မျက်ကွင်းဆေး ၊ အပိုင်း (၃)



"အေး…မင်းမေးတဲ့မေးခွန်းကမေးထိုက်တဲ့
မေးခွန်းပဲကွ တာတေရ။အဲဒါကို ဆရာလုပ်တဲ့
သူက ကွင်းခွင့်မရှိဘူးကွ။တစ်ခြားတစ်ယောက်ကိုပဲ
ကွင်းပေးရတာ။ကွင်းမဲ့သူကလည်း
စနေသားဖြစ်ရမယ်။ဒါမှရတာ။
ပြီးတော့ မျက်ကွင်းဆေးကွင်းထားတဲ့ အချိန်မှာ။
မင်းက သစ်စုန်းကိုတင် မြင်ရမှာမဟုတ်ဘူးလေ။
တခြားနာနာဘာဝတွေကိုပါ မြင်ရမှာကွ။
ဒီတော့ တော်ရုံတန်ရုံသတ္တိရှိတဲ့ လူကိုကွင်းပေးလို့
မရဘူးကွ။ရူးသွပ်သွားတတ်တယ်"

"အော် နာနာဘာဝတွေပုံစံက ဒီလောက်ကြောက်စရာ
ကောင်းလို့လား ဆရာကြီး။ ကျုပ် မဖဲဝါကိုတော့
ခပ်လှမ်းလှမ်းက မြင်ဖူးပါတယ်။ခပ်ဖြူဖြူ
အရှည်ရှည်ကြီးပဲဗျို့"

"အဲဒါ မင်း အရိပ်လောက်ပဲမြင်ရတာကွ။
တာတေရ။တကယ့်အကောင်အထည်ကို
မြင်ရရင် တအားလန့်သွားတတ်တယ်"

"နေပါဦး ဆရာကြီးရဲ့ မျက်ကွင်းဆေးကွင်းတဲ့အခါ
နာနာဘာဝတွေကို မြင်ရတာတော့ ဟုတ်ပါပြီ
သူတို့ပြောသံရော ကြားနိုင်လားဗျ"

"အေး အဲဒါက ဒီလိုရှိတယ်ကွ။
ကျုပ်ဆရာကြီးတွေ ပြောတာကတော့။
မျက်စေ့ကွင်းတဲ့ လူရဲ့ ပါရမီပေါ်မှာ
မူတည်တယ်တဲ့ တာတေရဲ့။
မျက်ကွင်းဆေးကွင်းတဲ့ လူရဲ့ ပါရမီဓါတ်ခံညံ့ရင်
ရုပ်ပဲ မြင်ရနိုင်တယ်။အသံမကြားနိုင်ဘူးကွ။
မင်းကတော့ ကျုပ်ထင်တယ်လေ
ဒီဘက်မှာ ပါရမီခံ ကောင်းမယ်ပုံပဲကွ။
အဲဒီဆေးကွင်းတဲ့ ညကျမှပဲ သိရမှာပေါ့ကွာ"

"အော် ဟုတ်ပါပြီ ဆရာကြီး။
ဆရာကြီးနဲ့ တွေ့ရတာ။
ကျုပ်တော်တော်ကို ဗဟုသုတတိုးသွားပါရဲ့ဗျာ"

"အေး အဲဒီတော့ လပြည့်ကျော် နေဝင်တာနဲ့ တာတေ
ဒီကိုရောက်အောင် လာခဲ့ပေတော့ ။
ကျုပ်အစစအရာရာ ပြင်ဆင်ထားလိုက်မယ်"

"ဟုတ်ကဲ့ပါ ဆရာကြီး။စိတ်ချပါ ။
ကျုပ်ဆက်ဆက်လာခဲ့ပါ့မယ်"

ကျုပ် ပုဗ္ဗာရုံဆရာတော်ကို ကန်တော့ပြီး
ပြန်လာခဲ့တယ်။တစ်လမ်းလုံးလည်း
ကျုပ်တွေးလာတာပေါ့ဗျာ။ကျုပ်တစ်ခါမှ
မကြားဘူးတဲ့ မျက်ကွင်းဆေးအကြောင်းနဲ့
ကြောက်စရာကောင်းတဲ့ နာနာဘာဝတွေကို
တွေ့ရ။ မြင်ရတဲ့အခါ ကျုပ်ရော
ခံနိုင်ရည် ရှိပါ့မလား ။ ခံနိုင်ရည် မရှိရင်တော့
ကျုပ် သွက်သွက်လည်အောင် ရူးသွားမှာဗျ။

ဟုတ်မှဟုတ်ရဲ့လား ငတာတေရေလို့။
ကျုပ်ကိုကျုပ်မေးမိတယ်ဗျ။
အို ဘာပဲဖြစ်ဖြစ်ဗျာ ဒီလိုအခွင့်အရေးမျိုးကိုတော့
ကျုပ်လက်လွှတ်မခံနိုင်ဘူးဗျို့။
ဆရာကြီးစိုင်းနွံဖနဲ့ ကျုပ်လိုက်ကို လိုက်မယ်။

လပြည့်နေ့ညနေ နေဝင်သွားချိန်မှာ
အမေနဲ့ အဘကို ကျုပ် ပုဗ္ဗာရုံကျောင်း
သွားဦးမယ်။ဆရာတော် ခေါ်ထားလို့လို့
ပြောပြီး အိမ်ကနေ ကျုပ်ထွက်ခဲ့တယ်။

ကျုပ်ဆိုတဲ့ကောင်က တစ်သက်လုံး ဒီလိုပဲ
သွားနေကြဆိုတော့ အဘနဲ့ အမေကလည်း
သိပ်မဆန်းတော့ပါဘူးလေ။

ကျုပ်ပုဗ္ဗာရုံကျောင်းကိုရောက်တော့
ဆရာကြီးက ဘုရားခန်းထဲမှာ ဆေးဝါးတွေ
စီရင်နေတယ်ဗျ။ရွတ်ဖတ်တာတွေလည်း
လုပ်နေတယ်။ကျုပ်က ဘုရားဦးတိုက်လိုက်ပြီး
ငြိမ်ငြိမ်ပဲ ထိုင်နေလိုက်ပါတယ်။

ခဏနေတော့ ခံတွင်းနည်းနည်းချဉ်လာလို့
ဆေးလိပ်သောက်ရင်ကောင်းမလားလို့
စဉ်းစားလိုက်တယ်။ဆရာကြီးက ကြိုက်ချင်မှ
ကြိုက်မှာလို့ တွေးမိတာနဲ့ မသောက်ပဲ
နေလိုက်တော့တယ်။

"မောင်တာတေ ဆေးလိပ်သောက်ချင်ရင်
သောက်ပါကွ။ရပါတယ်။ကျုပ်ကို
အနှောင့်အယှက်မဖြစ်ပါဘူး။
ကျုပ်အလုပ်တွေလည်း အားလုံးပြီးပါပြီ"

ကျုပ် ဆရာကြီးကို တော်တော်အံ့သြသွားတယ်ဗျ။
ကျုပ်စိတ်ထဲမှာ ဖြစ်ပေါ်နေတာကို
ဆရာကြီးသိနေတာကိုးလို့ တွေးလိုက်မိတယ်။

"အင်း ကျုပ်သိနိုင်စွမ်း ရှိပါတယ်။
မောင်တာတေ အခု မောင်တာတေက
ထမင်းစားလာခဲ့တယ်မို့လား"

"ဟုတ်ကဲ့ စားလာခဲ့ပါတယ် ဆရာကြီး"

"အေး မင်းထမင်းစားတာ ကြက်သားဟင်းနဲ့လေ
ကြက်သားဟင်းက ငရုတ်သီးစပ်လွန်းလို့
မင်းရေ၂ခါတောင် ထသောက်ရတယ်မို့လား
ပြီးတော့ အဲဒီကြက်သားက မင်းဒို့အိမ်တောင်ဘက်ဝိုင်းက
အသားမို့လား။ကြက်ကနည်းနည်းရင့်နေလို့
မင်းအမေမှာ နူးအောင်တော်တော်ကို
ချက်လိုက်ရတာကွ။
ကြက်ဖဆိုတော့ အသားက မာတာပေါ့ကွ"

"ဗျာ ဒါတွေကအစ ဆရာကြီး သိနေတယ်ဟုတ်လား"

"အေး သိပါတယ် မောင်တာတေ ခုလိုပြောပြတာ
ကျုပ်ဂုဏ်ကို ဖော်ချင်လွန်းလို့ မဟုတ်ပါဘူး
မင်းယုံကြည်ပြီး တပည့်ခံရမဲ့ လူက
ဘယ်လိုလူဆိုတာလောက်တော့ သိထားသင့်တယ်
ထင်လို့ ပြောပြတာပါ"

"အော် ဟုတ်ကဲ့ပါဆရာကြီး။
ကျုပ်တစ်သက်မှာတော့ ဆရာကြီးလို့ ဆရာမျိုး
ဒီတစ်ခါပဲမြင်ဖူးပါသေးတယ်ဗျာ"

"အေး အေး အခု ကျုပ် ရွတ်ဖတ်နေတာတွေ
မောင်တာတေတွေ့တယ်မို့လား"

"ဟုတ်ကဲ့ တွေ့ပါတယ် ဆရာကြီး"

"အေး အဲဒါ ဆေးတွေကို မန္တန်ရွတ်ပြီး
နှိုးထားတာကွဲ့။ဒါမှအရေးအကြောင်းရှိလာရင်
အားလုံးအသက်ဝင်နေမှာပေါ့။
ဘာမှမကြောင့်နဲ့ မောင်တာတေ
ကျုပ်နဲ့တွဲမိလို့ မင်းဘာမှ မဖြစ်စေရဘူးသိလား"

"ဟာ ကျုပ် ဆရာကြီးကို ယုံပြီးသားပါဗျာ"

"အေး အေး"

ကျုပ်က ဆေးပေါ့လိပ်ကလေး မီးညှိပြီး ဖွာတယ်ဗျ။
ဆရာကြီးကတော့ ရေနွေးကြမ်းတွေ
တစ်ခွက်ပြီး တစ်ခွက်သောက်ပြီး တွေးနေတယ်။
တော်တော်ကလေးညဉ့်နက်လို့ ရွာထဲမှာ
ခြေတိတ်ပြီ ဆိုတော့မှ

"ကဲ…တာတေရေ ။ ကျုပ်တို့ ဆရာတပည့်နှစ်ယောက်
ဘုရားရှိခိုးကြစို့ရဲ့"

"ဟုတ်ကဲ့ ဆရာကြီး"

ကျုပ်ရော ဆရာကြီးပါ ဘုရားကို ဦးတိုက်ကြတယ်။
ဘုရားရှိခိုးပြီးတော့ ဆရာကြီးစိုင်းနွံဖက
ဘုရားမှာ သစ္စာဆိုတယ်။

အပိုင်း(၄)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၂)

ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ အပိုင်း(၃) ဇာတ်သိမ်းပိုင်း

စုန်းထီး အပိုင်း(၁)