ကန်တော်ကဝေမ ၊ အပိုင်း(၂)
လွန်ခဲ့တဲ့တစ်ပတ်လောက်ကတော့ ညသန်းခေါင်လောက်ကြီးမှာ ဆံပင်ဖားလျားကြီးချပြီး ထဘီပေါင်လယ်လောက်နဲ့မြို့ထဲမှာ ပြေးသွားတာတွေ့သတဲ့။ တစ်ချို့လူတွေက လိုက်ကြည့်ကြတယ်ဆိုပဲ။ အဲဒီဆံပင်ဖားလျားကြီးက ကန်ထဲကိုခုန်ချသွားတာ တွေ့တယ်တဲ့။ လိုက်ကြည့်တဲ့လူတွေက အရိပ်အခြေစောင့်ကြည့်နေတုန်းမှာကန်လယ်မှာ ဝုန်းကနဲမြည်သွားပြီး မိချောင်းကြီးတစ်ကောင်ပေါ်လာတယ်တဲ့ကွ။ လူတွေလည်း စွတ်ပြေးကြတာပေါ့။ အခုတော့ အဲဒီသတင်းတွေ သူတို့တစ်ရွာလုံးပျံ့နေပြီ။
လူတွေဆိုတာ ကျီးလန့်စာစားဖြစ်နေကြတယ်ဆိုပဲ။ မိန်းမချောချောတွေ့လည်း ဒါ ကန်တော်ကဝေမလား။ ရုပ်ဆိုးဆိုးမိန်းမကြီးတွေ့လည်း ဒါ ကန်တော်ကဝေမလား။ နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ၊ ခွေးကြီးကြီးတစ်ကောင်တွေ့ရင်တောင် ဒါ ကန်တော်ကဝေမလားလို့ တထိတ်ထိတ် တလန့်လန့်ဖြစ်နေကြသတဲ့ဟေ့။ အဲဒီကန်တော်ဘက်တော့ လူတွေခြေဦးတောင် မလှည့်ကြတော့ဘူးဆိုပဲ။ ကန်တော်တစ်ဝိုက်မှာ တိတ်ဆိတ်ခြောက်ကပ်နေတာတဲ့၊ ဦးဉာဏကျောင်းကိုလည်း လူတွေ အဝင်အထွက်မရှိကြတော့ဘူးတဲ့"
"ဟာ တော်တော်ကို ဆိုးပါလား ဆရာ"
"အေး အဲဒါ ငါ စဥ်းစားနေတာနွံဖရဲ့၊ ဒီကဝေမဟာ ဘယ်ကရောက်လာတာလဲ၊ ပြီးတော့ဒီမြို့မှာဘာလာလုပ်တာလဲဆိုတာပေါ့ကွာ"
"ပညာအဆင့်တော့ တော်တော်မြင့်ပုံပဲဆရာကြီးရဲ့၊ ရေပေါ်တောင် လမ်းလျှောက်နိုင်တယ်ဆိုတော့"
ကျုပ်ကလည်း ကျုပ်တွေးမိတာလေးကို ဝင်ပြောလိုက်တာပေါ့ဗျာ။
"မောင်တာတေရဲ့ ကဝေတော်တော်များများဟာ ပညာအမြင့်စခန်းရောက်လာရင် ရေပေါ်မှာ လျှောက်နိုင်ကြတယ်ကွဲ့"
"ဟာ ဟုတ်လား ဆရာကြီး"
"ကျုပ်စိတ်ထင်ပြောရရင်တော့ ဒီကဝေမဟာ ဒီမြို့မှာကြာကြာတော့နေမယ် မထင်ဘူးကွဲ့၊ ကိစ္စတစ်ခုခုရှိလို့သာ လာနေတာဖြစ်မယ်၊ အဲဒီ ကိစ္စက ဘာများဖြစ်နိုင်မလဲဆိုတာ ကျုပ်တွေးနေတာ"
ဆရာကြီးရော ဆရာနွံဖပါ ငြိမ်သွားကြတယ်ဗျ။ ဆရာကြီးက ကျုပ်နဲ့ဆရာနွံဖထိုင်နေတဲ့ အုတ်ခုံကလေးနဲ့မျက်နှာချင်းဆိုင်က အုတ်ခုံကလေးမှာထိုင်နေတယ်။ တော်တော်ကလေးကြာအောင်ကိုငြိမ်နေတာဗျို့။
"ဟာ ကျုပ်တွေးမိပြီ နွံဖရေ၊ ကျုပ် တွေးမိပြီ"
ဆရာနွံဖရောကျုပ်ပါ ဆရာကြီးကိုငေးကြည့်နေကြတာဗျို့။ ကျုပ်တို့နှစ်ယောက်စလုံး ဆရာကြီးဘာများပြောမှာလဲဆိုတာ စောင့်နေကြတာဗျ။ ကျုပ်ကတော့ လွှတ်ကိုသိချင်နေတာဗျို့။
"ကျုပ်တွေးတာသာမှန်လို့ကတော့ ကန်တော်ကဝေမဟာ သက်တမ်းသုံးရာလောက်တော့ အနည်းဆုံးပဲကွဲ့"
"ဟင် ဟုတ်လား ဆရာကြီး"
"အဲဒီကန်အောက်မှာ ကျောက်မိချောင်းရုပ်ရှိလိမ့်မယ်။ ဒီကဝေမက သူ့အသက်ကို အဲဒီကျောက်မိချောင်းထဲမှာ ထားတာဖြစ်လိမ့်မယ်။ ဒီကျောက်မိချောင်းက နှစ်တစ်ရာမှာတစ်ခါ အသက်ဝင်တာကွဲ့။ အဲဒီအချိန်မှာအပျိုစင်တစ်ယောက်ကို ရေစတေးရတယ်"
"ဗျာ ရေစတေးတယ်ဆိုတာ ဘာလဲဆရာကြီး"
ကျုပ်က ဆရာကြီးရဲ့စကားကို နားမလည်လို့မေးလိုက်တယ်ဗျ။
"ရေစတေးတယ်ဆိုတာ အရှင်လတ်လတ်ရေထဲချပြီး သတ်တာပေါ့ကွဲ့"
"ဟင် ဟုတ်လား"
"အေး အဲဒါလည်း တနဂ်နွေသမီးအပျိုစင်ကို စတေးတာကွဲ့၊ အဲဒီအချိန်မှာ မှော်နဲ့စီရင်ထားတဲ့ ကျောက်မိချောင်းကအသက်ဝင်လာပြီး တနင်္ဂနွေသမီး ဝိညာဥ်ကိုစုပ်ယူသွားရောကွ၊ လူကောင်ကိုနည်းနည်းမှစားတာမဟုတ်ဘူး။ ရေထဲမှာအလောင်းက ဒီအတိုင်းပေါ်လာတာ။ အဲဒီလိုတစ်ခါလုပ်တိုင်း အဲဒီကဝေမက အနှစ်တစ်ရာအသက်ထပ်ရှည်သွားရောဟေ့"
"ဟာ ဆရာကြီး ဒါတွေသိတယ်နော်"
လို့ ကျုပ်ကပြောတော့ ဆရာကြီးကခေါင်းညိတ်ပြီး
"ကျုပ် လန်ဒန်မှာနေတုန်းက ကျုပ်ကိုအထက်လမ်းမှော်ပညာတွေ ထပ်သင်ပေးတဲ့ မစ္စတာ ကမ်ဘယ်လာဆိုတဲ့ လူမည်းကြီးတစ်ယောက်ပြောပြဖူးတယ်ကွ။ မစ္စတာကမ်ဘယ်လာကိုယ်တိုင် ကြုံခဲ့ဖူးတဲ့လူဖြူကဝေမတစ်ယောက်ဆိုရင် တောင်ကြားကရေကန်ကြီးတစ်ခုထဲမှာ ကျောက်မိချောင်းကြီးတစ်ကောင်ဖန်ဆင်းပြီးသူ့အသက်ကို အဲဒီမှာထားတာဆိုပဲ။ သူ့ကိုဘယ်သူသတ်လို့မှမသေဘူးတဲ့ဟေ့။ အသက်လည်းငါးရာလောက်ရှိပြီတဲ့ကွ"
"ဒါဆိုရင် ဒီကန်တော်ကဝေမကို လွယ်လွယ်နဲ့လုပ်လို့ရပါ့မလား ဆရာ"
"အင်း နည်းလမ်းတော့ရှာရမှာပေါ့ နွံဖရယ်၊ အသက်ဝှက်နိုင်တဲ့အဆင့်ဆိုတာ နည်းနည်းနောနောပညာတော့ မဟုတ်ဘူးကွဲ့၊ ကျုပ် တစ်ခုတော့ စီရင်ရမှာပေါ့လေ"
"ဘာများလဲ ဆရာကြီးရဲ့"
ကျုပ်ကလည်း သိချင်မိပြီဆိုရင် လွှတ်သိချင်တဲ့ကောင်ဗျ။
"မောင်တာတေ ရေမုဆိုးကြီးတွေ မိချောင်းဖမ်းတဲ့အခါ သုံးတဲ့သနွပ်ဆိုတာ ကြားဖူးလား"
"ဟာ ကြားဖူးရုံတင်ဘယ်ကမလဲ ဆရာကြီးရဲ့၊ ကျုပ် သေသေချာချာကို ကိုင်ဖူးတာဗျ။ ကျုပ် ပင်လယ်ဘက်ကိုလိုက်သွားဖူးတယ်။ အဲဒီမှာဦးမိုးလို့ခေါ်တဲ့ ရေမုဆိုးကြီးအိမ်မှာ တွေ့ခဲ့တာဗျ။ မိချောင်းထိုးတဲ့သနွပ်ဆိုလို့ ကျုပ်သေသေချာချာ ကိုင်ကြည့်ခဲ့တာ"
"ဟုတ်ပြီ မောင်တာတေရေ၊ အဲဒီသနွပ်ကို ကျုပ်တို့လုပ်ကြရလိမ့်မယ်။ ရိုးရိုးသံနဲ့တော့ လုပ်လို့မရဘူးကွဲ့၊ ငွေနဲ့လုပ်ရမှာ၊ ငွေတောင် ရိုးရိုးငွေမဟုတ်ဘူးကွ၊ ဘုရားကိုအမြဲ ဆွမ်းတော်၊ ရေတော်၊ ပန်းတော်ကပ်တဲ့ငွေလင်ပန်းတို့ ငွေရေဖလားတို့၊ ငွေညောင်ရေအိုးတို့ကို အရည်ကျိုပြီး သနွပ်လှံသွားလုပ်ရမှာ"
"ဟာ လွယ်ပါ့မလား ဆရာ"
ဆရာနွံဖက ဝင်ပြီးမေးတယ်ဗျ။
"လွယ်ပါတယ် နွံဖရဲ့၊ ကျုပ်မှာ အဲဒီ ပစ္စည်းတွေ စုထားတာအများကြီးရှိတယ်ကွဲ့၊ ပန်းပဲဆရာနဲ့ ပန်းထိမ်ဆရာပေါင်းပြီး လုပ်ခိုင်းရမှာပဲ"
အပိုင်း(၃)ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment