လူသားစား ကဝေ အပိုင်း(၆)
ကျုပ်ကတော့ ပုဆိုးတိုတိုဝတ်။ ပုဆိုးတစ်ထည်
ခေါင်းပေါင်းပြီး ဓါးမတိုတစ်ချောင်း ခါးထိုးကြိုးခွေ
တစ်ခွေလွယ်ပြီး ထွက်ခဲ့ကြတယ်။ ရွာအပြင်ရောက်တော့…
"ကဲ မောင်တာတေ ကဝေကောင်ကြီး မနေ့က
ဝင်သွားတာ ဒီလမ်းပဲကွ။ ကဲ မင်းသွားပေတော့။
မင်းနောက်မလှမ်းမကမ်းမှာ ငါတို့ ပုန်းပြီးလိုက်လာမယ်"
"ကောင်းပြီဗျို့"
လို့ ကျုပ်ကပြောပြီး တောထဲကို ဝင်ခဲ့တယ်။
ကြက်သီးတွေကတော့ တဖျန်းဖျန်းထလို့ဗျ။
တောထဲကို တော်တော်ကလေး ဝင်လာလိုက်မိတော့
တောကလည်း နက်သထက် နက်လာပြီဗျို့။
လူသွားလမ်းလေးကတော့ ဖြောင့်နေတာဗျ။
"ဟေ့ သူငယ် နေပါဦးကွ"
ကျုပ်ဆိုတာ ဆံပင်တောင် ထောင်သွားသလား
ထင်မိတယ်ဗျို့။ ကျုပ်ရဲ့ ညဘက်က ဒညင်းပင်ကြီး
နောက်ကနေ ထွက်လာတဲ့ လူကြီးကို ကျုပ် လှမ်းမြင်ရတယ်။
ကျုပ်နဲ့တော့ ခြေလှမ်းဆယ်လှမ်းလောက်တော့ ဝေးပါတယ်။
"မင်း ဘယ်ရွာကတုံးကွ"
မန်းအောင်ပွင့်ပြောတဲ့ ပုံစံအတိုင်းပါပဲဗျာ။
အရပ်က ၆ ပေလောက် ရှိမယ်။ မျက်နှာက ခပ်ပြားပြားဗျ။
မုတ်ဆိတ်မွေး ။ နှုတ်ခမ်းမွေးတွေက တော်တော်ကို
ရှည်တာဗျ။မုတ်ဆိတ်တွေက တစ်ထွာလောက် တွဲကျနေတယ်။
မုတ်ဆိတ်မွေးနဲ့နှုတ်ခမ်းက ဆက်နေတော့
ပါးစပ်ပေါက်တောင် သိပ်မတွေ့ရဘူးဗျ။
မျက်လုံးတွေက နီတီတီနဲ့ဗျို့။နှာတံက
ကောက်ကောက်ကြီးဗျ။
နဖူးကလည်း မောက်မောက်ကြီး ။ ခေါင်းကဆံပင်ကြီးက
ဖားလျားကြီးဗျ။ကျောအလယ်လောက် ရောက်တယ်ဗျို့
"ကျုပ်က ကျောက်ထပ်ကဗျ"
"သြော် ဘာလာလုပ်တုံး ။ ထင်းခွေပဲလား"
"ဟုတ်တယ်ဗျ ကျုပ် ထင်းလာခွေတာ"
"သြော် သြော် မင်းနာမည်က ဘာတဲ့တုံး"
"ကျုပ်နာမည်က တာတေဗျ"
"အလို တာတေတဲ့လား"
ပြောရင်းနဲ့ ကဝေကြီးက ကျုပ်နားကို ကပ်လာတယ်ဗျ။
"တာတေဆိုတော့ စနေသားများလား"
"ဟုတ်တာပေါ့ဗျာ ကျုပ်က စနေသားစစ်စစ်ဗျ။
နေတက်ရေတက် မွေးတာလို့ ကျုပ်အမေက ပြောသဗျ"
"သိပ်ကောင်းတာပေါ့ကွာ"
"ဘုန်း"
ပြောပြောဆိုဆို ကဝေကြီး ကျုပ်ကျောကုန်းကို
သူ့လက်ဝါးကြီးနဲ့ ဘုန်းခနဲ မြည်အောင် ရိုက်ချလိုက်တယ်
ကျုပ်ဆိုတာ ရှေ့ကို ဒူးထောက်ပြီး ကျသွားတာပေါ့ဗျာ။
ကျုပ် သိပါတယ်ဗျ။ဒါဟာ ဆရာကြီးပြောတဲ့ တို့ဆေးဆိုတာပဲ။
ကျုပ်ကို တို့ဆေးသုတ်ထားတဲ့ လက်ဝါးနဲ့ ရိုက်လိုက်တာဗျ။
ဆရာကြီး တိုက်ထားတဲ့ အင်းနဲ့အစွမ်းကြောင့်
ကျုပ် ဘာမှမဖြစ်ဘူးဗျို့။ဒါပေမဲ့ ကျုပ်က ငိုင်တိုင်တိုင်
ပုံစံကြီး လုပ်လိုက်ရတာပေါ့ဗျာ။
"ဟဲ့ တာတေ ထစမ်း ။ ငါ့အမိန့်"
ဟော ကဝေက ကျုပ်ကို အမိန့်စပေးပြီဗျို့။
ကျုပ်ကလည်း အိပ်မွေ့ချခံထားရတဲ့လူလို
ဒယီးဒယိုင်နဲ့ ထလိုက်ရတာပေါ့ဗျာ။
"ငါ့ကိုကြည့်စမ်း တာတေ ။ စနေသား တာတေ။
အခုအချိန်ကစပြီး မင်းကို ငါပိုင်ပြီ။ငါ ခိုင်းတာလုပ်ရမယ်။
ဘယ်နှယ့်တုံး လုပ်မယ်မို့လား"
ကျုပ်က မျက်လုံးကြီးစင်းပြီး ခေါင်းကို ခပ်ဖြည်းဖြည်း
ညိတ်ပြလိုက်တယ်။
"ကောင်းပြီ တာတေ။ ငါ့နောက်က လိုက်ခဲ့တော့။
အခု လိုက်ခဲ့တော့"
ပြောပြောဆိုဆို ကဝေက ကရင်သင်တိုင်းနီနီကြီးနဲ့
ရှေ့က ထွက်သွားတယ်။ ကျုပ်က ဒယီးဒယိုင်လုပ်ပြီး
နောက်က လိုက်ရတာပေါ့ဗျာ။
ကဝေက တောင်ကုန်းကိုတက်ရင် ကျုပ်ကလည်း
လိုက်တက်ရတာပေါ့ဗျာ။ကဝေက လျှိုထဲကို ဆင်းရင်
ကျုပ်ကလည်း လိုက်ပြီး ဆင်းရတာပေါ့။တော်တော်ကို
ဝေးတာဗျို့။နာရီပြန်နှစ်ချက်လောက်ရှိပြီထင်တယ်ဗျ။
ဒီတော့မှ ကဝေရဲ့ တဲကို ရောက်တာ။
မန်းအောင်ပွင့်ကြီး ပြောတဲ့အတိုင်းပါပဲဗျာ။
မီးဖိုရော အိုးတွေ ခွက်တွေရော ရင်စို့လောက်မြင့်တဲ့
ကျောက်တုံးကြီးပေါ်မှာ အဆင်သင့် တင်ထားတဲ့
ငွေဖလားနဲ့ ရွှေလက်ကိုင်ရိုး တပ်ထားတဲ့ ဓါးကိုလည်း
တွေ့ရတယ်ဗျို့။
"တာတေ ဒီမှာထိုင် ။ လာ လာ လာခဲ့"
လို့ ကဝေက ကျုပ်ကို ခေါ်တယ်ဗျ။
ကျုပ်ကလည်း ဘာမှ မသိသလို သူခိုင်းတဲ့အတိုင်း
လုပ်ရတာပေါ့ဗျာ။ သူက ကျုပ်ကို သစ်ပင်တစ်ပင်အောက်မှာ
ထိုင်ခိုင်းတယ်ဗျ။ ကျုပ်လည်း မောနေတော့ ငြိမ်ပြီး
ထိုင်နေတာပေါ့ဗျာ။ မျက်စိတွေကတော့ တစ်ချက်မှ
အလစ်မပေးဘဲ မသိမသာ ကြည့်နေရတာပေါ့ဗျာ။
ကဝေက သူ့ရဲ့တဲထဲကို ဝင်သွားတယ်ဗျ။
တော်တော်ကြာမှ ပြန်ထွက်လာပြီး အိုးတွေကို
စမ်းချောင်းဘက်ကို ယူသွားပြီး ဆေးတယ်ဗျို့။
ပြီးတော့ မီးဖိုကြီးကို မီးမွှေးတယ်။
စမ်းချောင်းကရေကိုသယ်ပြီး အိုးထဲ ထည့်တယ်ဗျ။
မီးဖိုပေါ်မှာ ရေနွေးအိုးကြီး တည်ထားတာပေါ့ဗျာ။
ကျုပ်ဖြင့် အသည်းယားလိုက်တာ။ ကျုပ်ကို
ပြုတ်မယ့်ရေနွေးအိုးကြီးမို့လား။
ရေနွေးအိုးလည်း တည်ပြီးရော ကဝေကြီးက
တဲရဲ့အနောက်ဘက်က ထင်းချောင်းတွေ သယ်လာတယ်ဗျ။
ထင်းတွေ သွား,သွား သယ်နေတုန်းမှာပဲ နေလည်း
တော်တော်စောင်းလာပြီပေါ့ဗျာ။
ကဝေကြီး နောက်တစ်ခါ ထင်းချောင်းတွေ သွားသယ်ချိန်မှာ
ကျုပ် ဘေးဘီကို ကြည့်လိုက်တယ်။ မလှမ်းမကမ်းက
မြားဆိပ်ပင်ကြီး နောက်ကနေ ဆရာနွံဖက လှစ်ခနဲ
ထွက်ပြပြီး ပြန်ဝင်သွားတယ်ဗျ။ ဟာ ဆရာကြီးတို့
ရောက်နေပြီပဲ။ ကျုပ်ဖြင့် အားတက်သွားလိုက်တာဗျာ။
မပြောပါနဲ့တော့။ ကဝေကြီးက ထင်းချောင်းတွေ
တော်တော်များများ သယ်ပြီး သွားတော့ ထင်းတွေကို
စနစ်တကျစီပြီး မီးဖိုကြီး လုပ်တာဗျ။
နေဝင်သွားပြီဗျို့။
ကဝေကြီးလည်း ပြင်ဆင်တာတွေအားလုံး ပြီးသွားပုံပဲဗျ။
ငွေဖလားတင်ထားတဲ့ ကျောက်တုံးကြီးနားမှာ ထိုင်ပြီး
နားနေတယ်။ သူ့ခေါင်းကြီးကတော့ ကောင်းကင်ကို
မော့ပြီး ကြည့်နေတယ်ဗျ။
အပိုင်း(၇)ဆက်ရန်..
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment