လူသားစား ကဝေ အပိုင်း(၇)
တော်တော်ကလေးကြာတော့ တောကြီးတစ်ခုလုံး
မှောင်လာပြီဗျို့။ ကဝေကြီးလည်း ထိုင်နေရာကနေ
ဝုန်းခနဲ ထပြီး ရပ်တယ်ဗျ။ ဘေးပတ်လည်မှာ
တော်တော်မှောင်လာပြီဗျို့။ ရေနွေးအိုး ကျိုထားတဲ့
မီးဖိုက အလင်းရောင်ကြောင့် လင်းနေတာပေါ့ဗျာ။
"တာတေ စနေသား တာတေ ထလော့။ အခု ထလော့"
ကျုပ်က အိပ်ချင်မူးတူးပုံစံနဲ့ ထရပ်လိုက်တယ်ဗျ။
ဒီတော့မှ ကဝေကြီးက ကျုပ်ခါးမှာ ထိုးထားတဲ့
ဓါးမတိုကို တွေ့သွားပြီး …
"တာတေ ငါ့ကို ဓါးပေးစမ်း ဓါးပေးစမ်း"
လို့ လက်ဝါးကြီးဖြန့်ပြီး တောင်းတယ်။
ကျုပ်ကလည်း ခါးကြားက ဓါးကိုထုတ်ပြီး ပေးလိုက်တယ်။
"တာတေ လာလော့ လာလော့"
ဆိုပြီး ကျုပ်လက်မောင်းကို ဆုပ်ညှစ်ပြီး ဆွဲခေါ်တယ်။
ငွေဖလားတင်ထားတဲ့ ကျောက်တုံးကြီးကို မှီပြီးရပ်ခိုင်းတယ်။
ပြီးတော့ ကျုပ်ခေါင်းကို ဖိပြီး လှန်ချလိုက်တယ်။
ကျုပ်ခေါင်းက မော့ပြီး ကျုပ်လည်ပင်းက လန်နေတာပေါ့ဗျာ။
ငွေဖလားပေါ်မှာ တင်ထားတဲ့ ဓါးနဲ့များ လှီးလိုက်လို့ကတော့
ပန်းထွက်လာလိုက်မယ်သွေးတွေဗျာ။
မြင်လို့တောင် ကောင်းမယ်မထင်ပါဘူး။
ကဝေကြီးက ငွေဖလားကို လက်တစ်ဖက်ကကိုင်ပြီး
လက်တစ်ဖက်က ရွှေနဲ့ လုပ်ထားတဲ့ ဓါးမြှောက်ရဲ့အရိုးကို
ခပ်ကျစ်ကျစ် ဆုပ်ထားတယ်ဗျ။
ကျုပ် မသိမသာကြည့်လိုက်တော့
ဓါးသွားဟာ မြည့်နေအောင် သွေးထားတာဗျို့။
ဒီဓါးနဲ့ လှီးလို့ကတော့ အားတောင် သိပ်စိုက်စရာ
လိုမယ်မထင်ဘူးဗျို့။တိကနဲ နေမှာပဲ။
ကဝေကြီးက ကျုပ်လည်ပင်းတည့်တည့်မှာ
ဓါးကိုမြှောက်ထားပြီးမန္တန်တွေကို အသံကျယ်ကျယ်နဲ့
ရွတ်တော့တာပဲဗျို့။
ကျုပ်ကိုတောင် မကြည့်တော့ဘူးဗျ။ ကောင်းကင်ကိုပဲ
မော့ကြည့်နေတာ။ ကျုပ်လည်း ဒီအခွင်အရေးကို
ဘယ်မှာ လက်လွတ်ခံလိမ့်မတုံးဗျာ။
ကျောက်တုံးကြီးပေါ်မှာ မှီပြီး ပက်လက်လန်နေရာကနေ
ကဝေကြီးရဲ့ ရင်ညွှန့်တည့်တည့်ကို ခေါင်းနဲ့ ဆတ်ခနဲ
တိုက်ပစ်လိုက်တယ်။
"ဘုန်း အင့် "
ဘုန်းကနဲ အသံကြီးနဲ့အတူတူ အင့်ကနဲ မြည်အောင်
ကဝေကြီးရဲ့ ညည်းတွားသံကို ကြားလိုက်ရတယ်။
ကျုပ်လည်း စောစောက ဆရာနွံဖကို လှစ်ခနဲ တွေ့လိုက်ရတဲ့
မြားဆိပ်ပင်ကြီးဘက်ကို ဒုန်းစိုင်းပြီး ပြေးတော့တာပေါ့ဗျာ။
ကျုပ်ပြေးလာတာကိုတွေ့တော့ ဆရာကြီးနဲ့ ဆရာနွံဖတို့က
လွယ်အိတ်ကြီးတွေ ကိုယ်စီလွယ်ရင်း ပြေးထွက်လာကြတယ်။
"သစ်ပင်နောက်မှာ သွားနေ မောင်တာတေ"
ဆရာနွံဖက ကျုပ်ကို လှမ်းပြောရင်း ကဝေကြီးဆီကို
သွားနေကြတယ်။
"ဟား ဟား ဟား လက်စသတ်တော့ ဒီလိုကိုး။
လာစမ်းပါ ။ လာခဲ့ကြစမ်းပါ ။ ဒီကနေ့ ငါ့အစီအရင်ကို
မအောင်မြင်အောင် နှောင့်ယှက်တဲ့ကောင်တွေ
ငါဘာလဲဆိုတာ သိရမှာပေါ့"
ကဝေကြီးက ရှေ့ကို တိုးလာတယ်ဗျ။
မျက်လုံးနီနီကြီးတွေက အရောင်တွေကို ထွက်နေတာဗျို့
ကျုပ်မြားဆိပ်ပင်ကြီးနောက်ကို ရောက်တော့ စောရေအေးနဲ့
မန်းအောင်ပွင့်ကို တွေ့ရတယ်။ သူတို့နှစ်ယောက်လည်း
ကဝေကြီးကို ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်နေကြတာဗျ။
အရောင်တွေ တလက်လက်တောက်နေတဲ့ မျက်လုံးကြီးတွေနဲ့
ဆရာကြီးကို စိုက်ကြည့်နေတယ်။ ဆရာကြီးက ရှေ့ကို
တစ်လှမ်းတိုးလိုက်ပြီး ဆရာနွံဖကို ကာထားတယ်
ဆရာနွံဖကတော့ လက်ထဲမှာ တစ်ခု,ခုကို
အသင့်ဆုပ်ထားသလိုပဲဗျ။
အဲဒီတုန်းမှာပဲ ကဝေမကြီးက သူလက်တွေကို
အပေါ်မြှောက်ပြီး ဝှေ့လိုက်တယ်ဗျာ။
"ဟာ "
ကျုပ်ဖြင့် လန့်တောင်အော်မိတယ်ဗျို့။
ဝင်းဝင်း ဝင်းဝင်းနဲ့ အရောင်တွေ ဖြာထွက်ပြီး
ဆရာကြီးတို့ဆီကို ပြေးလာတာဗျို့။
ဆရာကြီးက သူ့လက်ဝါးနှစ်ဖက်နဲ့ ကာလိုက်တယ်။
လျှပ်စီးလက်သလို လက်နေတဲ့ အလင်းတန်းတွေ
တုန့်ခနဲ ရပ်သွားတယ်ဗျ။ ဆရာကြီးက လက်ဝါးနှစ်ဖက်နဲ့
ဆတ်ခနဲ ရှေ့ကို တွန်းသလို လုပ်လိုက်တော့
အလင်းတန်းတွေဟာ'ဝုန်း'ဆိုတဲ့ အသံကြီး
မြည်ပြီး မီးခိုးလုံးကြီးဖြစ်ပြီး ပျောက်သွားတယ်ဗျ။
ဟာ ကဝေကြီးက လက်သီးကြီးဆုပ်ပြီး ပါးစပ်နားမှာ
တေ့ထားတယ်ဗျ။မန္တန်ရွတ်တာ ထင်တယ်ဗျို့။
ဟော ပစ်တော့မယ်ဗျို့။
"နွံဖ အင်း ပေးစမ်း"
ဆရာကြီးက လက်ဖြန့်လိုက်တော့ ဆရာနွံဖက ဆရာကြီး
လက်ထဲကို အင်းတစ်ချပ် ထည့်ပေးလိုက်တယ်ဗျ။
ဟော ပစ်ပြီဗျို့ ။ ကဝေကြီးက ပစ်လိုက်ပြီ။
လက်ဖက်ရည် ပန်းကန်လောက်ရှိတဲ့ အလင်းလုံးကြီး
ပြေးထွက်လာပြီဗျို့။
ဟာ ကျုပ်တို့ ဆရာကြီး ပစ်ပြီ။ အင်းနဲ့ ပစ်ပြီဗျို့။
"ဝုန်း"
ဆရာကြီးရဲ့ အင်းနဲ့ အလင်းလုံးကြီးနဲ့ တည့်တည့်ထိပြီး
အသံကြီးမြည်သွားတာဗျို့။မီးခိုးတွေကတော့ ဝုန်းခနဲကို
တက်သွားတာဗျ။ ဟာ ကဝေကြီး ဖင်ထိုင်ရက်
လဲသွားပြီဗျို့။ ဟာ ဆရာကြီးက သူ့လွတ်အိတ်ထဲက
ဖြူဖြူတစ်ခုကို ဆွဲထုတ်လိုက်ပြီဗျို့။
ဟာ ပိုက်ကွန်လိုဟာပဲဗျ။ကဝေကြီးက လဲနေရာက
ပြန်ထဖို့ ကြိုးစားနေတာဗျ။ ဆရာကြီးက ပိုက်ကွန်ကို
သေသေချာချာကိုင်ပြီး တံငါတွေ ကွန်ပစ်သလို
ပစ်လိုက်ပြီဗျို့။ဟာ ဟုတ်တယ်ဗျ။
ပိုက်ကွန်ကြီးဗျ။လေထဲမှာဝဲပြီး ထွက်သွားတာဗျို့။
ဟော အုပ်သွားပြီ။ အုပ်သွားပြီ။ ကဝေကြီးကို
အုပ်သွားပြီဗျို့။ဟော ဟော ကဝေကြီး မြေပြင်ပေါ်မှာ
လူးလွန့်နေပြီဗျို့။
ဆရာကြီးက ပါးစပ်က မန္တန်တွေ အဆက်မပြတ်
ရွတ်နေတာဗျ။ကဝေကြီးကလည်း ပိုက်ကွန်အောက်မှာ
လှိမ့်နေတာဗျို့။
"အောင်မယ်လေးဗျ ။ ပူလှချည်ရဲ့ဗျ။လွှတ်ပေးပါဗျ"
လို့ အသံနက်ကြီးနဲ့ အော်လိုက်တာ။
တောကြီးတစ်တောလုံးကို ဟိန်းသွားတာဗျ။
မန်းအောင်ပွင့်ကြီးဆိုတာ ကြောက်ပြီး
တဆတ်ဆတ်ကို တုန်နေတာဗျို့။
"နွံဖ ကဝေသက်ဖြတ်အင်းတော်ကြီး ပေးစမ်း"
အပိုင်း(၈)ဆက်ရန်..
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment