မျောက်တစ်ရာရွာ၊ အပိုင်း(၂)
မြွေကြီးက မီးခိုးငွေ့ဒဏ်ကို မခံနိုင်ဘဲ လှုပ်ရှားလာတယ်။ ရစ်ပတ်ထားတဲ့ မျောက်ငယ်ကို တဖြေးဖြေး ဖြေလျော့လွှတ်တယ်။
မြွေကြီးရဲ့ အခြေအနေကြောင့် မောင်မှတ် ၀မ်းသာအားရနဲ့ မီးတွေ ထပ်ရှို့ပြီး ခြောက်လွှတ်တယ်။
မြွေကြီးက နံဘေးက တောဆီကို တိုး၀င်သွားတယ်။ မျောက်ကလေးကတော့ ပျော့ခွေပြီး လျော့လျော့လေးလှုပ်ရှားနေတယ်။
မောင်မှတ်လည်း မျောက်ကလေးကို ပွေ့လိုက်ပြီး သူ့မှာပါလာတဲ့ သောက်ရေဘူးထဲက ရေကို တိုက်လိုက်တယ်။ အခြားမျောက်တွေကတော့ မောင်မှတ် လုပ်သမျှကို နံဘေးကနေ ကြည့်နေတယ်။ မောင်မှတ်က သူတို့ကို အန္တရာယ်မပေးဘူးဆိုတာကိုလည်း သိနေတဲ့ပုံပဲ။
မကြာဘူး။ မျောက်ကလေး လူးလွန့်လာတယ်။ ကျန်တဲ့ မျောက်တွေက ၀မ်းသာအားရ ထအော်ကြတယ်။
မောင်မှတ်လည်း ကျေနပ်သွားရတယ်။ အစာလွတ်သွားရတဲ့ မြွေကြီးအတွက်တော့ မောင်မှတ် စိတ်မကောင်းဖြစ်မိတယ်။ မုဆိုးစည်းကို သူဖောက်ဖျက်မိပေမယ့် မုဆိုးအချင်းချင်း အသက်အန္တရာယ်ကို ရန်မပြုမိခဲ့တဲ့အတွက် မောင်မှတ် သူ့လုပ်ရပ်ကိုသူ့ဘာသာ ကျေနပ်မိနေတယ်။
အဲ့ဒီ့အချိန်မှာ ဒဏ်ရာရထားတဲ့ မျောက်ကလေးက မျက်လုံးလေးကလယ်လယ်နဲ့ ပတ်၀န်းကျင်ကို လိုက်ကြည့်နေတယ်။ မောင်မှတ်က မျောက်ကလေးရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ကို ရေနဲ့ ပွတ်သပ်ဆုပ်နယ်ပြီး လန်းဆန်းအောင်လုပ်ပေးနေတယ်။
သတိရပေမယ့် ပျော့ခွေနေတဲ့ မျောက်ကလေးကို မောင်မှတ်က ကလေးငယ်တစ်ယောက်ကို ချီသလိုချီပြီး မျောက်အုပ်ကြီးဆီ ကမ်းပေးလိုက်တယ်။
" ကဲ...ရော့...မင်းတို့ရဲ့ သူငယ်ချင်း မကြာခင် သက်သာလာလိမ့်မယ်..."
မျောက်အုပ်ထဲက မျောက်ကြီးတစ်ကောင်က မောင်မှတ်ဆီကို မရဲတရဲလှမ်းလာပြီး မျောက်ငယ်ကလေးကို လက်လွှဲယူတယ်။ ပြီးတော့ ရင်ခွင်ပိုက်ချီပြီး အနောက်ကို ခုန်ဆုတ်သွားတယ်။
မောင်မှတ်ကတော့ မျောက်ကြီးနဲ့ မျောက်ငယ်ကို သဘောကျပြီး ရယ်မိတယ်။ ပြီးတော့...
" ကဲ...ကဲ... မင်းတို့ သွားကြတော့။ ငါလည်း...အိမ်ပြန်ရဦးမယ်..."
အချိန်က နေညိုကာနီးပြီမို့ မောင်မှတ်က ပြောပြီးတော့ လှည့်ထွက်လိုက်တယ်။
အတော်အတန်လှမ်းပြီးတော့ အနောက်ကို ပြန်လှည့်ကြည့်တော့ မျောက်အုပ်ကြီးက သူ့ကို ကြည့်နေတုန်းပဲ။
ဘာရယ်မဟုတ်ပါပဲ မျောက်တွေကို လူတွေလိုထင်မှတ်ပြီး မောင်မှတ် လက်ပြနှုတ်ဆက်လိုက်မိတယ်။
*
" ဘုတ်ဘုတ်...ဘုတ်ဘုတ်..."
သန်းခေါင်ယံအချိန် မောင်မှတ်တို့ အိမ်ထရံကို တစ်စုံတစ်ရာက ပုတ်ခတ်တဲ့အသံ။
မောင်မှတ် မုဆိုးပီပီ နားပါးလွန်စွာနဲ့ပဲ အိမ်အပြင်က အသံကို ကြားကြားချင်း လန့်နိုးခဲ့တယ်။
" ချွတ်...ရှပ်...ရှပ်..."
အိမ်နံဘေး လျှောက်သွားနေတဲ့ ခြေသံကိုလည်း မောင်မှတ်ကြားရတယ်။
"သူခိုးတော့ မဖြစ်နိုင်ဘူး...ဒါလူပဲနေမှာ..."
မောင်မှတ် ရေရွတ်မိတယ်။ သူ့အိမ်က ဆင်းရဲချို့တဲ့ တဲ့အတွက် သူခိုးတော့ လာမခိုးနိုင်။ ထို့အတွက် အရွယ်ရှိဆဲ မိခင်ကို လာရောက်၍ အချောင်ကြံသူသာ ဖြစ်နိုင်တယ်လို့ မောင်မှတ်တွေးမိသွားတယ်။
သူ၏ မိခင်ဖြစ်သူက ယခုမှ အသက်လေးဆယ်စွန်းစွန်း။ ပြည့်ပြည့်၀၀၊ ဖွင့်ဖွင့်ထွားထွားရှိနေတုန်း။
" တောက်...တွေ့ကြသေးတာပေါ့ကွာ..."
အမေကို အချစ်သည်းပြီး စိုးရိမ်လွန်းတဲ့မောင်မှတ်၊ စိတ်ထဲကနေ တောက်တစ်ချက်ခေါက်လိုက်တယ်။ ပြီးတော့ လက်က အိပ်ရာနံဘေးက သာကိုင်နေကျ တောလိုက်ဓားမြှောင်ကို စမ်းပြီး ကိုင်လိုက်တယ်။
ခြေကို အသာဖွနင်းပြီး အိမ်အောက်ကို ဆင်းဖို့ မောင်မှတ်ထွက်ခဲ့တယ်။ မိခင်ဖြစ်သူအခန်းအနားက ဖြတ်ခိုက် အထဲကို လှမ်းကြည့်မိတော့ မိခင်က အိပ်မောကျနေလေရဲ့။
မိခင်ဖြစ်သူအတွက် မောင်မှတ်စိတ်ချသွားတယ်။ ပြီးတော့...ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ပုန်းကွယ်လို့ အောက်ကို ဆင်းလာခဲ့တယ်။
အောက်ရောက်တော့ လူရိပ်သူရိပ်ကို သူရှာဖွေတယ်။ လရောင်ဆမ်းလို့ ရွှန်းရွှန်းစိုနေတဲ့ အိမ်ပတ်၀န်းကျင်မှာ လူရိပ်သူရိပ်ဘာမှ ရှိမနေဘူး။
" တောက်...ငါ နားကြားမှားတာတော့ မဖြစ်နိုင်ပါဘူး"
မောင်မှတ် ရေရွတ်ပြီး ကျိတ်မနိုင်ခဲမရနဲ့ သေချာအောင် ဆက်ရှာတယ်။ အဲ့ဒီ့အချိန်မှာပဲ ခြံထောင့်က လှုပ်ရှားမှုတစ်ခု ဖြစ်လာတယ်။ မောင်မှတ် လှမ်းကြည့်လိုက်တော့...။
" ဟင်...မျောက်တွေပါလား..."
ခြံထောင့်ဆီမှာ မျောက်ကြီးသုံးကောင် ရှိနေတယ်။ သူတို့က မောင်မှတ်ကို လှမ်းကြည့်နေကြရဲ့။ မောင်မှတ် အံ့သြစိတ်နဲ့ ပြန်ကြည့်နေမိတုန်း စိတ်ကို တစ်စုံတစ်ရာက ညှို့ငင်သလို ဖြစ်သွားတယ်။
" လိုက်ခဲ့...ငါတို့နဲ့ ခဏ လိုက်ခဲ့..."
မျောက်တွေက သူ့ကို စကားပြောနေတယ်။ ဒါပေမယ့် အပြင်က ထွက်လာတဲ့ စကားသံမဟုတ်ဘူး။ စိတ်ချင်းဆက်သွယ်ပြီး ပြောနေခဲ့တာ။
" လိုက္ခဲ့ပါ..."
မောင်မှတ် အံ့အားသင့်နေချိန် ခေါ်သံက ထပ်ထွက်လာပြန်တယ်။
" ကျုပ်...ကျုပ် တကယ်လိုက်ရမှာလား"
" ဟုတ်တယ်...ငါတို့ အကြီးအကဲက မင်းကို ကျေးဇူးဆပ်ချင်လို့ ခေါ်ခိုင်းလိုက်တာ"
" ဘာအတွက်လဲ..."
" လိုက်ခဲ့ရင် သိမှာပေါ့...ကဲ...သွားကြစို့..."
အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment