ကွင်းပိုင်နှမ မဖဲဝါ၊ အပိုင်း(၇) ဇာတ်သိမ်းပိုင်း
ဟော…ဟော ကွင်းပိုင်ကြီး ဒေါသတကြီးနဲ့
ပါးစပ်ကြီးဖြဲထားလိုက်တာ အစွယ်ကြီးတွေမှ
ဖွေးနေတာဗျို့။ သားစိမ်း ငါးစိမ်း စားမှန်း
အစွယ်ကြီးတွေ တွေ့တာနဲ့ သိနိုင်တယ်ဗျို့။
ဟာ…ကိုက်ပြီ။ လည်ပင်းကို ကိုက်ပြီ၊ ဟာ
ကဝေကြီးရဲ့လည်ပင်းက သွေးတွေ ဖြာကနဲ
ပန်းကျလာပြီဗျို့။
"အား …အား …အား "
ကဝေအော်သံကြီး အကျယ်ကြီးပါဗျာ
မချိမဆန့် ဝေဒနာ ခံစားပြီးအော်တဲ့ ရင်ခေါင်းသံကြီးဗျ။
"အား၊ အား၊ အား၊ အား ဝေါ"
ဟာ သစ်ပင်ကြီးတွေပေါ်မှာ အိပ်တန်းတက်နေတဲ့
ကျီးကန်းတွေတောင် လန့်ပြီး ပြိုကုန်ကြပြီဗျို့။
ကဝေက ကွင်းပိုင်ကြီးရဲ့ လက်ထဲမှာတင် ဆန့်ငင်
ဆန့်ငင်နဲ့ ငြိမ်ကျသွားပြီဗျ။ ကွင်းပိုင်ကြီးက ကဝေရဲ့
လည်ချောင်းသွေးကို စုတ်ယူပြီး ကဝေရဲ့ကိုယ်ကြီးကို
မြေကြီးပေါ် ပစ်ချလိုက်တယ်။
"ဘုန်း "
အသက်မရှိတော့တဲ့ ကဝေရဲ့ ခန္ဓာကိုယ်ကြီး
မြေပေါ်ကို ကျလာပြီး နှစ်ပတ်လောက် လိမ့်သွားတယ်
"ဟင်း ဟင်း ဟင်း ဟင်း "
ကွင်းပိုင်ကြီးက သွားကြီးတွေစိပြီး အော်လိုက်တယ်
ပြီးတော့ ကျုပ်ကို တစ်ချက် လှည့်ကြည့်တယ်။
"တာတေ "
မဖဲဝါက ကျုပ်နာမည်ကို လှမ်းပြောလိုက်တယ်။
"ဟီး "
ကျုပ်တို့ရွာဘက်ကို လက်ညှိုးထိုးပြတယ်။
"ဟုတ်တယ်၊ ထနောင်းကုန်းက "
ကျုပ်ဖြင့် ကွင်းပိုင်ကြီး ကျုပ်ကို ကြည့်နေတာ
ကြောက်လိုက်တာဗျာ၊ ကြက်သီးတွေဆိုတာ
တဖျန်းဖျန်း ထလို့ဗျ။ ကွင်းပိုင်ကြီးက ချာခနဲ
လှည့်ထွက်သွားတယ်။ ကျုပ်လည်း ပေနှစ်ဆယ်
လောက်မြင့်တဲ့ ကွင်းပိုင်ကြီးရဲ့ ကျောကုန်းကို
ငေးကြည့်ရင်း ကြက်သီးတွေ ထနေတော့တာပေါ့ဗျာ။
ကျုပ် မဖဲဝါကို လှည့်ကြည့်လိုက်တော့
မြို့စားရဲ့သိုက်ကို ပြန်ပြီး ဖျောက်နေတယ်ဗျ။
မဖဲဝါက လက်နှစ်ဖက်ကို ရှေ့ကိုဆန့်ပြီး
သိုက်ကို မန်းမှုတ်နေတာဗျ။ ဟော မြို့စားရဲ့
သိုက်ကြီး ပျောက်သွားပြီဗျို့။ နဂိုအတိုင်း
ဂူဟောင်းကြီး ပြန်ပေါ်နေပြီဗျာ။
"ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊ ဝူး ၊ ဝူး "
ဟာ…ဒါ မဖဲဝါရဲ့ ခွေးကြီးနက်ကျော် အသံဗျ။
နက်ကျော်လည်း သူ့ရဲ့သခင်မကြီး ပျောက်သွားလို့
လိုက်ရှာနေပုံရတယ်ဗျ။ ဟော…ရောက်လာပြီ။
နက်ကျော်ကြီး ရောက်လာပြီ။နက်ကျော်ကြီးက
နွားပေါက်တစ်ကောင်လောက် ရှိတာဗျ။
နက်ကျော်က သူ့သခင်မကြီးကို တစ်လှည့်
ကျုပ်ကို တစ်လှည့် ကြည့်နေတယ်။ ကိစ္စ
အားလုံး ပြီးသွားပြီ။မဖဲဝါ မီးလောင်ကုန်း
သင်္ချိုင်းကနေ တရွေ့ရွေ့ ထွက်သွားပြီ။
ဂူတွေ အပေါ်ကနေ ရွေ့သွားတာဗျ။
"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ"
ခွေးနက်ကြီး နက်ကျော်လည်း နောက်ကနေ
ပါသွားလေရဲ့ဗျာ
ကျုပ် အိမ်ပြန်ရောက်ပြီး သိပ်မကြာဘူးဗျ။
ဆရာ့တော့် ကျောင်းက အုန်းမောင်းခေါက်သံ
ကြားရတာပဲ၊ နောက်တစ်နေ့ ကျုပ် အိပ်ရာက
နိုးတော့ ဆယ်နာရီတောင် ထိုးနေပြီ။
ကျောက်ခဲက ခုံတန်းလေးမှာထိုင်ပြီး ကျုပ်ကို
စောင့်နေတယ်။
"ကျောက်ခဲရေ …ဧရာမခြေရာကြီးကိစ္စတော့
ပြီးသွားပြီဟေ့။ ဒါပေမဲ့ မီးလောင်ကုန်းသားတွေတော့
သူတို့သင်္ချိုင်းထဲမှာ လည်ပင်းအပေါက်ကြီးနဲ့
အလောင်းတစ်လောင်းတွေ့လို့ အလုပ်ရှုပ်သွားမှာ
သေချာတယ်ဟေ့ "
ကျုပ် ပြောတာတွေကို ဘာမှ နားမလည်တဲ့
ပုံစံနဲ့ ကျောက်ခဲက ကျုပ်ကို ကြည့်နေရောဗျာ။
ပြီးပါပြီ
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment