တစ်ပွဲတိုး အောက်လမ်း ၊ အပိုင်း(၆) ဇာတ်သိမ်းပိုင်း
"သမီး သူတို့ကို ကလဲ့စားချေချင်တယ် အမေ။
ကလဲ့စားချေဖို့ အသက်ဆက် ရှင်နေရတာပါ။
သူတို့ကို ကလဲ့စားချေနိုင်ဖို့ သမီးကို
အမေ့ပညာသင်ပေးပါ…"
နှလုံးသားချင်း ထပ်တူကျနေတဲ့ အဘွားကလည်း
ခင်ခင်ဦးရဲ့ ဆန္ဒကို မကန့်ကွက်ဘူး။
ခင်ခင်ဦး လုပ်ချင်တဲ့အတိုင်း လုပ်နိုင်အောင် ကူညီတယ်။
အောက်လမ်းပညာအတတ်ကို သင်ပေးတယ်။
တစ်ခုရှိတာက အောက်လမ်းပညာကို
ပြည့်ပြည့်စုံစုံ သင်ပေးတာ မဟုတ်ဘဲ
တစ်ပွဲတိုး အောက်လမ်းပညာကိုပဲ သင်ပေးတယ်။
တစ်ပွဲတိုး အောက်လမ်းပညာက တစ်ပွဲ တစ်ကြိမ်ပဲ
အသုံးပြုလို့ရတဲ့ အတတ်ပညာ။
တစ်ကြိမ် အသုံးပြုပြီးတာနဲ့ အောက်လမ်းပညာတွေ
သူ့ကိုယ်က ခွာသွားတယ်။
ဒီပညာကို မတတ်တဲ့ ရိုးရိုးသာမန်လူတစ်ယောက်
ပြန်ဖြစ်သွားတယ်။
ကောင်းတာက ဒီတစ်ပွဲတိုး အောက်လမ်းပညာကို
ကမ္မဇိဒ္ဓိ တန်ခိုးကြီးတဲ့ နတ်တွေက
စောင့်ရှောက်ကူညီပေးကြတယ်။
ဒါ့ကြောင့် တော်ရုံဆရာတစ်ယောက်အနေနဲ့
ကြားဝင်ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး။
တစ်ပွဲတိုးအောက်လမ်းပညာကို ပိုင်ပိုင်နိုင်နိုင်
တတ်မြောက်တာနဲ့ ခင်ခင်ဦး ရွာကို ပြန်လာတယ်။
ဘယ်သူမှမရိပ်မိအောင် ကိုယ်ရှိန်သတ်ပြီး
အခြေအနေကို စောင့်ကြည့်ခဲ့တယ်။
အခွင့်သာတဲ့တစ်နေ့မှာ သူ့ရဲ့ အဆုံးစွန်သော
ကလဲ့စားချေမှုကို ပြုလုပ်လိုက်တာပဲ ဖြစ်တယ်။
"သမီးက ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရသူဆိုတော့
ဆရာကြီး ဘာမှမပြောလိုပါဘူး…
ဘယ်လိုပဲဖြစ်ဖြစ် ကလဲ့စားချေတယ်ဆိုတာက
ရန်ကို ရန်ချင်း တုံ့နှင်းတာသာဖြစ်တဲ့အတွက်
မကောင်းဘူးလို့ ဆရာကြီး ပြောချင်တယ်…"
ခင်ခင်ဦးရဲ့ စကားအဆုံးမှာ ဆရာကြီးဦးကြာညွန့်က
ဆုံးမတယ်။
"ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတာ
သမီးနားလည်ပါတယ်…
ပြုခဲ့မိတဲ့ အပြစ်ရဲ့ရန်ကြွေးရှိရင်လည်း
သမီးအပြုံးမပျက် ခံယူပါ့မယ်…
ဒီဘဝမှာတော့ သမီးခံစားခဲ့ရတဲ့
လောကငရဲအတွက် ။ မရှုမလှ သေပွဲဝင်ခဲ့ရတဲ့
သမီးလေးအတွက် ကလဲ့စား ချေလိုက်ရတာကိုပဲ
ကျေနပ်မိတယ် ဆရာကြီး…"
ဆရာကြီး ဦးကြာညွန့် ခင်ခင်ဦးရဲ့
မျက်နှာကို ကြည့်လိုက်တယ်…
ခင်ခင်ဦးမျက်နှာက တည်ငြိမ်နေတယ်။
တစ်ပွဲထိုး အောက်လမ်းပညာနဲ့
လူ့အသက်တွေသေတဲ့အထိ
သူ့ရဲ့ရက်စက်တဲ့ လက်စားချေမှုကို ဘယ်ပုဒ်မ
ဘယ်ဥပဒေနဲ့မှ အရေးယူလို့မရပေမဲ့။
သံသရာထဲက ဘဝတစ်ခုမှာတော့ ဒီအပြစ်ရန်ကြွေးကို
မဖြစ်မနေ ပေးဆပ်ရမယ်ဆိုတာ သိနေတဲ့မျက်နှာ။
ဒီလို အပြစ်ကြွေးဆပ်ရမယ့်အချိန် ကျရောက်လာရင်လည်း
ရဲရဲဝံ့ဝံ့ ခံယူလိုက်မယ်ဆိုတဲ့ မျက်နှာမျိုးဆိုတာ
ဆရာကြီး ဦးကြာညွန့် သတိပြုမိလိုက်တယ်။
"ဒီအချိန်ကစပြီး ရတနာသုံးပါးကို
ကိုးကွယ်အားကိုးရာဟူ၍ ဆည်းကပ်ပူဇော်ပါ…
ကဲ…ဆရာကြီးပြန်မယ် သမီး…"
ခင်ခင်ဦး ဆရာကြီးကို ပုဆစ်ဒူးတုပ်ပြီး
ထိခြင်းငါးပါးနဲ့ ကန်တော့တယ်။
"ဆရာကြီးရဲ့စကားကို မြေဝယ်မကျ
နားထောင်ပါ့မယ်…"လို့ ကတိပြုတယ်။
ဆရာကြီးဦးကြာညွန့် ပြန်သွားချိန်မှာတော့
ခင်ခင်ဦး မျက်လုံးအိမ်က မျက်ရည်တွေ
တပေါက်ပေါက် ကျလာတယ်။
ပြီးတော့ ရှိုက်ကြီးတငင် ငိုချလိုက်တယ်။
ဒီငိုကြွေးခြင်းဟာ ကလဲ့စား ချေလိုက်ရတဲ့အတွက်
ဝမ်းသာလွန်းလို့ ငိုတဲ့ ငိုကြွေးခြင်းလား…
သံသရာခရီးရှည်ကြီးကို မျှော်တွေးရင်း
ကြောက်လန့်လို့ ငိုကြွေးခြင်းလား…
သူ့စိတ်ထဲ နှလုံးသားထဲမှာ ဘယ်လိုခံစားရမှုမျိုးနဲ့
ငိုတဲ့ ငိုကြွေးခြင်းဖြစ်မလဲ…
ခင်ခင်ဦးကလွဲပြီး ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။ ။
ပြီးပါပြီ
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။
Comments
Post a Comment