မရဏဆုံမှတ် အပိုင်း(၄)



"ဟာ အမဲ မပစ်ပါဘူးဗျ၊ ကျုပ်က 
သမန်းအောင်ထားတာဆိုတော့ ကျားဘဝပြောင်းပြီး
အမဲကောင် လိုက်ရှာမှာပေါ့ဗျ"

"ဟေ ဟုတ်လား စံမောင်၊ မင်း တကယ်အောင်ထားတာလား"

"မယုံရင် ဆရာ လိုက်ခဲ့လေ။ တခြားသူတွေကိုတော့
ပြန်မပြောနဲ့ "

လို့ ပြောတာနဲ့ ကျုပ်လည်း သူ့နောက်ကို တိတ်တိတ်
လိုက်သွားရောဗျို့။ တောနက်ထဲရောက်တော့
ကျုပ်ကို ဒီကောင်က ခပ်ဝေးဝေးမှာ နေခိုင်းတယ်ဗျ။
ပြီးတော့မှ ခြုံပုတ်ကလေးအကွယ်မှာ သူ့အဝတ်အစားတွေကို
ချွတ်ချလိုက်တာ။ နောက်တော့ မတ်တတ်ရပ်လျက်ကနေ
လက်အုပ်ချီတာ တွေ့ရတယ်။ ပြီးတော့ 
ပါးစပ်က ပွစိ ပွစိ လုပ်ပြီး ရွတ်ဖတ်နေတော့ပဲဗျ။

ကျုပ်လည်း နည်းနည်းကြောက်လာတာနဲ့ 
သစ်ပင်ကြီးတစ်ပင်ပေါ်ကို ဖက်တက်ပြီး
နေလိုက်တယ်။ ရှိတွေ ဘာတွေ ခိုးလည်းပြီးရော
ဒီကောင် မြေကြီးမှာ လက်ထောက်ပြီး 
နောက်ကျွမ်းပစ်လိုက်တာ၊ ဟာဗျာ။
ဘာပြောကောင်းမလဲ တကယ့်ကျားကြီး 
ဖြစ်သွားရောဗျို့။

'ဝေါင်း ဝေါင်း ' နဲ့ နှစ်ချက်လောက် ဟိန်းလိုက်သေးတာ။
ပြီးတော့ တောထဲကို ပြေးဝင်သွားရောဗျို့။

"ဟာ တကယ်ပေါ့ ဘိုး ဟုတ်လား "

ဘထစ်က မေးပြန်ရောဗျို့

"သြော် တကယ်ကို ကျားဖြစ်သွားတာပါကွာ၊
ငါလည်း သစ်ပင်အောက်ကို ပြန်မဆင်းရဲတော့ဘဲ
အပေါ်ထပ်တက်ရတော့တာပေါ့။ ဒီကောင် တော်တော်နဲ့ကို
ပြန်မလာတာကွ။ တစ်နာရီလောက်ကြာတော့မှ
'ဟင်း ဟင်း ဟင်း 'ဆိုပြီး မာန်ဖီတဲ့အသံကြီး
ကြားလို့ သစ်ပင်အောက်ကို ငုံ့ကြည့်လိုက်တော့မှ
နည်းတဲ့ကျားကြီးမှ မဟုတ်တာ၊ ကိုးတောင်ကျားကြီးကွ။
ပါးစပ်မှာ ဆတ်ကြီးတစ်ကောင်ကိုက်ပြီး ဆွဲလာတာဟေ့။
ငါ့စိတ်ထဲမှာ ဒါ စံမောင်ကျားမှ ဟုတ်ရဲ့လား။

တခြားကျားများလားလို့ တွေးမိပြီး သစ်ပင်ပေါ်
နောက်တစ်ဆင့် ထပ်တက်မိပြန်ရောပေါ့။
အဲဒီကျားက ဆတ်သေကြီးကို ငါတက်နေတဲ့
သစ်ပင်အောက်မှာ ထားခဲ့ပြီး ဆက်သွားတယ်။

စောစောက ခြုံပုတ်ကလေးဘက်ကို သွားတာ။
အဲဒီခြုံနားမှာ ပျောက်သွားတယ်။ ခဏနေတော့
ခြုံထဲကနေ စံမောင် ထွက်လာတယ်။

သူ့အင်္ကျီ၊ ပုဆိုးတွေ ပြန်ဝတ်ထားတယ်။
ဒီတော့မှ ငါလည်း သစ်ပင်ပေါ်က ဆင်းခဲ့ရတာပေါ့လေ။
သစ်ပင်အောက်ကို ရောက်တော့ စံမောင်က
ငါ့ကို ပြုံးပြုံးကြီးကြည့်ပြီး …

"ကဲ ဘယ့်နှယ်လဲ ဆရာ၊ သမန်းကျား ဆိုတာကို
ဆရာ ယုံသွားပြီလား။ ဒါပေမဲ့ ဘယ်သူ့ကိုမှ
မပြောနဲ့ ဆရာ၊ တစ်ရွာလုံးက ကျုပ် ဆေးအောင်တာကို
သိကြတယ်။ ဒါပေမဲ့ ကျုပ် ကျားဘဝပြောင်းတာကိုတော့
သူတို့ တစ်ခါမှ မတွေ့ကြဘူး၊ ဒါကြောင့် 
ဒါတွေဟာ ပုံပြင်ပါလို့ ထင်နေကြတာ။
ကျုပ်ကလည်း မဟုတ်ဘူးလို့ပဲ အမြဲငြင်းထားတာ"

"အေးပါကွာ ငါ ပါးစပ်လုံပါတယ် စိတ်ချပါ
ကဲ ဒီဆတ်ကြီးကို ဒီအတိုင်း သယ်သွားလို့
ကောင်းပါ့မလား "

"ရပါတယ် ဆရာရဲ့၊ ဆရာနဲ့ ကျုပ်နဲ့ တောထဲမှာ
အမဲထောင်ထားတယ်လို့ ကျုပ်က 
ပြောထားတာ၊ ဓါးရာလေး ဘာလေးနည်းနည်းပေးပြီး
ယူသွားကြတာပေါ့"

စံမောင်က အဲဒီလို ပြောပြီး ဆတ်ကြီးကို ဓါးချက်
နည်းနည်းပေးလိုက်တယ်၊ ပြီးတော့ သူနဲ့ ငါနဲ့
ဆတ်သေကြီးကို ရှေ့နောက်ထမ်းပြီး စခန်းကို 
သယ်ခဲ့ကြတာပေါ့ကွာ၊ တောထဲမှာ ဟင်းစား
ငတ်တိုင်း စံမောင်နဲ့ ငါနဲ့ ဒီ အလုပ်ကို လုပ်နေကြတာကွ"

"နောက်တော့ အဲဒီလူ ဘာဖြစ်သွားလဲ ဘိုးပေါ်လာရဲ့ "

လှည်းသမားက မေးပြန်ရောဗျို့၊ ဘိုးပေါ်လာက
ခေါင်းလေးညိတ်လိုက်ပြီးတော့ …

"အေးကွ၊ နောက်တစ်နှစ်လောက်ကြာတော့
စံမောင်တို့ ရွာက လူတွေ ပြောတယ်၊ ပြာသိုလကြီးတဲ့၊
တအားအေးတဲ့ ညမှ သူတို့ရွာနားမှာ ကျားဟိန်းသံတွေ
ကြားရတယ်တဲ့၊ အဲဒီအသံတွေ ကြားတော့ 
စံမောင်က ရွာထဲမှာ ဂဏှာမငြိမ်ကို ဖြစ်လာတာတဲ့ဟေ့။
နောက်ဆုံးတော့ သူတို့ရွာသားတွေ ဝိုင်းချုပ်နှောင်ထားတဲ့
ကြားကပဲ အဝတ်အစားတွေ အတင်းချွတ်ပစ်ပြီး
နောက်ကျွမ်းပစ်လိုက်တာ၊ ကျားကြီးဖြစ်သွားရောတဲ့။

ရွာသားတွေလည်း အိမ်ပေါ်တွေ တက်ပြေးကြရတော့တာပေါ့။
အဲဒါ စံမောင်ကျားက အသံကျယ်ကြီးနဲ့
ဟိန်းသတဲ့၊ ရွာအပြင်က ကျားတွေက ဟိန်းလိုက်၊
ရွာထဲက ကျားက ဟိန်းလိုက်နဲ့ နောက်ဆုံးတော့
ရွာစည်းရိုးကို ခုန်ကျော်ပြီး ထွက်သွားရောတဲ့ဟေ့။
အဲဒီညကတည်းက စံမောင် ရွာကို ပြန်မလာတော့တာ
ဒီနေ့အထိဆိုပဲ၊ ငါလည်း သစ်တောက 
ထွက်လာပြီးတဲ့နောက် အဲဒီဘက်ကို 
ပြန်မရောက်တော့ စံမောင်သတင်းကို သိပ်မကြားတော့ဘူး။

မနှစ်က ရန်ကုန်ကို ရွှေတိဂုံဘုရားကြီးဖူးဖို့
သွားတော့မှ သစ်တောက လုပ်ဖော်ကိုင်ဖက်တစ်ယောက်
ပြောပြလို့ စံမောင် ရွာပြန်မလာတော့ဘူးဆိုတာ
သိလာရတာ "

"အို …ဖြစ်မှဖြစ်ရလေဗျာ"

ဘိုးကျင်က စုတ်ကလေး တသပ်သပ်လုပ်ပြီး
ပြောတယ်ဗျ။

"ဒီလူ တစ်ခါတည်း ကျားဖြစ်သွားတယ်
ထင်တယ်ဗျ၊ ဘိုးကျင်ရ "

လှည်းသမားကလည်း သူ့ထင်ကြေးကို
ပေးတယ်ဗျ။ 

"အင်း ဖြစ်နိုင်တာပေါ့ ငမောင်ရာ၊ လူစိတ်ကို 
ပြန်မလည်တော့တာဖြစ်မှာပေါ့။ အရိုင်းစိတ်ကြီးနဲ့ပဲ
တောထဲ တောင်ထဲမှာ လျှောက်သွားရင်း 
ဘဝဆုံးသွားသလားမှ မသိတာ"

ဘိုးရင်ကလည်း သူ့အထင်ကို ပြောတယ်
ဒီလိုနဲ့ စကားတပြောပြောနဲ့ လှည်းမောင်းလာလိုက်တာ
နာရီပြန် နှစ်ချက်လောက်မှာ ကညင်ကိုးပင်ကို
ရောက်တယ်။ အဘိုးကြီးနှစ်ယောက် လှည်းသမားကို
ပိုက်ဆံပေးကြတယ်၊ ပြီးတော့မှ လှည်းပေါ်က
ဆင်းသွားတယ်၊ ကျုပ်တို့ နှစ်ယောက်ကိုတောင်
သေသေချာချာ နှုတ်ဆက် သွားသေးတယ်။

"ဒါ ကညင်ကိုးပင်၊ စင်ကိုးစင်လေကွာ
ဒါလည်း အဓိကရနေရာတစ်ခုပဲကွ၊
ဒီအကြောင်းကိုတော့ နောက်တစ်ခါကြုံမှ
ပြောပြတော့မယ်ဟေ့ "

"ဟုတ္ကဲ့ပါ အဘိုးတို့ "

အပိုင်း(၅)ဆက်ရန်...


မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)