မျောက်တစ်ရာရွာ ၊ အပိုင်း(၃)
မျောက်ကြီးတွေက လှည့်ထွက်သွားတယ်။ မောင်မှတ်လည်း အမှား၊ အမှန် မစဉ်းစားနိုင်ခဲ့ဘူး။ မျောက်ကြီးတွေ အနောက်က ထပ်ချပ်မခွာလိုက်မိတော့တယ်။
*
သန်းခေါင်ယံအချိန်ခန့်ကနေ အာရုံမိုးသောက်ချိန်အထိ မောင်မှတ်တစ်ယောက် မျောက်တွေအနောက်က လိုက်နေရတယ်။
မျောက်ကြီးသုံးကောင်ကတော့ သစ်ပင်ပေါ်ကတစ်လှည့်၊ မြေပြင်တစ်ဖုံနဲ့ သူ့ကို လမ်းပြခေါ်ဆောင်ပြီးသွားနေဆဲပဲ။
ရောင်နီပျို့လာပြီးနောက် အရှေ့အရပ်က နေထွက်လုလုအချိန်မှာတော့ သူတို့တတွေ ကျောက်သားနံရံတွေနဲ့ ပြည့်နေတဲ့ ချောက်ကြီးတစ်ခုထဲကို ရောက်ခဲ့တယ်။
ကမ်းပါးယံတွေ မိုးထားတာမို့ ထွန်းသစ်စ အလင်းရောင်ကလည်း အတော်ကလေးအားနည်းသွားပြန်ရဲ့။
" ရောက်ပြီ..."
မျောက်ကြီးတစ်ကောင်ကပြောတယ်။ ကျန်မျောက်ကြီးတစ်ကောင်က ပါးစပ်က အော်သံတစ်ခုကို ပြုလုပ်လိုက်တယ်။
မျောက်ကြီးရဲ့ အော်သံ ဆုံးတယ်ဆိုရင်ပဲ ကမ်းပါးယံရဲ့ အကျိုအကြားတွေဆီက အရွယ်အမျိုးမျိုးသော မျောက်တွေ ထွက်ပေါ်လာခဲ့ပြီး မောင်မှတ်နံဘေးမှာ များပြားစွာနဲ့ စုဝေးလာကြတယ်။ ပြီးတော့ မျောက်တွေအားလုံးက မောင်မှတ်ကို အဓိပ္ပါယ်တစ်မျိုးပါတဲ့ အကြည့်မျိုးနဲ့ ကြည့်နေကြတယ်။
မကြာပါဘူး။ မောင်မှတ် ကြည့်နေတုန်းမှာပဲ မျောက်အုပ်ကြီးက နံဘေးကို ရှဲသွားကြတယ်။ မျောက်အုပ်ကြီးရဲ့ နောက်ကွယ်က လူတစ်ယောက်နီးပါး ကြီးမားလှတဲ့ မျောက်ကြီးတစ်ကောင် ထွက်ပေါ်လာတယ်။ မျောက်ကြီးရဲ့ ပခုံးပေါ်မှာတော့ မျောက်ငယ်လေးတစ်ကောင်။
" ဒါ... ငါကယ်လိုက်တဲ့ မျောက်ကလေးပဲ..."
မောင်မှတ် ပခုံးထက်က မျောက်ငယ်ကို မြင်တော့ မှတ်မိပြီး တိုးတိုးရေရွတ်မိလိုက်တယ်။ ဒါပေမယ့်...နံဘေးက သူ့ကို ခေါ်လာတဲ့ မျောက်သုံးကောင်ကတော့ သူ့အသံကို ကြားလေရဲ့။
" ဟုတ်တယ်...မင်းကယ်လိုက်တဲ့ မျောက်ကလေးက ငါတို့အကြီးအကဲရဲ့ အရိုက်အရာကို ဆက်ခံမယ့် မျိုးဆက်ပဲ။ ဒါကြောင့်...မင်းကို ကျေးဇူးဆပ်ဖို့ အကြီးအကဲက ခေါ်ခိုင်းလိုက်တာ..."
" ဟင်..."
မျောက်တွေမှာ ခေါင်းဆောင်ရှိတယ်၊ ယခုလိုမျိုး လူတွေလို စုဝေးနေထိုင်တယ်၊ အကြီးအကဲရှိတယ် ဆိုတာမျိုးကို မောင်မှတ် မကြားဖူး၊ မမြင်ဖူးခဲ့တော့ အလွန်အံ့အားသင့်သွားရတယ်။
" ကျွန်ုပ်တို့ကို ကြည့်ပြီး အံ့သြနေတယ်ထင်ရဲ့။ အင်းလေ...ထင်လည်း ထင်ချင်စရာပါပဲ။ ဒီရွာက မျောက်တစ်ရာရွာလို့ ခေါ်တယ်။ ကျုပ်တို့က သာမန်မျောက်အမျိုးအနွယ် မဟုတ်ဘူး။ ကပိပုဏ္ဏလို့ခေါ်တွင်ပြီး နောင်မှာပွင့်မယ့် ဘုရားကို လှူဖို့ ပစ္စည်းဥစ္စာတွေကို စောင့်ရှောက်ရတဲ့ မျောက် အမျိုးအနွယ်ပဲ။ ပြောရရင်တော့ ရုပ်ရှိ၊ နာမ်ရှိပြီး မျိုးရိုးအစဉ်အဆက် ဥစ္စာကိုစောင့်ကြရတာမျိုးပေါ့။ အခု သင်ကယ်လိုက်တဲ့ ကလေးက နောင်အခါမှာ ကျွန်ုပ်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူပါ။ သူက သေဆုံးသွားပြီဖြစ်တဲ့ သူ့အမေကို ရှာဖွေဖို့ ကြိုးစားရင်း လမ်းမှားပြီး သင်တို့ဘက်ကို ရောက်လာခဲ့တာ။ အဲ့ဒီ့မှာ အသားစားကျူးတဲ့ မြွေမျိုးနဲ့တွေ့ပြီး သင့်ရဲ့ ကယ်တင်ပေးမှုကို ခံလိုက်ရတာပဲ။ ဒီအတွက် သင်က ကျွန်ုပ်တို့ မျိုးနွယ်စုအပေါ် သိပ်ကို ကျေးဇူးကြီးမားခဲ့တယ်။ သင့်ကို ကျေးဇူးဆပ်ပါရစေ..."
မောင်မှတ်အတွက် အံ့အားသင့်မှုတွေက အဆုံးမသတ်နိုင်သေးပါ။ မျောက်အကြီးအကဲရဲ့ တောင်းဆိုမှုကို ခေါင်းလည်းမညိတ်မိသလို၊ ခေါင်းလည်းမခါမိ။
" သူ့ကို ခေါ်သွားလိုက်ပါ။ ပြီးရင် ကျွန်ုပ်ရဲ့ ပိုင်ဆိုင်မှုဆီကနေ သူနိုင်သလောက် ရတနာတွေ ယူသွားပါစေ..."
" ကျုပ်...ကျုပ်...မယူ..."
မောင်မှတ် ငြင်းဆန်ဖို့ စကားပင် မဆုံးသေး မျောက်ကြီးက
" မငြင်းဆန်ပါနဲ့။ လိုသလောက်သာ သယ်ယူသွားပါ။ သင်ဟာ မိခင်ကို လုပ်ကျွေးနေတဲ့ သားလိမ္မာဖြစ်တယ်ဆိုတာကို ကျွန်ုပ်သိလို့ ပေးတာပါ..."
မိခင်ကြီးအကြောင်းနဲ့ ပြောလာတော့ မောင်မှတ် မငြင်းသာတော့။ သူ့နံဘေးက မျောက်ကြီး ခေါ်ဆောင်ရာဆီ ကျောက်လိုဏ်ခေါင်းပေါက် တစ်ခုဆီကို လိုက်ခဲ့မိတော့တယ်။
*
" ဟာ...များလိုက်တဲ့ ရတနာတွေ..."
အထဲရောက်တာနဲ့ များပြားလှတဲ့ ရွှေ၊ ငွေ၊ ကျောက်သံရတနာတွေကို ကြည့်ပြီး မောင်မှတ်ရေရွတ်မိတယ်။ ရတနာတွေက တောင်ပို့ကြီးတွေအလား လိုဏ်ဂူထဲမှာ ပြည့်နေရဲ့။
" ဟိုးက အပုံက အကြီးအကဲပိုင်ဆိုင်တဲ့ဟာပါ။ အဲ့ဒီ့ကနေ သင်လိုသလောက် ယူသွားပါ..."
မျောက်ကြီးပြတဲ့ ရတနာပုံက မောင်မှတ်တစ်ရပ်စာနီးနီးလောက်ရှိတယ်။
မောင်မှတ် အံ့အားသင့်စိတ်နဲ့သာ ကြည့်နေမိပြီး ဘာကို ယူရမယ်မသိဘူး။
" မြန်မြန်ယူပါ။ သင့်ပြန်ဖို့ အခ်ျန်မလောက်ဘဲနေလိမ့်မယ်..."
ဘာကို ဆိုလိုတယ်ဆိုတာ မောင်မှတ် မသိပေမယ့် မပြန်ရတော့ရင်ဆိုတဲ့ အတွေးက ၀င်လာခဲ့တယ်။ ဒီအတွက်ကြောင့်ပဲ မောင်မှတ်လည်း ရတနာပုံကြီးဆီက အလွယ်ကူဆုံးဖြစ်တဲ့ အတာရေအိုးလောက်ရှိမယ့် ရွှေရောင်အိုးလေးကိုသာ ကောက်မ' ယူလိုက်မိတယ်။
" သင်ယူပြီးပြီဆို ပြန်ထွက်ကြရအောင်..."
မောင်မှတ်လည်း မျောက်ကြီးနဲ့အတူ ဂူထဲကနေ ပြန်ထွက်လာခဲ့တယ်။ သူအပြင်ရောက်တယ်ဆိုတာနဲ့ အခုနက များပြားလှတဲ့ မျောက်တွေကို တစ်ကောင်တစ်မြှီးမှ မတွေ့ရတော့ဘူး။
အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment