ယောက်တည်းပြောတာပဲ တို့ကြားရတာပေါ့ တာတေရယ်"
"ဒါဆိုရင် သူတို့ချင်းတော့ တွေ့ရမြင်ရတော့ သေချာတာပေါ့ဗျာ"
"တခြားလင်မယားတွေလိုပဲ ပြောဆိုနေကြတာပါဟယ်၊ တစ်ခါတလေလည်း လင်ကစဟယ် နောက်ဟယ် လုပ်တယ်ထင်ပါရဲ့ဟယ်၊ မယ်ဆင့်က တခစ်ခစ်နဲ့ ရယ်လို့ဟဲ့"
"ဟား ဟား ဟား အရီးမယ်သုံတို့လည်းအထူးအဆန်းတွေ ကြုံကြရတာပဲနော်၊သြော်…ဒါနဲ့ ကိုကြီးရူပက မြို့ပြောင်းသွားတာ အဆင်ပြေနေလား အရီးရဲ့"
"ပြေတယ်ဟေ့၊ ရူပက မြို့မှာ တစ်သွေးတစ်မွေးကို ဖြစ်လို့ဟဲ့၊ နင်ကိုကြီးရူပကအခုထက်ထိ အိမ်ထောင်မပြုသေးဘူးဟဲ့၊ စီးပွားပဲရှာနေတာ တာတေရေ"
ကျုပ်မေးသမျှ စပ်စုသမျှကို အရီးမယ်သုံက အခုလိုပဲ စိတ်ရှည်လက်ရှည်ပြောပြတာဗျ။ အညာဆောင်းဗျ။ ခိုက်ခိုက်တုန်အောင် ချမ်းတဲ့လပေါ့ဗျာ။ ဒီနေ့တော့ယာထဲလည်းဆင်းစရာမရှိတာနဲ့ ကျုပ်က စောင်ခြုံပြီး အညာသားစည်းစိမ်လုပ်နေတော့တာပေါ့ဗျာ။
"တာတေ နိုးနေပြီလား၊ နိုးရင်ထတော့၊ဆရာတော့်ကျောင်းကို ဆွမ်းချိုင့်ပို့ရမယ်ကြားလား တာတေ"
"အမေ ဘာဟင်းချက်ထားလို့တုံးဗျ"
"ဟဲ့ မနေ့က မီးလောင်ကုန်းက လုံးကြည်လာပို့တဲ့ ဝက်သားချက်လို့ဟဲ့၊ ဆရာတော့်ကျောင်းတောင် ဆွမ်းချိုင့်မပို့တာကြာနေလို့ ၊ မနေ့ကတော့ နှစ်ပိဿာယူထားလိုက်တာ၊ ထတော့ မျက်နှာလေး ဘာလေးသစ်၊ ထမင်းဆာရင်လည်းစား"
"ထမင်းကြမ်းကျန်လို့လား"
"ဟဲ့ ကျန်တာပေါ့၊ ထမင်းပူလည်း ဆွမ်းချက်တာ ကျက်လို့လေ"
ကျုပ်က အိပ်ရာကထ မျက်နှာသစ်ပြီးတာနဲ့ အမေဆွမ်းခူးပြီး ကျန်တဲ့ ဟင်းအိုးထဲက ဝက်သားဟင်းနဲ့ ထမင်းကြမ်းစားလိုက်တယ်။ ကျုပ်စားသောက်ပြီးတာနဲ့ အမေကလည်း ဆွမ်းချိုင့် အဆင်သင့်ပြင်ပြီးသားဗျ။ ကျုပ်လည်းအဝတ်အစားလေးလဲပြီး ဆွမ်းချိုင့်ဆွဲပြီး ထွက်လာခဲ့နာပေါ့ဗျာ။
"ဟဲ့…နွား၊ သြော် ဒီနွားဟာလေ၊အဖြောင့်ကိုမဆွဲဘူး၊ ဟဲ့…ဟာ၊ဒီနွားတော့"
ရွာလယ်လမ်းအတိုင်း မောင်းလာတဲ့လှည်းကို ကျုပ်က ရှောင်ပေးလိုက်တယ်။ကျုပ်တို့ရွာရဲ့ ရွာလယ်လမ်းက အကျယ်ကြီးဗျ။ လှည်းနှစ်စီးတော့ အသာလေးကိုရှောင်နိုင်တာဗျ။
"ဟာ …ဘထွေးတို့ပါလား၊ ဘယ်သွားကြမလို့တုံး"
ဘထွေးဖိုးဆန်းရယ်၊ အရီးမယ်သုံရယ်၊အစ်မမယ်ဆင့်ရယ်ဗျ။
"ဟ တာတေ၊ ချိုင့်ကြီးဆွဲလို့ ဘယ်သွားမို့တုံး"
"ဆရာတော့်ကျောင်းကို အမေဆွမ်းချိုင့်ပို့ခိုင်းလို့ ဘထွေးရ"
"မင်းအစ်မ မယ်ဆင့်ရဲ့အဖေ သိပ်နေမကောင်းဘူးဆိုလို့သတင်းမေးသွားကြမလို့ဟေ့"
"သြော်…ရုံးထောင့်ကိုပေါ့"
"အေးလကွာ၊ ရုံးထောင့်သွားမှာ မင်းအလည်လိုက်မလား တာတေ"
"ဟာ မလိုက်သေးပါဘူး ဘထွေးရ"
"ဟဲ့နွား တည့်တည့်ဆွဲစမ်း"
လှည်းက ဆက်မောင်းသွားတယ်။အရီးနဲ့ အစ်မမယ်ဆင့်က ကျုပ်ကိုပြုံးပြီးနှုတ်ဆက်သွားကြတယ်ဗျ။ လှည်းကျော်သွားတော့မှ ကျုပ်ကတွေးမိတာ၊ ဒီလှည်းပေါ်မှာ ကိုကြီးဒီပလည်းပါမှာပဲလို့။
ကျုပ်က သိပြီးသားဗျ။ ဆရာတော့်ကျောင်းကိုရောက်ရင် တော်တော်နဲ့ပြန်ရတာ မဟုတ်ဘူးဗျ။ ကျောင်းဝေယျဝစ္စတွေကို ဆရာတော်က ခိုင်းတာဗျ။ တစ်ခါတလေကျတော့လည်းဆရာတော်က သူအဂ္ဂိရတ်ထိုးတဲ့ ဖိုခန်းထဲမှာခေါ်ပြီး ဖိုဆွဲခိုင်းနေတာဗျ။ကျုပ်က ဖားဖိုတော့ ကောင်းကောင်းဆွဲတတ်တယ်ဗျို့။
"အဂ္ဂိရတ်ပညာဆိုတာ မီးအဓိကပဲကွ တာတေရ၊ မင်းနားလည်ရမှာကမီးကြီး၊ မီးလတ်၊ မီးနုံ့ ဒီသုံးမျိုးသိရမှာ၊မီးကြီးကို ဒဟတေဇောလို့ ခေါ်တယ်၊မီးနုံ့ကိုတော့ သီတတေဇောလို့ခေါ်တယ်၊ ပါစကတေဇောလို့လည်းခေါ်ကြတယ်ကွ၊ ထမင်းအိုးဆူအောင်တဲ့ မီးကဒဟမီးပေါ့ တာတေရ"
ဒီနေ့တော့ ဆရာတော်က အဂ္ဂိရတ်ဆရာကြီးတစ်ယောက်နဲ့ အကြိတ်အနယ် ဆွေးနွေးနေကြတာဗျို့။ကျုပ်က ဆွမ်းပွဲသေသေချာချာပြင်နေတာဗျ။ ကိုရင်လေးတွေက ကျုပ်ကို ကူပြီးပြင်ပေးကြတယ်။ ဆွမ်းခံကြွတဲ့ ကိုရင်တွေလည်း ခုမှဆွမ်းခံဝင်ရုံ ရှိသေးတာဗျ။
"ဒကာကြီးရဲ့ ကျောက်နဂါး အသားကိုထုချေ၊ အရည်ကိုညှစ်ယူ၊ လေးတူဖားနဲ့ နဂါးတစ်ကောင်နှောစီးလေဖောင်သင်္ဘော၊ ရေကျော်ရေဖြတ်ကိုလည်း နားလည်စေလို့ အိန္ဒာစရိယဆရာတော် မိန့်ခဲ့တယ် မဟုတ်လားဗျ၊ ကျောက်နဂါးဆိုတာ ကျောက်ဆေးဒန်းကို ပြောတာလေဗျာ"
"မှန်ပါဘုရား"
"ဖားဆိုတာ ငွေဗျ၊ နဂါးဆိုတာ နာကိုပြောတာဗျ"
"မှန်ပါဘုရား"
"ဟဲ့ တာတေ၊ ဆွမ်းချိုင့်လာပို့တာလား၊မင်းလည်း ခုတလော တော်တော်ငြိမ်တယ်နော်၊ မင်းဆရာကြီးတွေလည်းရောက်မလာ ကြာပေါ့ကွဲ့"
"မှန်ပါ့ဘုရား၊ ဆရာကြီးတွေ ရောက်မလာကြတော့ တပည့်တော်လည်း ငြိမ်နေရတာပါဘုရား"
"အေး အေး၊ ဒကာကြီးနဲ့ ဒကာမကြီးရော နေကောင်းကြရဲ့လားကွ"
"နေကောင်းကြပါတယ်ဘုရား"
"အေး အေး၊ ဒကာမကြီးက ဘာဆွမ်းဟင်းတွေများ ချက်ပေးလိုက်တာတုံးတာတေ"
"ဝက်သားဟင်းပါဘုရား"
အပိုင်း(၆)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment