ကန်တော်ကဝေမ ၊ အပိုင်း(၆)
ပြောပြောဆိုဆို ဆရာကြီးက ကန်တော်ကဝေမထွက်သွားတဲ့ဘက်ကို ဆေးလွယ်အိတ်တစ်လုံးလွယ်ပြီး လိုက်သွားလေရဲ့။ ကျုပ်နဲ့ဆရာနွံဖပဲ ကျန်နေတာဗျို့။ မကြာခင်မှာပဲ လမွန်းတည့်ပြီဗျ။
"ဝုန်း"
ဟာ ရေထဲက လှိုင်းလုံးကြီးထသွားတာဗျို့။ ဟာ မိချောင်းကြီးပါလား။ နည်းတဲ့အကောင်ကြီးမှမဟုတ်တာ။ ခေါင်းတိုကြီးဗျ။ ခေါင်းကကို တင်းတောင်းလောက်ရှိမလားပဲဗျ။ ဆရာနွံဖက ပါးစပ်ကမန်တန်တွေရွတ်နေပြီဗျို့။ သန်းခေါင်ကျော်အောင် စောင့်နေပုံပဲဗျ။
"ဝုန်း ဖျန်း"
အလို ရေထဲကနေခေါင်းကြီးထိုးထွက်လာပြီး အမြီးမည်းမည်းကြီးနဲ့ ရေကိုဖျန်းကနဲရိုက်ပြီး ပြန်ငုပ်သွားတာဗျို့။ ဆရာနွံဖက လကို တစ်ချက်မော့ကြည့်တယ်ဗျ။
"ဝုန်း"
ဟော ပေါ်လာပြန်ပြီဗျ။ ဟုတ်တယ်ဗျို့။ သန်းခေါင်ကျော်သွားလို့ထင်တယ်။ လှုပ်ရှားတာစောစောကလောက် မကြမ်းတော့ဘူးဗျ။ တာတေကတော့ လက်ထဲကငွေသနွပ်ကြီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်ဗျို့။
"တာတေ အချိန်ကျပြီ၊ ငါအရင်သွားမယ်၊ ငါနဲ့ဒီကောင်နဲ့ သေသေချာချာ ခွဲနော်။ ငါကအဖြူ ဟိုကောင်ကအမည်း။ မမှားစေနဲ့ကြားလား"
ဆရာနွံဖ ဘာကိုပြောပါလိမ့်လို့ ကျုပ်စဥ်းစားနေတုန်းမှာ
"ဝုန်း"
ဆရာနွံဖ ရေထဲကို ခုန်ချသွားတယ်ဗျ။
"ဝုန်း၊ ဖျန်း"
ဟာ ရေထဲကလှိုင်းလုံးကြီးထပြီး ခေါင်းကြီးပေါ်လာပြီ။ ရေကိုအမြီးကြီးနဲ့ ရိုက်လိုက်တယ်ဗျ။ ဟင် ဒါ မိချောင်းဖြူကြီးပါလား။
ဪ ဒီလိုကိုး။ ဒီတော့မှ တာတေဆိုတဲ့ကောင်က သဘောပေါက်သွားတာဗျို့။ ဆရာနွံဖက ရုပ်ပြောင်းရုပ်လွဲမှော်ပညာနဲ့ မိချောင်းဖြူကြီးအသွင်ယူပြီး တိုက်ခိုက်မှာကိုး။ ကဲ ကျုပ်အလှည့်ပေါ့။ ကျုပ် ငွေသနွပ်ကို လက်ထဲမှာ တင်းတင်းဆုပ်ပြီူ ရေထဲကို ခုန်ချလိုက်ပြီဗျို့။
"တာတေတဲ့ဟေ့"
"ဝုန်း"
ရေထဲရောက်ရောက်ချင်းတော့ တာတေဘာကိုမှ မမြင်ရဘူးဗျို့။ ခဏပဲ။ ခဏကလေးပဲ။ လရောင်ကြောင့်လား။ တာတေသောက်ထားတဲ့အင်းတွေရဲ့ အစွမ်းလားတော့မသိဘူးဗျ။ ရေအောက်ကို တာတေမြင်နေရတယ်။ ဟာ လှိုင်းလုံးကြီးတွေ တာတေ့ကိုပြေးဆောင့်ပြီဗျို့။ ကျုပ်ဖြင့်နောက်ကိုတစ်လံလောက်တောင် လွင့်ထွက်သွားသဗျ။ ဟာ မိချောင်းကြီးနှစ်ကောင် လုံးထွေးနေတာဗျို့။ တစ်ကောင်ကအမည်းကြီးဗျို့။ တစ်ကောင်ကဖြူဖြူကြီးဗျ။ အမည်းကြီးက ကျောက်မိချောင်းကြီးပေါ့ဗျာ။ အဖြူကြီးက ကျုပ်ဆရာနွံဖပေါ့။
"ဝုန်း ဝုန်း ဝုန်း"
ဟာ တိုက်ပွဲကတော့ တော်တော်ကို ပြင်းထန်နေပြီဗျို့။ ကျုပ်လည်း ငွေသနွပ်ကို သေသေချာချာ ကိုင်ပြီး အနားတိုးသွားလိုက်တယ်ဗျ။
"ဝုန်း ဖျန်း အား"
ဝုန်းဆိုတာ မိချောင်းကြီးနှစ်ကောင်လူးလိုက်တဲ့အသံဗျ။ ဖျန်းဆိုတာအမည်းကောင်ကြီးရဲ့အမြီးနဲ့ ကျုပ်ကိုရိုက်မိတာဗျို့။ အားဆိုတာကရေထဲမှာ ကျုပ်လန့်အော်လိုက်တာ။ ဒါပေမယ့် ရိုက်မိတဲ့အရှိန်နဲ့ကျုပ်က ရေပေါ်ကိုတစ်လံလောက်မြောက်တက်သွားတာလေ။ ဒီတော့ကျုပ်အော်လိုက်တဲ့အသံကြီးက လေထဲမှာလွှင့်ထွက်သွားတာပေါ့ဗျာ။
ကျုပ်ရေထဲကိုပြန်အကျမှာ ရေထဲကိုချက်ချင်းငုပ်ပြီး မိချောင်းကြီးတွေကိုလိုက်ရှာရတာပေါ့ဗျာ။ ဟာ တွေ့ပြီဗျို့။ ကန်အောက်ခြေကနွံထဲမှာ နှစ်ကောင်သားလုံးနေတာဗျို့။ အမည်းကောင်ကြီးကအပေါ်ရောက်လာလိုက်။ အဖြူကြီးကအပေါ်ရောက်လာလိုက်နဲ့ ကျုပ်အသက်ကို နာနာအောင့်ပြီး အနားကိုကပ်လာခဲ့ရတာပေါ့ဗျာ။ စောစောက လေပေါ်ကိုမြှောက်အတက်မှာ ကျုပ်ကအသက်ကိုတစ်ဝကြီးရှူခဲ့တာဗျို့။ ဟာ အမည်းကြီးကအပေါ်ကနေပြီး အဖြူကောင်ကြီးကိုဖိကိုက်နေတာဗျ။ တွေ့ကြသေးတာပေါ့ကွာ။ ငါ့ဆရာနွံဖကိုကိုက်တဲ့အကောင်။ ကျုပ်ဆရာခံနေရတာတွေ့တော့ကျုပ်သွေးတွေချက်ချင်းဆူပွက်သွားပြီး ငွေသနွပ်ကိုလက်နဲ့စုံကိုင်ပြီး မိချောင်းမည်းကြီးရဲ့လက်ပြင်ကနေ အားကိုစိုက်ထည့်လိုက်တာဗျို့။
"ကဲကွာ ကဲ သေပေတော့"
အသားထဲကိုစိုက်ဝင်သွားတဲ့သနွပ်ပင်ကြီးကို ကျုပ်အားနဲ့ထပ်ဖိပြီး သွင်းလိုက်တာဗျို့။
"ဝုန်း"
မိချောင်းကြီးချက်ချင်းကို ထွန့်ထွန့်လူးသွားတာဗျို့။ မိချောင်းဖြူက ချက်ချင်းရုန်းထွက်ပြီး အမည်းကောင်ကြီးကို ကိုက်တော့တာပဲဗျ။ အမည်းကောင်ကြီးက ကန်ထဲမှာ လှည့်ပတ်ပြေးတာပေါ့ဗျာ။ ကျုပ်လည်း ထပ်ပြီးအသက်မအောင့်နိုင်တော့တာနဲ့ရေပေါ်ကို ပေါ်ခဲ့ရတာပေါ့ဗျာ။ ဒါပေမယ့် သနွပ်ကြိုးက ကျုပ်ခါးမှာချည်ထားတာဆိုတော့ ကျုပ်ကရေပေါ်ပြီး အသက်ရှူလိုက်၊ အောက်ကမိချောင်းကြီးကဆွဲတော့ရေထဲ ပြန်ပြုတ်ကျလိုက်ဖြစ်နေရောဗျို့။ မိချောင်းမည်းကြီးက ကန်ကိုပတ်ပြီးကူးပြေးသေးတာဗျ။ ခဏကြာတော့မှ ငြိမ်သွားတယ်။ မိချောင်းဖြူကြီးကလည်း တောက်လျှောက်ကိုလိုက်ကိုက်နေတာဗျို့။ ဟော ငြိမ်သွားပြီ။ ငြိမ်သွားပြီ။ ဟာ မိချောင်းကြီးက ကျောက်ရုပ်ကြီးဖြစ်သွားပြီဗျို့။ ကျုပ်ရဲ့ငွေသနွပ်ကြီးကလည်းကျွတ်ထွက်သွားပြီဗျ။ ကျုပ်ကကြိုးကနေကိုင်ပြီး ငွေသနွပ်ကို ပြန်ဆွဲယူထားလိုက်တယ်။ ကျုပ်လက်ထဲကို သနွပ်ပြန်ရောက်ပြီ။
ဟာ ကွဲသွားပြီဗျို့။ ကျောက်မိချောင်းကြီးကအက်ကြောင်းကြီးတွေပေါ်လာပြီး ကွဲထွက်သွားပြီဗျို့။ ဟင် မိချောင်းဖြူကြီးချက်ချင်းရေပေါ်ကိုထိုးတက်သွားပြီဗျ။ ကျုပ်လည်း ရေပေါ်ကိုပေါ်ပြီး ကန်စပ်ကို ကူးရတာပေါ့ဗျာ။ ကန်စပ်ကိုတက်လိုက်တော့သစ်ပင်တစ်ပင်မှာမှီပြီးထိုင်နေဆဲ ဆရာနွံဖကိုတွေ့လိုက်ရတယ်။ တော်ပါသေးရဲ့ဗျာ။
"တာတေရေ မင်းရဲ့ သတ်တိကတော့ ပြိုင်စံရှားပဲကွာ"
လို့ ဆရာနွံဖက ဆီးပြီးပြောတယ်ဗျ။
အပိုင်း(၇)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment