"တိုက်အိုကြီးထဲက တစ္ဆေ" အပိုင်း(၄)

 












အချိန်မည်မျှကြာသွားသည်လည်း မသိ နားထဲမှာ တချွတ်ချွတ်အသံတွေကိုပင် မင်းရဝေလည်း ထပ်ပြီး ကြားလာခဲ့ပြန်သည်။ သူက အအိပ်အနည်းငယ် ဆတ်သူဆိုတော့ အသံတစ်ခုခုကြားတာနဲ့တင် လန့်လန့်နိုးတတ်သည်။ ဒီတော့ နားထဲထပ်ကြားနေရသည်က စောစောတုန်းကလိုပင် တချွတ်ချွတ်နဲ့ အသံမျိုး။ ဒီတော့ မဖြစ်ချေတော့ပြီ။ ဒီကြွက်တွေကို မောင်းထုတ်မှ ရတော့ဟု ဆိုပြီး အသာလေးထကာ မျက်လုံးကို ပွတ်လျက် ကြည့်လိုက်မိလေတော့ သူ့တစ်ကိုယ်လုံး ကြက်သီးများက တဖြန်းဖြန်း ထလာခဲ့တော့သည်။ ကျောပြင်တစ်ခုလုံးလည်း လက်အေးကြီးနဲ့ ကိုင်လိုက်သလိုပင် အေးစိမ့်သလိုပင် ဖြစ်လာတော့သည်။ မီးရောင်အနည်းငယ်နဲ့ မြင်လိုက်ရသည်ကား စည်သူမျိုးဝယ်လာတဲ့ အကင်ထုတ်ကို ဘုန်းကြီးတစ်ပါးက အသာအယာလေး တဖြေးဖြေးချင်း ယူနေတာပင်။ သူထကြည့်တာလည်း တွေ့ရော သူ့ကို အဲ့ဒီ ဘုန်းကြီးက မျက်လုံး အဝိုင်းသားနဲ့ ပြန်ကြည့်နေလေသည်။ ဒီအခါမှာသူလည်း ကြက်သီးတွေတော်တော် ထသွားပေမဲ့ ဒါဘုန်းကြီးတစ်ပါးနဲ့တူတယ် ငါဘာလို ကြောက်ရမှာလည်း ဆိုပြီး စိတ်ကို ပြန်တင်းထားလိုက်တော့သည်။ သိုပေမဲ့ ထိုဘုန်းကြီး ပုံစံက အနည်းငယ် ထူးခြားနေလေသည်။ အသက်ကတော့ သိပ်ပြီးမကြီးသေးပေ။ မျက်လုံးတွေကတော့ မျက်လုံးသေကြီးများနှင့် သူ့ကို ပြူးပြူးကြီး ပြန်လည်စိုက်ကြည့်နေလေသည်။
"ဦးဇင်း အကင် ဘုန်းပေးမလိုလား.. ယူသွားပါ တပည့်တော်တို လှူပါတယ်"
လို ပြောလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကလည်း ဘုန်းကြီးကျောင်းမှာ နေတာဆိုတော့ အလိုက်သိမှ ရလေမည်။ ဒီတော့ ထိုဘုန်းကြီးထံမှာ တဟင်းဟင်းနှင့် သက်ပြင်းချသံလိုလို အသံသြသြကြီး ထွက်ပေါ်လာတော့သည်။ ပြီးနောက် သူ့ကို မျက်လုံးချင်းစုံအောင် ပြန်ကြည့်ကာ ရုတ်တရက် ထရပ်လိုက်လေသည်။ ဒီတော့ သူလည်း ဘယ်လိုဖြစ်မှန်းမသိ အသားတွေပင် တုန်ချင်သလိုလို ဖြစ်လာတော့သည်။ 
"ဦးဇင်း ယူသွားလိုရပါတယ် .. ယူသွားပါ ဦးဇင်း"
"ဟေ့ကောင် ဘာတွေ ပြောနေတာလည်း"
သူအော်နေတဲ့အချိန်မှာ ကောင်းဆက်က နိုးလာပြီး သူ့ကို ခေါ်လိုက်ခြင်းပင်။ စည်သူမျိုးကလည်း အိပ်ချင်မူးတူးဖြင့် နိုးလာခဲ့ပြန်သည်။ ဒီတော့ သူလည်း ဖြစ်ပျက်ပုံကို ပြန်လည်ပြောပြလိုက်တော့ ကောင်းဆက်က ..
"ဟာ.. ငါ့နားထဲမှာ အသံတွေကြားလို နိုးလာတာ ကြည့်လိုက်တော့ မင်းတစ်ယောက်ထဲ စကားတွေ ပြောနေတာကို တွေ့တာပဲ အဲ့ဒါကြောင့် ခေါ်လိုက်တာ.. မင်းပြောတဲ့ ဘုန်းကြီးကိုလည်း မတွေ့ပါဘူး ဧကနတော့ မင်းယောင်နေတာ မဟုတ်လား"
"မဟုတ်ဘူးကွ ငါတကယ်တွေ့လိုက်တာ ငါနဲ့တောင် ပြောနေသေးတယ် .. အခုတော့ မတွေ့တော့ဘူး"
"ကဲပါကွာ.. ထားလိုက်တော့ ပြန်အိပ်ကြမယ် မနက်ကျရင်လည်း အလုပ်ဆင်းရအုန်းမှာလေ"
   ဒီတော့ မင်းရဝေလည်း ဇဝေဇဝါပင် ဖြစ်သွားတော့သည်။ ငါပဲ အိပ်မက်မက်ပြီး ယောင်နေတာလား ဒါမှ မဟုတ် တကယ်လား ဆိုတာ သူပင် မတွေးတတ်တော့။ ဒီတော့လည်း ..
"ဟေ့ကောင်တွေ ဒီတစ်ခါ ကြုံရင် မင်းတိုကိုပါ ပြမယ် ကြည့်ထားကြတော့"
စသဖြင့် ပြောပြီး အိပ်ရာထဲမှာ ပြန်လှဲလိုက်တော့သည်။ သိုပေမဲ့ ပြန်အိပ်လို မရတော့ပေ။ မျက်လုံးထဲမှာ စောစောက တွေ့တဲ့ ဘုန်းကြီးတစ်ပါးပုံကို မြင်ယောင်နေပြီး အိပ်၍မရတော့။ ထိုကြောင့်လည်း မျက်လုံးသာ မှိတ်ထားပြီး ဘာအသံကြားရမလည်းဆိုတာ နားစွင့်နေခဲ့တော့သည်။
.......... ..........
   အချိန်ကတော့ သိပ်မကြာလိုက်ပေ။ နားထဲမှာ ချိုးချိုးချွတ်ချွတ်နဲ့ ကျွတ်ကျွတ်အိပ်တစ်လုံးကို အသာလေး ဆွဲယူနေသည့် အသံမျိုး။ ဒီတော့ ဘေးနားက ကောင်းဆက်ကို အသာလက်ကုတ်ပြီး နားစွင့်ခိုင်းလိုက်သည်။ ဒီတော့မှ ကောင်းဆက်လည်း ကြားသွားပုံဖြင့် ဘာလည်းဆိုသည့် အကြည့်နှင့် ပြန်ကြည့်လိုက်သည်။ ပြီးတော့ ကောင်းဆက်ကလည်း ခေါင်းကို အသာလေး ငဲ့စောင်းပြီး သူ့ဘက်လှည့်ကာ ဘေးတစ်စောင်းအိပ်နေသည့် စည်သူမျိုးကို ပြန်၍ အသာလက်ကုတ်ကာ ကြားနေသည့် တချွတ်ချွတ်အသံကို နားစွင့်ခိုင်းလိုက်သည်။ ပြီးမှ ဘာလည်းဆိုတာ သိရအောင် သုံးယောက်သား ကြည့်လိုက်မိတော့ ... သူတိုသုံးယောက်လည်း အသံပင် မထွက်ရဲတော့ပဲ ငြိမ်နေလိုက်ရတော့သည်။ မြင်လိုက်သည်က စောစောက မင်းရဝေ ပြောသလိုပင် ဘုန်းကြီးတစ်ပါးက စည်သူမျိုးရဲ့ အကင်ထုတ်ကို အသာအယာ ဆွဲယူနေသည့် မြင်ကွင်းပါ။ ထိုဘုန်းကြီး ပုံစံက လူသူမသိအောင် တိတ်တဆိတ် ယူနေသလိုမျိုးပါ။ ပြီးတော့ ဒီအကင်ထုတ်ကို တော်တော်လေးကြိုက်ပုံလည်းရသည်။
   ဒီလိုကြည့်နေရင်း ရုတ်တရက် စည်သူမျိုးက နာချေလိုက်တော့လေသည်။ ထိုအခါ အထုတ်ကို ဆွဲယူနေတဲ့ ဘုန်းကြီးရဲ့ မျက်နှာက တင်းမာသွားပြီး မျက်လုံးတွေက နီလာတာကို တွေ့လိုက်ရသည်။ ဒီတော့ သူတိုလည်း အလျင်အမြန်ပင်..
"ဦးဇင်း ယူသွားပါခဗျာ.. တပည့်တော်တို ဘာမှ မပြောပါဘူး အသံကြားလိုသာ ထကြည့်မိတာပါ"
ဆိုပြီး ပြောလိုက်ပေမဲ့ ထိုဘုန်းကြီးပုံစံက တစ်ခုခုကို ဒေါသထွက်နေသလိုပင်။ မျက်လုံးက တဖြေးဖြေးနဲ့ နီရဲလာပြီး မျက်နှာကလည်း အဖုဖုကြီးတွေ ထွက်လာကာ တော်တော်လေး ကြောက်စရာ ကောင်းလာတော့သည်။ ပြီးတော့ ပါးစပ်ကလည်း တဟင်းဟင်းနဲ့ ညည်းညူနေလိုပင်။ အသံကတော့ ခပ်သြသြကြီးပါ။ ကြည့်နေရင်းနဲ့ သူတိုလည်း ဘာလုပ်၍ ဘာကိုင်ရမှန်းပင် မသိတော့။


အပိုင်း(၅ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်







Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)