လူခြောက်မယား အပိုင်း(၃)
'အဘ ကျုပ်က ဝဋ်ကြွေးတစ်ခုကြောင့်အခုလိုဘဝကို ရောက်ရတာပါ၊ ဒါပေမဲ့လူခြောက်ဆိုတိုင်းလည်းအားလုံးအတူတူချည်းမဟုတ်ဘူး အဘရဲ့၊ ကျုပ်မှာကကုသိုလ်ကံတွေ အများကြီး ရှိခဲ့တာပါ၊အဘတို့ ကျုပ်ကို မမြင်ရပေမယ့် ကျုပ်က လုပ်နိုင်ပါတယ် '
လို့ ပြောသတဲ့ဟေ့။ ဒါနဲ့ နင့်ဘထွေးက'ဒီလိုဆိုလည်းငါ့သားသဘောပါပဲ၊ အဘနဲ့ ယာထဲလိုက်ခဲ့ပေါ့ 'လို့ ပြောလိုက်တယ်ဆိုပဲ။ မနက်အိပ်ရာထတော့ 'မယ်သုံရေ
ထမင်းကို နှစ်ယောက်စာထည့်ကွာ၊ နင့်သား ဒီပပါ ယာထဲလိုက်ပြီး အလုပ်လုပ်မယ် ပြောတယ်'
'ဟင်…ဟုတ်ရဲ့လား ကိုဖိုးဆန်းရယ်၊သူက လုပ်နိုင်ပါ့မလားတော်'
'ဒါတော့ ငါလည်း မသိဘူး မယ်သုံရဲ့၊ညက အိပ်မက်ထဲမှာ ပြောတာတော့ငါတို့က သူ့ကို မမြင်ရပေမယ့် သူကလုပ်နိုင်တယ်တဲ့ဟေ့၊ ကဲ ကဲ ဒါတွေနောက်တော့ သိရမှာပဲ၊ ထမင်းသာငါတို့သားအဖ စားဖို့ နှစ်ယောက်စာထုတ်လိုက်'တဲ့ဟေ့၊ နင့်ဘထွေးကအဲဒီလိုပြောတော့ ငါကလည်း ထမင်းထုပ်နှစ်ထုပ် ထုပ်ပေးရတာပေါ့ဟာ၊ညနေ နင့်ဘထွေး ယာထဲက ပြန်လာတော့ ငါက အသာလေး ကပ်မေးကြည့်တာပေါ့ဟယ်၊ ကိုဖိုးဆန်းဘယ်လိုတုံး၊ တော့်သားက တော့်ကိုတကယ်ကူလုပ်ပေးတာလားဆိုတော့ကိုဖိုးဆန်းက ခေါင်းညိတ်ပြပြီး ပြောတယ်။
'မယ်သုံရေ …ဒီအကြောင်းတွေ ဘယ်သူကိုမှတော့ မပြောမိစေနဲ့နော်၊ ဒီနေ့တစ်နေ့လုံး ငါ တစ်ကြောင်းတောင် မထွန်လိုက်ရဘူးဟေ့၊ နင့်သားပဲ ထွန်နေတာ'တဲ့ဟေ့၊ ဒါနဲ့ အရီးက မေးတာပေါ့၊ ဘယ်လိုထွန်တာတုံး ကိုဖိုးဆန်းရဲ့ဆိုတော့နင့်ဘထွေးက ပြောတယ် တာတေရဲ့။
'ဘယ်လိုထွန်တယ်တော့ ငါမသိဘူးမယ်သုံရေ၊ နွားတွေကတော့ လူထွန်သလိုကို သွားနေတာဟဲ့၊ တစ်ချက် တစ်ချက် ငါ့နားထဲမှာ နွားငေါက်သံကြားနေရသလိုပဲ၊ မြေကြီးတွေမှဟာဖွာကနဲ ဖွာကနဲ နေတာပဲ၊ ထွန်ရေးကလည်း ညက်လိုက်ပါဘိသနဲ့ဟယ်၊ထွန်ကြောင်းကလည်း နက်လိုက်တာမယ်သုံရယ်၊ တို့ရွာထဲက အလုပ်အင်မတန် လက်ကြောတင်းပါတယ်ဆိုတဲ့ တောင်ပိုင်းက ဝကြီးတို့ညီအစ်ကိုလောက်တော့ ငါ့သားဒီပက အပျော့ပါဟယ်'
'ကိုဖိုးဆန်း တော့်ကြည့်ရတာ ပျော်နေတဲ့ပုံပဲ'
'ဟဲ့ မယ်သုံရဲ့ ပျော်တာပေါ့ဟဲ့၊ငါ့သားကြီး ဒီပက အခုလို အားကိုးရတယ်ဆိုတော့ ငါဝမ်းသာတာပေါ့မယ်သုံရယ်၊ မနက်ဖြန် ဘာဟင်းကောင်းချက်မှာတုံး၊ ငါ့သား ဒီပရော၊ရူပရော ဖအေနဲ့ ဒိုးတူဘောင်ဖက်လုပ်နိုင်နေကြပြီဟဲ့၊ နင် ကောင်းကောင်းချက်ပြုတ်ကျွေးပေတော့'
လို့ ပြောတယ်ဟေ့။ အဲဒီနေ့က စပြီးငါတို့ယာတွေဆိုတာ ထွက်လိုက်တာမပြောပါနဲ့တော့ဟယ်၊ စီးပွားရေးဆိုတာလည်း အရီးတို့မှာ သိသိသာသာကို တက်တော့တာ တာတေရဲ့"
"ဝမ်းသာစရာပဲ အရီးရေ၊ ဒါထက်ကိုကြီးဒီပက သူ့ညီနဲ့ ညီမကိုရော ချစ်လားဗျ"
"အောင်မလေး…ညီနဲ့ ညီမကို ချစ်လိုက်တာမှဟယ်၊ ဟိုဟာတွေ ငယ်ငယ်က ပြောမရလို့ငါက ရိုက်မယ်လို့ လုပ်ရင် ဒီပက တုတ်ကိုဆွဲထားတာဟေ့"
"ဟာ…ဟုတ်လား အရီး"
"ဟုတ်ပါတော့်၊ အဲဒီဟာတွေ ကြီးသာသွားရော၊ ငါ့မှာ တစ်ချက်မှကို မရိုက်လိုက်ရပါဘူးဟယ်"
"ဟား ဟား ဟား ဟား "
ကျုပ်က အရီးမယ်သုံပြောတာကို သဘောကျပြီးရယ်လိုက်တာဗျို့။
"အရီး…ရုံးဒေါင့်သူ ချွေးမအကြောင်းပြောပါဦးဗျ"
"တာတေရေ …ဒီအကြောင်းကတော့လူသိကိုမခံဝံ့တဲ့ ကိစ္စဟေ့"
"စိတ်ချ အရီး၊ ကျုပ်က ပါးစပ်လုံတဲ့ကောင်"
"ဒီလို တာတေရေ၊ အိမ်မှာ စီးပွားရေးကလည်း အဆင်ပြေတော့ အရီးတို့ အိမ်ကြီးဆောက်လိုက်တယ်လေ၊ အိမ်ဆောက်ပြီးတာနဲ့ နင့်ဘထွေးက သူ့သားရူပကိုပြောတယ်လေ။
'ရူပ မင်းမှာ ရည်းစားတွေ ဘာတွေ မရှိဘူးလား၊ ရှိရင် အဘက အိမ်ထောင်ချပေးမလို့ကွ၊ အဘက ချွေးမတွေဘာတွေ ရှိချင်နေပြီ'
'အဘကလည်း ကျုပ်မှာ ရည်းစားမှမရှိဘူးဗျ၊ ရှိလည်း ကျုပ်က မယူသေးပါဘူး'
' ဟေ…ဘာဖြစ်လို့တုံးကွ'
'အဘကလည်းဗျာ၊ ကိုကြီးဒီပတောင် အိမ်ထောင်မပြုရသေးဘူးလေဗျာ၊ကျုပ်က အစ်ကိုကို ကျော်ပြီး ဘယ့်နှယ်လုပ်အိမ်ထောင်ပြုရမှာတုံးဗျ'
'ဟာ ဒီကောင် တော်ရော်ပြောတော့မယ်၊မင်းအစ်ကိုကြီး ဘယ့်နှယ်လုပ် အိမ်ထောင်ပြုမှာတုံး ရူပရဲ့၊ စဉ်းစားလည်းပြောပါကွာ'
'ကျုပ်က ဒီရွာမှာလည်း တယ်မနေချင်ဘူးအဘရဲ့၊ မြို့မှာသွားပြီး ရောင်းဝယ်စားချင်တာဗ်'
'သြော် …ဟုတ်လား၊ မြို့မှာတော့ မင်းအမေရဲ့မောင် မောင်စိန်ရှိတာပဲ သူတို့လည်းစျေးထဲမှာ ဆိုင်နဲ့ကနားနဲ့ ရောင်းဝယ်စားနေတာပဲ၊ အဘ အရင်းအနှီးထုတ်ပေးမှာပေါ့ ရူပရဲ့၊ လုပ်ချင်ရင် မင်းဦးလေးနဲ့တိုင်ပင်ပြီး လုပ်လေ'
'ကျုပ်လည်း ဦးလေးနဲ့ တိုင်ပင်နေတာဗျ'
'ဟေ…ဟုတ်လား၊ လုပ်လေ၊ မင်းဆန္ဒရှိရင်အဘတို့အမေတို့က လုပ်ပေးမှာပေါ့ကွာ'
လို့ နင့်ဘထွေးကပြောတော့ ရူပကိစ္စကပြီးသွားတော့တာပေါ့ဟာ၊ အဲဒီညမှာပဲနင့်ကိုကြီးဒီပက သူ့အဘကို အိပ်မက်ပေးတယ်။
'အဘ…ချွေးမလိုချင်နေတာ တကယ်လား'
လို့ မေးသတဲ့ဟေ့၊ ဒီတော့ နင့်ဘထွေးက…
'ဒီပရယ်၊ လိုချင်တာမှ အခုရရင် အခုလိုချင်တာဗျ၊ အဘက သားတွေသမီးတွေချွေးမတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေချင်တာကြ'
လို့ ပြောလိုက်တော့ သူ့သား ဒီပကသူ့အဘကိုပြောသတဲ့ဟေ့၊
'ဒါဆိုရင် အဘနဲ့အမေနဲ့ ကျုပ်ကို မိန်းမလိုက်တောင်းပေးဖို့ ပြင်ကြပေတော့'
' ဟေ…ဘာပြောတယ် ဒီပ၊ မင်း မင်းကမိန်းမယူမလို့လား၊ မင်းမှာ ရည်းစာတွေဘာတွေ ရှိနေလို့လား၊ ဘာလဲ၊ မင်းရည်းစားက မင်းလိုပဲ လူခြောက်မလေးလား'
လို့ နင့်အဘထွေးက အိပ်မက်ထဲမှာနင့်ကိုကြီးဒီပကို မေးလိုက်တာတဲ့ဟေ့။
အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment