ကွင်းပိုင်နှမ၊ အပိုင်း(၂)
ဒီတော့မှ ကျုပ်လည်း ခြေရာဆိုတာ လူတွေ
စိတ်ဝင်စားတဲ့ အရာတစ်ခုပဲ ဆိုတာ သိရတော့တယ်
အိမ်ပြန်ရောက်တော့ အဘနဲ့ အမေက ကျုပ်ကို
ဆီးမေးရောဗျ။
"ဟဲ့ တာတေ၊ ခြေရာကြီးတွေဆိုတာ ဟုတ်လား "
"ဟုတ်တယ် အမေ "
"ခြေရာက တော်တော်ကြီးလား လူလေး "
အဘကလည်း မေးတယ်ဗျ၊ ကျုပ်က ခေါင်းညိတ်
ပြလိုက်တယ်
"ဘယ်လောက်တောင် ကြီးလို့တုံး"
"စကောချပ်ကြီးလောက် ရှိတယ် အဘရဲ့၊
ဒါပေမဲ့ စကောလို အဝိုင်းတော့ မဟုတ်ဘူး၊
လူခြေရာဗျ"
"ကျုပ် ရေကြည့်တာ အားလုံး ဆယ့်လေးခုရှိတယ်
ခြေလှမ်း ခုနှစ်လှမ်း လှမ်းထားတဲ့ အရာဗျ။
ပြီးတော့ ခြေလှမ်းကို ကျုပ်တိုင်းကြည့်တာ
လူကြီးလက်တံတစ်လံလောက် ရှိတယ်"
"အို မနည်းပါလား၊ ခြေလှမ်း ဒီလောက်ကျဲရင်
အကောင် တော်တော်ကြီးလို့ပေါ့ကွ"
"ဟုတ်တယ် အဘရ၊ ဒါပေမဲ့ အကောင်သာ
ကြီးတာဗျ၊ ခြေရာက မြေကြီးထဲကို နက်မဝင်ဘူး၊
သဲပေါ်မှာ ဖွဖွလေးပဲ ထင်နေတာ "
"ဟေ …ဟုတ်လား၊ ဒါဆိုရင် အကောင်ကြီးပေမယ့်
ပေါ့ပေါ့လေးမို့လို့ပေါ့ လူလေးရ"
"ဟုတ်တယ် အဘ၊ ဟုတ်တယ် "
"အို …ဘယ့်နှယ့်ဟာတုံး၊ ရွာထဲက ကောင်တွေ
ကတော့ ဒါ ဘီလူးခြေရာပဲ ဆိုပြီး ရွာထဲကို
ဘီလူးမဝင်နိုင်အောင် ဘယ်လို လုပ်မလဲလို့
ပြောကြဆိုကြ လုပ်နေတယ်ကွ "
" အဘသိတဲ့ အတိုင်းပဲ ၊ ကျုပ်တို့ ရွာသားတွေကတော့
ဒီလိုထူးထူးဆန်းဆန်း အကြောင်းလေးတွေဆိုရင်
လွှတ်စိတ်ဝင်စားကြတာဗျ။ ပြီးရင်လည်း
ဘယ်လိုကြောက်ရမလဲ ဆိုတာကိုပဲ တွေးနေကြတာ "
"အေးပေါ့ လူလေးရယ်၊ တောသူတောင်သားတွေကိုကွယ်၊
ဘာမဆို ယုံလွယ်ကြတာကလားကွဲ့ "
ကျုပ်လည်း ခုံတန်းလျားပေါ်ထိုင်ပြီး
နဂါးဆေးပေါ့လိပ်ကလေးကို မီးညှိပြီး
ဖွာနေလိုက်တယ် ။ အဘကလည်း
သူ့အတွေးနဲ့သူ ငြိမ်နေတယ်ဗျ။
အမေကတော့ မီးဖိုထဲ ဝင်သွားလေရဲ့၊
ကျုပ်လည်း အမျိုးမျိုး တွေးကြည့်တာပေါ့ဗျာ။
ဒါပေမဲ့ ဘာဆိုတာကို ကျုပ် မမှန်းဆနိုင်ဘူးဗျ။
ထမင်းစားပြီးချိနိလောက်ကျတော့ ကျောက်ခဲ
ကျုပ်ဆီကို တစ်ခေါက် ထပ်လာတယ်။ သူနဲ့
ကျုပ်နဲ့ မန်ကျည်းပင်ကြီးအောက်က ကွပ်ပျစ်မှာ
ထိုင်ပြီး အကြမ်းသောက်ရင်း စကားပြောကြတယ်။
ကျောက်ခဲက ကျုပ်တို့ယာထဲမှာ တွေ့တဲ့
ခြေရာကြီးတွေ အကြောင်း ရွာထဲမှာ ပြောကြ
ဆိုကြတာတွေကို လိုက်နားထောင်ပြီး ကျုပ်ဆီကို
သတင်းတွေ သယ်လာတာဗျ။ ညနေသာ
စောင်းသွားတယ်။ ဒီခြေရာတွေနဲ့ ပက်သက်ပြီး
ကျုပ် ဘာမှမသိဘူးဗျ။
ကျောက်ခဲလည်း အိမ်ပြန်သွားတယ်ဗျ။
ညနေစောင်းတော့ သူကြီး လွှတ်လိုက်တဲ့
ဆယ်အိမ်ခေါင်းတွေက တစ်ဝိုင်းဝင် တစ်ဝိုင်းထွက်
လိုက်ပြောကြတယ်။ ခြောက်နာရီထိုးတာနဲ့
ရွာတံခါးပိတ်မယ့်အကြောင်း၊ အကြောင်း
ကိစ္စမရှိဘဲ ညဘက် ရွာထဲကို မသွားမလာဖို့၊
အိမ်တံခါးကို စောစောပိတ်ပြီး မိသားစုတွေ
တစ်စုတစ်ဝေးတည်း နေကြဖို့၊ အကြောင်းရှိရင်
အိမ်တိုင်းမှာရှိတဲ့ အချက်ပေး ကလားတက်တွေ
ခေါက်ဖို့ပေါ့ဗျာ။
မနက်က ကျုပ်တို့ယာထဲမှာ တွေ့တဲ့ ခြေရာကြီးတွေကြောင့်
ကျုပ်တို့ ရွာသားတွေတော့ လန့်သွားတာ အမှန်ပဲဗျ။
အဲဒီည ကျုပ် အိပ်ရာမဝင်ခင် မဖဲဝါရဲ့ ကိုယ်ခွဲ
အရုပ်ကလေးကို ကိုင်ပြီး မဖဲဝါကို မေးတယ်
ပြီး အရုပ်ကလေးကို ခေါင်းအုံးအောက်မှာ ထားပြီး
အိပ်လိုက်တယ်။
အေးစိမ့်နေတဲ့ လေတွေတိုက်နေတာဗျ။ ပတ်ဝန်းကျင်
တစ်ခုလုံးမှာလည်း မှောင်မဲနေတယ်။ ကျုပ်ရောက်နေတာ
သင်္ချိုင်းကုန်းကြီးဗျ။ သင်္ချိုင်းကုန်းမှ သေးသေးမဟုတ်ဘူး
အကြီးကြီးဗျာ။ ရွာသင်္ချိုင်း ဟုတ်ပုံမပေါ်ဘူးဗျ။
မြို့တစ်မြို့ရဲ့ သင်္ချိုင်းပဲ။ ဒါပေမဲ့ အုတ်ဂူတွေက
ဒီခေတ်ဂူ မဟုတ်ဘူးဗျ။ ရှေးခေတ်ပုံစံ အုတ်ဂူတွေဗျို့
ကျုပ်လည်း လရောင်ဝိုးတဝါးအောက်မှာ
တစ်ယောက်တည်း ဂူတွေကို လျှောက်ကြည့်နေမိတယ်။
ကျုပ်သွားရင်းနဲ့ ကျုပ်ရှေ့တည့်တည့်က
ဂူကြီးတစ်လုံးကို သေသေချာချာ ကြည့်နေမိတာဗျ။
ဒီအုတ်ဂူကြီးကို ကျုပ် မြင်ဖူးပါတယ်။
ဂူက အကြီးကြီးဗျ။ အပေါ်မှာ ပြဿဒ်ပုံစံ
လုပ်ထားတဲ့ အင်္ဂတေ ပန်းတမော့ လက်ရာတွေနဲ့ဗျ။
ပြဿဒ်ကြီးကလည်း အမြင့်ကြီးပါဗျာ။
အိမ်ခပ်သေးသေးတစ်လုံးလောက်ကို ရှိတာဗျ။
ဘေးတစ်ဖက်တစ်ချက်မှာ ဂူတစ်လုံးစီ ရှိတယ်ဗျ။
အဲဒီဂူနှစ်လုံးကလည်း အကြီးကြီးတွေပဲ။
ဒါပေမဲ့ ပြဿဒ်တွေတော့ မပါဘူး။
ကျုပ် အဲဒီရှေးဟောင်းဂူကြီး သုံးလုံးကို
မြင်ဖူးသလို ရှိတာနဲ့ ရပ်ပြီး ကြည့်နေတာဗျို့
သြော် …သိပြီဗျို့။ ကျုပ် သိပြီ၊ ဒါ မီးလောင်ကုန်း
သင်္ချိုင်းနောက်ဘက် ကုက္ကိုတောထဲက
ဂူဟောင်းကြီးတွေပဲဗျ။ ချုံတွေ အုပ်နေလို့
ဂူတွေကို မြင်တောင် မမြင်ရတော့ဘူး။
ကျုပ်ကသာ နေရာတကာ လိုက်ပြီး
စပ်စုတဲ့ကောင်မို့လို့ ဒီဂူတွေကို မှတ်မိနေတာဗျို့။
ကျုပ် မဖဲဝါကို လိုက်ရှာလိုက်တယ်
မတွေ့ဘူးဗျ။ ခါတိုင်းဆိုရင် ကျုပ်မဖဲဝါကို
တွေ့နေကျဗျ။ အခု သင်္ချိုင်းဟောင်းကြီးကိုပဲ
မြင်တယ်။ မဖဲဝါကို မမြင်ဘူး။
ဟာ …မီးလုံးကြီးဗျို့။ မီးလုံးကြီးတစ်လုံး
ပြဿဒ်ဂူကြီးထဲက ထွက်လာတာ ၊
ကောင်းကင်ကို ပျံတက်သွားတယ်။
"အောင်မယ် သရဲမက ငါ့အလစ်မှာ မီးလုံးတွေ
ဘာတွေ လွှတ်နေပါလား ကဲဟာ ကဲဟာ၊
နင့်လိုသရဲမကို ဘယ်သူက လာပြီးကယ်မှာမို့လို့
နင်က မီးလုံးလွှတ်နေရတာတုံး၊ ကဲဟာ ကဲဟာ"
"အား အား အား "
အပိုင်း(၃)ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment