လူခြောက်မယား အပိုင်း(၆)



"အေး အေး သာဓုကွယ်၊ သာဓု၊သာဓု"

ဆရာတော်ကိုဝပ်ချပြီး ကျုပ်က ချိုင့်လေးဆွဲပြီး ပြန်လာခဲ့ရောဗျ။ ဒီတစ်ခါတော့ ဆရာတော်ဘာမှမခိုင်းဘူးဗျို့။ဧည့်သည်ရောက်နေတော့ စကားကောင်းနေတာကိုဗျ။ ကျုပ်လည်း တစ်နေ့လုံး ဘယ်မှမရောက်တော့ပါဘူးဗျာ။ အဘဆီကြိတ်တာကို ကူပြီးလုပ်ပေးနေရတာဗျ။

ဆီဆုံစီးပေးလိုက်၊ ပဲကြုံးပေးလိုက်နဲ့ညရောက်တော့ အဘရော ကျုပ်ရောပင်ပန်းနေကြတော့တာပေါ့ဗျာ။ ဒါပေမဲ့ကျုပ်တို့ အညာသားနဲ့အညာနွားကပင်ပန်းမှလည်း နေကောင်းကြတာဗျ။မပင်ပန်းရင်နေလို့ကောင်းတာ မဟုတ်ဘူး။ လူနဲ့နွား ဒိုးတူဘောင်ဖက် အလုပ်လုပ်ကြရတာဗျ။ ညရောက်တော့ ကျုပ်ရော အဘတို့ရော စောစောအိပ်ရာဝင်ကြတာဗျို့။ကျုပ် အိပ်ပျော်သွားတာနဲ့ အိပ်မက် မက်တော့တာဗျို့။

"တာတေ၊ တာတေ ညီလေး အစ်ကိုကြီးကို ကူညီပါဦးကွာ၊ သိုက်ဆရာတွေဒုက္ခပေးနေပြီကွ"

လူတစ်ယောက်ဗျ။ ကျုပ်တို့အိမ်ပေါ်ကိုပြေးတက်ပြီး ရေးကြီးသုတ်ပြာနဲ့ ကျုပ်ကို ပြောနေတော့တာဗျို့။ ကျုပ်ကလည်းသူ့ကို ဘယ်သူမှန်းမသိဘူး။ လူကတော့အသက်သုံးဆယ်ကျော်လောက်ရှိပြီ။ရုပ်ရည်ကလည်း သားသားနားနားနဲ့ဗျ။ အသားလည်း ဖြူတယ်။ မျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့ လူချောလူဖြောင့်တစ်ယောက်ပဲဗျ

"နေပါဦးဗျ၊ နောင်ကြီးက ကျုပ်ကို ရင်းရင်းနှီးနှီးသိနေပေမယ့် ကျုပ်က နောင်ကြီးကို မသိတော့ ခက်နေတာဗျ"

"အေး ဟုတ်တယ်တာတေ၊ ကိုကြီးကိုတာတေ တစ်ခါမှ မမြင်ဖူးဘူး၊ ပြီးတော့ ဘယ်သူမှလည်း မမြင်ဖူးဘူးလေ"

"ဒါဆို ခင်ဗျားက ဘယ်သူမို့တုံး"

"ကိုကြီးနာမည်က ဒီပပါ၊ ဦးဖိုးဆန်းနဲ့ဒေါ်သုံတို့ရဲ့ သားအကြီးဆုံးလေ"

"ဟာ …ကိုကြီးဒီပ၊ ကျုပ်ဖြင့်ဗျာ အခုမှပဲမြင်ဖူးတော့တယ်၊ ကိုကြီးကလူချောပဲဗျ၊ ဒါကြောင့်လည်း အစ်မမယ်ဆင့်ကကိုကြီးကို လက်ထပ်တာကိုး"

"တာတေ မင်းက ငါ့အကြောင်းတွေအားလုံး သိနေတာလား"

"သိတယ် ကိုကြီး၊ ဒါထက် အခု ကိုကြီးရောက်လာတဲ့ပုံက အရေးတကြီးကိစ္စရှိတဲ့ပုံပဲ၊ ဘာများကိစ္စရှိလို့တုံး"

"ကိုကြီးရဲ့ မိန်းမမယ်ဆင့်ကို သိုက်ဆရာဖမ်းထားလို့ကွ ညီလေးရ"

"ဗျာ၊ အစ်မမယ်ဆင့်ကို ဖမ်းသွားတာလား၊ဟင်၊ ဘယ်ကို ခေါ်သွားကြတုံးဗျ"

"ဘယ်ကိုမှ မခေါ်ဘူးကွ၊ ရုံးထောင့်မှာပဲရှိတယ်"

"ဟင်…ဒါကို ရုံးထောင့်ကလူတွေ ကြည့်နေကြသလားဗျ"

"မဆင့်ကို ဖမ်းထားတာကို ဘယ်သူမှသိတာ မဟုတ်ဘူး ညီလေးရ"

"ရွာထဲဝင်ပြီး လူတစ်ယောက်လုံး ဖမ်းသွားတာတောင် တစ်ရွာလုံး မသိဘူးဆိုတော့ မခက်ဘူးလား ကိုကြီးဒီပရဲ့"

"ဒီလိုကွ တာတေရ၊ လူကိုဖမ်းတာမဟုတ်ဘူး၊ ကိုယ်ပွားကို ဖမ်းထားတာကွ၊ မယ်ဆင့်ကို အိပ်ရာမှာအိပ်လို့ပဲ"

"ဗျာ …လူတစ်ယောက်ရဲ့ ကိုယ်ပွားကိုထုတ်ယူပြီးဖမ်းလို့ ရသလားဗျ ကိုကြီးဒီပရဲ့ ၊ ကျုပ်ဖြင့် တစ်ခါမှကို မကြားဖူးပါဘူးဗျာ"

"အင်မတန်အစွမ်းထက်တဲ့ သိုက်ဆရာကြီးကွ တာတေရဲ့၊ နာမည်ကသာဗိန္ဒတဲ့၊သိုက်တွေနောက်ကို လိုက်နေတဲ့လူပဲတာတေ၊ ကိုကြီးက ဘုရားသိုက်မဟုတ်တဲ့ သိုက်တွေကို ဝင်နိုင်ထွက်နိုင်တဲ့ အစွမ်း ရှိတယ်၊ ဒါကိုသာဗိန္ဒက သေသေချာချာကိုသိပြီး လိုက်လာတာကွ၊ မယ်ဆင့်ကို ဖမ်းထားပြီး ကိုကြီးကိုလှမ်းခေါ်နေတာ၊ ပြီးတော့ မယ်ဆင့်ကို ခြေမန်းကွင်းပေးပြီး ကိုကြီးကို စွပ်ခိုင်းမှာကွ၊အဲဒီခြေမန်းသာ ကိုကြီးကိုစွပ်မိသွားရင် သူခိုင်းတိုင်း ကိုကြီး လုပ်ရတော့မှာ တာတေရဲ့၊ ကိုကြီးကိုကယ်ပါဦးညီလေးရယ်"ကျုပ်လန့်နိုးသွားတယ်ဗျ။ ကျုပ်လည်းအံ့သြလွန်းလို့ဘာလုပ်ရမှန်းတောင်မသိတော့ဘူးဗျာ။ ဆေးလွယ်အိတ်ထဲက ကတ္တီပါအိတ်ကလေးနဲ့ ထည့်ထားတဲ့ မဖဲဝါရဲ့ ကိုယ်တူကိုယ်ခွဲရုပ်ကလေးကို ကျုပ်ထုတ်ယူလိုက်တယ်။

"သင်္ချိုင်းရှင်မကြီး မဖဲဝါ၊ အမြန်ဆုံးကြွပါ၊ ကျုပ်မှာ အတော်ကို အရေးကြီးနေပါတယ်"

ကျုပ်က မဖဲဝါကို ပင့်လိုက်ပြီး မဖဲဝါအရုပ်ကလေးကို ခေါင်းအုံအောက်မှာထားလိုက်တယ်။ အရုပ်ကလေးကဆတ်ကနဲ ဆတ်ကနဲ ဖြစ်နေတယ်ဗျ။ကျုပ် ပြန်ပြီး အိပ်ပျော်သွားတယ်။လေတွေ တဟူးဟူးတိုက်နေတဲ့ဆယ်နှစ်ရာသီပင်ကြီး အနားကိုကျုပ်ရောက်သွားတယ်။ 

ဆယ့်နှစ်ရာသီပန်းအဝါပွင့်လေး ပန်ထားတဲ့ မဖဲဝါ ကျုပ်ရှေ့မှာ ဘွားကနဲပေါ်လာတယ်။ ကျုပ်တောင် ဘာမှမပြောရသေးဘူးဗျ။ မဖဲဝါက စပြီးပြောတာ။

"တာတေ၊ လူခြောက်ဒီပ နင့်ဆီ ရောက်လာတယ်မို့လား၊ သူပြောတာတွေအားလုံး မှန်တယ်၊သူ့မယားမယ်ဆင့်ကိုသိုက်ဆရာသာဗိန္ဒက ဖမ်းထားတယ်၊လူကိုဖမ်းတာ မဟုတ်ဘူး၊ သာဗိန္ဒကဝိညာဉ်ထုတ်ပြီး ဖမ်းထားတာ၊ သူ့မယားကိုခိုင်းနေတာတဲ့၊ သူ့လင်ဒီပကို ခြေမန်းကွင်း စွပ်ခိုင်းနေတာဟေ့၊ မယ်ဆင့်ကလည်း သူ့လင် လူခြောက်ကို အသက်ပေးပြီးချစ်တဲ့ မိန်းမဟဲ့။

'ငါ့ကိုသတ်လိုက်၊ ငါ့လင်ကိုငါ ဘယ်တော့မှ ဒုက္ခမပေးဘူး'ဆိုပြီး တောင့်ခံနေတာဟဲ့၊ သာဗိန္ဒဘာလုပ်လို့မှ မရဘူး ဖြစ်နေတယ်၊ သာဗိန္ဒက လူခြောက်ကိုမမြင်ရဘူးလေ၊ မယ်ဆင့်ကသူ့လင်ကို မြင်ရတယ်၊ မယ်ဆင့်သာ သူ့လင်ကို ခြေမန်းကွင်းစွပ်လိုက်ရင် သာဗိန္ဒက လူခြောက်ကို မြင်ရပြီပေါ့၊ ဒါဆိုရင်သူ့မိန်းမကို ကိုယ်ထဲ ပြန်သွင်းမပေးဘူးဆိုပြီး အကျပ်ကိုင်တော့မှာဟေ့၊ ပြီးရင်ပိုင်ရှင်မရှိတော့တဲ့ သိုက်တွေကို ဖော်ခိုင်းတော့မှာ၊ ဒါက သာဗိန္ဒရဲ့ အကြံပေါ့ဟယ်။ ဒီတော့ နင် အခုချက်ချင်း ကိုယ်ပွားနဲ့ပဲ လိုက်သွားပေတော့ တာတေ၊ငါနင့်နောက်က လိုက်ခဲ့မယ်၊

အပိုင်း(၇)ဆက်ရန်..

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)