မျက်ကွင်းဆေး ၊ အပိုင်း(၅)
"ဟာ…ဆရာကြီး အဲဒီအပင်ဘေးမှာ
အကောင်ကြီးတစ်ကောင် ရပ်နေတယ်ဗျ။
မျက်လုံးကြီးတွေက လင်ကွင်းလောက်ရှိတယ်ဗျ။
လျှာကြီးက တွဲလောင်းကြီးကျနေတယ်ဗျို့။
ဟာ…လက်ဝါးကြီးတွေလည်း အကြီးကြီးနဲ့ဗျာ"
"ဟာ အဲဒါ သရဲစံပွင်ပေါ့ကွ။
သူ အဲဒီအပင်ကို စောင့်ရမှာစိုးလို့
လူထဲဝင်ပုန်းနေတာလေကွာ။
စံပွင့်ပြောလို့ ကျုပ် ဒီအပင်အကြောင်း
သိတာကွ။စံပွင့်က ကျုပ်တို့ကိုတားမှာ
မဟုတ်ဘူး။ဒီအပင်မရှိမှ အေးမယ်လို့
တွေးနေတဲ့အကောင်ကွ"
"ဟော…ဆရာကြီးရေ လေလည်းမတိုက်ပဲနဲ့
အဲဒီအပင်က လှုပ်ရမ်းနေတယ်ဗျို့။
ဟော…တစ်ဘက်တည်းကို ယိမ်းတာမဟုတ်ဘဲ
ဘက်ပေါင်းစုံယိမ်းနေတာဗျို့။
ဟော…ဟော…မဖဲဝါကြီးနဲ့ သူတပည့်တွေ
အဲဒီကို သွားနေကြပြီဗျ"
"အေး…နက္ခတ်အချိန်ကြပြီကိုး တာတေရဲ့။
သစ်စုန်းပင်မှာ အသက်ဝင်လာပြီပေါ့
သေသေချာချာကြည့်နေနော်"
"ဟာ…ဆရာကြီးရေ သစ်ပင်က အပေါ်ကို
ကြွတက်လာနေပြီဗျို့"
"အေး…ဟုတ်ပြီ ဟုတ်ပြီ မဖဲဝါဘာလုပ်နေလဲ"
"ဟာ…မဖဲဝါက လက်ကြီးနှစ်ဘက်ရှေ့ကို
ဆန့်ပြီးပါးစပ်က ပွစိပွစိနဲ့ ပြောနေတာဗျ။
ဘာပြောတာလဲတော့ ကျုပ်မကြားရဘူး"
"အေး အေး ဟုတ်ပြီ ကြည့်ထား"
"ဟာ…ဆရာကြီးရေ သစ်စုန်းပင်က
လူလမ်းလျှောက်သလို လျှောက်နေပြီဗျို့။
ဟာ မဖဲဝါရော သရဲစံပွင့်ကြီးတို့ရော
အပင်နောက်က လျှောက်လိုက်နေကြပြီဗျို့"
"ဟာ…ဟုတ်လား ဘယ် ဘယ်ကို သွားနေလဲကွ"
"သင်္ချိုင်းအနောက်ဘက်ဗျ။
အားလုံးအုံပြီး လိုက်သွားကြတယ်"
"အေး တာတေရေ အပင်ပေါ်က
ကောင်တွေကို တစ်ချက်ကြည့်စမ်းကွာ"
"ဟာ…ဒီကောင်တွေလည်း အဲဒါကို
ဝိုင်းကြည့်နေကြတယ်ဗျ"
"အေး…ဟုတ်ပြီ မင်းသေသေချာချာနားထောင် တာတေ။
အဲဒီအပင်က စောစောက ဂူအစိမ်းနားကို
ရောက်အောင် ပြန်သွားမှာ အဲဒီအချိန်မှာ
ငါက မဖဲဝါတို့ဆီကို ဆေးလုံးပစ်သွင်းလိုက်မယ်။
မင်းက ဂူအစိမ်းနားကို သွားပြီးပုန်းနေ။
သစ်စုန်းပင်ရော မဖဲဝါတို့ရော
အဲဒီနားကပ်လာတာနဲ့ ။
မင်းကမတ်တပ်ထရပ်လိုက်။
ငါက ဆေးလုံးပစ်လိုက်မယ်။
သူတို့အားလုံး ခဏကြာအောင်
ကြက်သေသေသွားကြလိမ့်မယ်။
သူတို့တင် မကဘူး။
ဒီသင်္ချိုင်းက အကောင်တွေအားလုံး
ကြက်သေသေသွားမှာ။သိပ်ကြာမှာတော့
မဟုတ်ဘူးကွ။အဲဒီအချိန်မှာ မင်းက
သစ်စုန်းပင်ကို ပြေးထမ်းပြီး။
သင်္ချိုင်းအပြင်ကို အရောက်ပြေးပေတော့။
ငါက နောက်ထပ်ဆေးတစ်လုံးပစ်သွင်းပြီး
မင်းနောက်က ပြေးလိုက်ခဲ့မယ်။
သင်္ချိုင်းအပြင်ရောက်ရင် မင်းဆက်မပြေးနဲ့
ငါ့ကိုစောင့်နေ ဖြစ်တယ်မို့လား တာတေ"
"ဟာ…သိပ်ဖြစ်တာပေါ့ ။ဆရာကြီးရာ"
"အခု ဘယ်ရောက်သွားပြီလဲကွ"
"သည်ပင်က လူလမ်းလျှောက်သလို
တစ်လှမ်းချင်း လျှောက်နေတာဗျို့
နောက်က မဖဲဝါကြီးက ဦးဆောင်ပြီး
သစ်ပင်နောက်က ခပ်ခွာခွာမဲလိုက်နေတာ
ဆရာကြီးရဲ့"
"အေး…သရဲစံပွင့်ကြီးရောပါသလားကွ"
"ဟာ…ပါတာပေါ့ဗျ အဲဒီ အကောင်ကြီးက
မဖဲဝါဘေးမှာ ကုတ်ကုတ်ကလေးဗျ"
"အေး…ဟုတ်မယ်ကွ ။ ဒီကောင်ကြီးက
မဖဲဝါကို အားကြီးကြောက်ရတာဆိုပဲ။
အခုဘယ်ဘက်ကို ရောက်သွားပြီလဲ"
"ဟောဟိုက ထနောင်းပင်နှစ်ပင်ကို
ဆရာကြီးတွေ့တယ်မို့လား"
"အေး…တွေ့တယ်လေ"
"အဲဒီအောက်မှာ လျှောက်နေတာဗျို့"
"ဟာ…အဲဒါသင်္ချိုင်းရဲ့ နယ်နိမိတ်ပဲကွ။
အဲဒါပြီးရင် ဒီဘက်ကို ပြန်ပြီး ပတ်လာမယ်
ထင်တယ်"
"ဟာ…ဆရာကြီး သစ်စုန်းပင်က လူလိုပဲ
ခုန်နေတယ်ဗျို့"
"ဟာ…ဟုတ်လားကွ"
"ဟုတ်ပါ့ဗျာ။သူ့အကိုင်းကလည်း
လူလက်တွေလိုပဲ။အကွေ့အဆန့်လုပ်လို့ရတယ်ဗျ။
ဟာ…ဟော…ခုန်ပြန်ပြီဗျို့။
တော်တော်တော့ သွေးပျက်စရာကောင်းတဲ့
မြင်ကွင်းပဲဗျာ"
"ဟာ…မကြောက်စမ်းပါနဲ့ တာတေရာ"
"မကြောက်ပါဘူးဗျာ။
ကျုပ်က အခုချက်ချင်းတောင်
ပြေးထမ်းလိုက်ချင်ပြီဗျ"
"ဟာ…မရသေးဘူးလေကွာ။
သူတစ်ပတ်ပြည့်အောင် လျှောက်ပြီးမှ
အာနိသင်အပြည့်ရမှာကွ။
ကဲ…ဆက်ကြည့်ပြန်ဟေ့"
"ဟုတ်တယ်ဗျို့ ဒီအပင်က သင်္ချိုင်းကို
လှည့်ပတ်သွားနေတာဗျာ။
ဟိုဘက်က ဂူတွေဘက်ကို တက်သွားပြီဗျို့"
"ဟုတ်ပြီ ဟုတ်ပြီ မျက်ခြေမပြတ်သာ
ကြည့်နေဟေ့"
ကျုပ်ကြည့်နေတုံးမှာပဲ သစ်စုန်းပင်က
သင်္ချိုင်းနေရာအနှံ့ကို ရောက်သွားတယ်ဗျ။
သင်္ချိုင်းတစ်ခုလုံး ရောက်သွားတော့မှ
ရပ်နေတယ်။မဖဲဝါကြီးတို့ကလည်း
နောက်ကထပ်ချပ်မကွာ လိုက်နေတာဗျို့။
"ရပ်နေတယ် ဆရာကြီး"
"ဟာ…ဟုတ်လား ။ ကဲ ဒါဆိုရင်
မင်းဂူအစိမ်းဘေးကိုသွားပြီး
ပုန်းပေတော့ဟေ့။အနားရောက်လာတာနဲ့
ကျုပ်မှာထားသလို မတ်တတ်ထရပ်လိုက်နော်။
ကျုပ်ဆေးလုံးပစ်သွင်းမယ်။
ကျုပ်ကလည်း ဟိုက ဘုန်းကြီးမယ်တော်ကြီးရဲ့
ဂူနားမှာ ကပ်နေမှာသိလား"
"ဟုတ်ပြီ ဆရာကြီး ဒါဆိုရင် ကျုပ်သွားပြီဗျို့"
ကျုပ်က ဆရာကြီးခိုင်းတဲ့အတိုင်း
ဂူတွေကြားမှပုန်းပြီး ဂူအစိမ်းနားကို
ရောက်အောင်လာခဲ့တယ်။ကျုပ် လှည့်ကြည့်တော့
ဆရာကြီးလည်း ကျုပ်လိုပဲ ဂူတွေကွယ်ပြီး
လာနေတယ်ဗျ။အချွန်အတက်တွေနဲ့
လုပ်ထားတဲ့ မယ်တော့်ဂူနားရောက်သွားပြီဗျို့။
မဖဲဝါကြီးတို့ကတော့ သစ်စုန်းပင်ကိုပဲ
အာရုံထားနေတာဆိုတော့ ကျုပ်တို့ကို
မြင်ပုံမပေါ်ဘူးဗျ။သစ်ပင်ပေါ်က
ကောင်တွေကလည်း ဘာကိုမှမကြည့်တော့ဘူးဗျို့။
သူတို့ဟာ သူတို့ပဲ ငြိမ်နေကြတယ်။
ဟော ပြောရင်းဆိုရင်း သစ်စုန်းပင် ကခုန်ပြီး
ပြန်လာနေပြီဗျို့။အောင်မလေးလေး…
မဖဲဝါက အရပ်ကြီး ဆယ်ပေ။ဆယ့်တစ်ပေလောက်ကို
ရှိတာဗျို့။မျက်နှာကြီးက မဲနက်နေတာဗျ။
မျက်လုံးနီကြီးနှစ်လုံးကလည်း ပြူးထွက်နေတာဗျို့။
အပိုင်း(၆)ဆက်ရန်...
မူရင်းရေးသားသူအားလေးစားစွာcreditပေးပါသည်။

Comments
Post a Comment