လူသားစား ကဝေ အပိုင်း(၅)
"ဟုတ်ပြီဗျို့။ဟုတ်ပြီ။ အဲဒီရွာကို ဒီကောင် ရွေးထားတာဗျာ။
ဒါကြောင့် ဆင်ခေါင်းတောင်ဘက်မှာ တဲတွေ ဘာတွေ ထိုးပြီး
အဆင်သင့် ပြင်နေတာပေါ့ ။ဟုတ်ပြီဗျို့။ကဲ မနက်ဖြန်
ကျုပ်တို့ ကျောက်ထပ်ရွာကို သွားမယ် ။ မနက်ဖြန်ဆိုရင်
သောကြာမို့လား။စနေဆိုရင် ဒီကောင် အလုပ်,လုပ်တော့မှာဗျ"
ကျုပ်တို့တွေ အဲဒီည အိပ်ရာဝင်တော့ အရုဏ်တက်ကာ
နီးပြီဗျို့။ဆရာကြီးကတော့ မအိပ်တော့ဘဲ ဘုရားခန်းမှာ
ဘုရားရှိခိုးပြီး ပုတီးစိပ်နေတာကို တွေ့ရတယ်ဗျ။
ကျုပ်တော့ အိပ်ပျော်သွားလိုက်တာ နောက်တစ်နေ့
မနက်ရောက်လို့ ဆရာနွံဖက နှိုးမှပဲ နိုးတော့တာဗျို့။
စောရအေးတို့ အိမ်ကကျွေးတဲ့ ကောက်ညှင်းပေါင်းနဲ့
ဆတ်သားခြောက်မီးဖုတ်ကလေးကို အားရပါးရစားပြီးတာနဲ့
ရိုးမခရီးကို ထွက်ခဲ့ကြတယ်။
ကျောက်ထပ်ကိုရောက်တော့ ညနေ နေစောင်းနေပြီ။
ကျောက်ထပ်မှာတော့ စောရေအေးက ရင်းနှီးတဲ့
မိတ်ဆွေ မရှိဘူးဗျ။ မန်းအောင်ပွင့်ရဲ့ မိတ်ဆွေ
တစ်ယောက်အိမ်မှာ တည်းကြရတာပေါ့။
မန်းအောင်ပွင့်ပဲ ရွာထဲထွက်ပြီး
သတင်းထောက်လှမ်းရတာပေါ့ဗျာ။
နှစ်နာရီလောက်ကြာတော့မှ မန်းအောင်ပွင့်
သုတ်သုတ် သုတ်သုတ်နဲ့ ပြန်လာတယ်ဗျို့။
ဆရာကြီးက မန်းအောင်ပွင့် ပြန်လာတဲ့ပုံစံကို
ကြည့်ပြီး …
"ဟာ မန်းအောင်ပွင့်တော့ အကြောင်းထူးလာပြီထင်တယ်"
လို့ ဆီးကြိုပြောလိုက်တယ်ဗျ။ မန်းအောင်ပွင့်က
ဆရာကြီးရှေ့မှာ ဝင်ထိုင်လိုက်ပြီး …
"ဆရာကြီးရေ…ကျုပ်ပြောတဲ့ ကရင်သင်တိုင်းနဲ့
လူကြီး ရွာထဲက ထွက်သွားတာ တွေ့ခဲ့တယ်ဗျ
ရွာထဲကို ဘာတွေဝင်လုပ်နေတာလဲ မသိဘူးဗျို့"
"အေး သူရွာပြင်ထွက်သွားတဲ့ လမ်းကြောင်းကို
မှတ်မိသလား"
"ဟာ မှတ်မိတာပေါ့ ဆရာကြီးရဲ့"
"အဲဒီလမ်းကြောင်းက ဘယ်ဘက်ကို ဦးတည်တုံးဗျ"
"အဲဒီလမ်းကြောင်းက နေဦး ဆရာကြီးရဲ့။
ဟာ သိပြီဗျို့။အဲဒီလမ်းကြောင်းက ဆင်ခေါင်းတောင်ဘက်ကို
ဦးတည်တာဗျို့"
"အေး ဒါဆို နေရာကျပြီကွဲ့။မနက်စောစောထပြီး
လုပ်ငန်းစပေတော့ မောင်တာတေရေ"
ဆရာကြီးက ကျုပ်ဘက်ကို လှည့်ပြီး ပြောတယ်ဗျ။
"ဟုတ်ကဲ့ ကျုပ် အဆင်သင့်ပါပဲ ဆရာကြီး"
လို့ ကျုပ်က ပြန်ပြောတော့ ဆရာကြီးက ခေါင်းညိတ်ပြီး
"မနက်ဖြန် မနက်ပိုင်း တစ်ခု,ခုလေး စားပြီးတာနဲ့
မောင်တာတေက ထင်းခွေမယ့်ပုံစံနဲ့ ဓါးမတိုကလေး
ခါးထိုးပြီး တောထဲကို ဝင်ပေတော့။ မနေ့က ကဝေ
ဝင်သွားတဲ့လမ်းကို မန်းအောင်ပွင့်ကလိုက်ပြလိမ့်မယ်
ဘာမှမကြောက်နဲ့။ မန်းအောင်ပွင့်နဲ့ စောရေအေးက
လက်နက်ကိုယ်စီနဲ့ မလှမ်းကမ်းက ပါလာမှာ သိလား။
မောင်တာတေ တစ်နေရာမှာ ကဝေနဲ့ တွေ့ရမှာပဲ။
မင်းကို နာမည်ဘယ်လိုခေါ်လဲ။ ဘာနေ့သားလဲ မေးရင်
တာတေလို့ ပြောပေါ့။ စနေသားလို့ပြော။ ဘယ်ရွာမှာ နေလဲလို့
မေးရင် ကျောက်ထပ်မှာနေတယ်ပေါ့ ။ သူက တို့ဆေးတို့မှာပဲ။
မင်းကို မနက်စောစော မသွားခင်မှာ ဆရာကြီး
အင်းတစ်ချပ် တိုက်ထားမယ် ။ တို့ဆေး မမိနိုင်တဲ့
အင်းပါပဲ။'သံချပ်ကာအင်း'လို့ခေါ်တယ်။
မောင်တာတေရဲ့ တစ်ကိုယ်လုံးကို သံချပ်ကာအင်္ကျီ
ဝတ်လိုက်သလို ဖြစ်တာပေါ့ကွာ"
"ဟုတ်ကဲ့ပါ ဆရာကြီး"
"အေး ဆရာကြီးပြောမယ် ကဝေတို့ဆေးက မောင်တာတေကို
ဘာမှမဖြစ်ပေမယ့် ဖြစ်ချင်ဟန်ဆောင်ရမယ်။ ကဝေက
အမိန့်တွေပေးရင် အိပ်ပျော်နေတဲ့လူလို သူခိုင်းတာတွေ
အကုန်လိုက်လုပ်ပေတော့ ။ နည်းနည်းမှတော့
ဟန်မပျက်စေနဲ့နော်"
"စိတ်ချပါ ဆရာကြီး"
"အေး မင်းကို ဘယ်ခေါ်သွားတယ်ဆိုတာကို စောရေအေးတို့က
သေသေချာချာ ကြည့်ပြီးမှ တစ်ယောက်ပြန်လာပြီး ကျုပ်နဲ့
နွံဖကို ခေါ်လိမ့်မယ်။ ဒီအစီအရင်ကို နေဝင်ပြီးမှ စီရင်လို့ရတာကွ။
တစ်နေ့လုံး မင်းကို ဒီကောင် ဘာမှမလုပ်ဘူး သိလား"
"ဟုတ်ကဲ့ ဆရာကြီး"
"အေး ကျုပ်နဲ့ နွံဖ ရောက်ရင် မင်းကို ကျုပ်တို့ရောက်ကြောင်း
တစ်နည်းနည်းနဲ့ ဆက်သွယ်မယ်။ သတိတော့ မလစ်စေနဲ့နော်
မောင်တာတေ"
"စိတ်ချပါ ဆရာကြီး"
"မင်းကို ယစ်ပူဇော်ကာနီးပြီဆိုတော့မှ ရုတ်တရက်ထပြီး
ကျုပ်တို့ဘက်ကို ပြေးပေတော့ သိလား။ ကျန်တာကတော့
ကျုပ်အလုပ်ပေါ့ကွယ်"
"ဟုတ်ကဲ့ပါ ဆရာကြီး ကျုပ်ကို စိတ်မပူပါနဲ့ "
"အင်း မင်းလို သတ္တိကောင်းတဲ့ လူမျိုးတော့ ကျုပ်တစ်သက်
မတွေ့ဖူးပါဘူး မောင်တာတေ"
လို့ ဆရာကြီးက ပြောပြီး အဲဒီညစောစောပဲ ဘုရားရှိခိုးကြတယ်
ဆရာကြီးရယ် ဆရာနွံဖရယ် စောရအေးရယ် ဘုရားဝတ်တက်ပြီး
ပုတီးစိပ်ကြတယ်။ မန်းအောင်ပွင့်နဲ့ ကျုပ်ကတော့ အိပ်ရာဝင်ပြီး
အိပ်ကြတော့တာပေါ့ဗျာ။
XxXXX
ဒီမနက်တော့ စောစောနိုးတယ်ဗျို့။ကျုပ်နိုးတော့ တောဓလေ့အတိုင်း
ထမင်းကြမ်းစား ရေနွေးကြမ်းသောက်ကြတာပေါ့ဗျာ။
အားလုံးစားသောက်ပြီးတော့မှ ဆရာကြီးက…
"ကိုင်း လာ မောင်တာတေ ။ ဘုရားရှိခိုးပေတော့"
လို့ ခိုင်းတယ်။ ကျုပ်လည်း ဆရာကြီးခိုင်းတဲ့အတိုင်း
ဘုရားကို ရှိခိုးတယ်။ ဆရာကြီးက အင်းတစ်ချပ်ကို
ပြာချပြီး ရေဖျော်တိုက်တယ်ဗျ။ပါးစပ်ကလည်း
မန္တန်တွေ ရွတ်ဖတ်နေတယ်။
"ကဲ မောင်တာတေ သံချပ်ကာအင်းကို သေသေချာချာ
နှိုးထားလိုက်ပြီကွဲ့။ ဘာမှ မကြောက်နဲ့။ ဒါပေမဲ့
ဟန်တော့ ကောင်းဖို့ လိုတယ်နော်"
"ဟုတ်ကဲ့ ဆရာကြီး"
"ကဲ သွားပေတော့ မန်းအောင်ပွင့်နဲ့ စောရေအေးက
မောင်တာတေကို အထူးဂရုစိုက်ကြနော် ။တစက်ကလေးမှ
မျက်ခြည်မပြတ်စေနဲ့ "
"ဟုတ်ကဲ့ပါ ဆရာကြီး"
လို့ စောရအေးက ပြောတယ်။ပြီးတော့ စောရေအေးက
ဓါးရှည်တစ်ချောင်း မန်းအောင်ပွင့်က ဒူးလေးနဲ့
မြားကျည်တောက်ကိုလွယ်တယ်။
အပိုင်း(၆)ဆက်ရန်..
မူရင်းရေးသားသူ=တာတေ

Comments
Post a Comment