စုန်းမ ၊ အပိုင်း(၁)
စုန်းမ
တာတေဆိုတဲ့ ကျုပ်ဟာ ငယ်ငယ်ကတည်းက
အားကြီးစပ်စုတဲ့ကောင်ဗျ။ကျုပ် ဘယ်တော့ကမှ
ပြန်မပြောချင် အဖြစ်အပျက်တစ်ခု ရှိတယ်။
ကျုပ် တကယ်ကို စိတ်မကောင်း ဖြစ်ခဲ့ရတာပါဗျာ။
အရီးမယ်ခကို ကျုပ်တို့ရွာက လူတွေက
စုန်းရိုးကြတယ်ဗျ။
စုန်းရိုးတယ်ဆိုတာက ခင်ဗျားသိလား ။ စုန်းမတစ်ယောက်လို့သတ်မှတ်ကြတာကို ပြောတာပါဗျာ။
အရီးမယ်ခက ရွာမြောက်ပိုင်းက အစွန်ဆုံးဝိုင်းမှာ
နေတာဗျ။ သူ့ဝိုင်းက အကျယ်ကြီး။ ထန်းပင်ကြီး
သုံးပင် ရှိတယ်။ ကျုပ်တို့ ရွာထဲက လူတွေက
သူ့ကို သိပ်အဆက်အဆံ မလုပ်ကြဘူး။
သူကလည်း လူတွေနဲ့ မရောဘူးဗျ။ သူ့ဝိုင်းထဲမှာ
သူ့ဟာသူပဲ နေတာ။ အရီးမယ်ခ ပိုင်တဲ့ ယာတွေကလည်း
အများသားဗျ။ အရင်တုန်းကတော့ ရွာလယ်ပိုင်းမှာ
သူ့ညီမအရင်းတစ်ယောက် ရှိတယ်။ အရီးမယ်မြတဲ့ဗျ။
အရီးမယ်မြ ဆုံးတာ နှစ်နှစ်လောက် ရှိပြီထင်တယ်။
အရီးမယ်မြရဲ့ သားသမီးတွေကတော့ သူတို့
ကြီးတော်အိမ်ကို အဝင်အထွက် ရှိကြပါတယ်။
အရီးမယ်ခရဲ့ ကျောင်းနေဘက် ငယ်သူငယ်ချင်းတွေ
ဖြစ်ကြတဲ့ အရီးမလုံးကြည်တို့ ၊ အရီးမဝိုင်းကြည်၊
အရီးဝိုင်းစိန်တို့လည်း အဝင်အထွက် ရှိကြပါတယ်။
ရွာထဲမှာ ဘာမှသွေးမတော် သားမစပ်ပဲ ။ အရီးမယ်ခ
ခင်တဲ့သူတစ်ယောက် ရှိတယ်ဗျ။
အဲဒါကတော့ ကျုပ်ပေါ့ဗျာ ။ ကျုပ်က ငယ်ငယ်ကတည်းကအရီးမယ်ခအိမ်ကို ဝင်ထွက်နေတဲ့ကောင်ဗျ။
ကျုပ်အမေရော ၊ အရီးတွေရော၊ ဘကြီးတွေရော
ကျုပ်ကို လွှတ်ကြမ်းကြတာပေါ့ဗျာ။
"နင် မယ်ခအိမ်ကို ။ဝင်လိုက် ထွက်လိုက် ကျပ်ကျပ်လုပ်၊
နင့်ကို အူထုတ်စားသွားလိမ့်မယ်"
လို့ ပြောတဲ့သူက ပြောတယ်ဗျ။
"မယ်ခအိမ်ကို နင် ခဏခဏသွားရင် နင့်ကို
မယ်ခက ဆိတ်ဖြစ်အောင် လုပ်လိုက်လိမ့်မယ်"
လို့ ပြောတဲ့သူက ပြောပေါ့ဗျာ။
"ဟဲ့ တာတေ၊ မယ်ခဆီကို နင်က ခဏခဏ သွားနေတာ၊
မယ်ခဆီက စုန်းပညာသင်ချင်လို့လား၊ အဲဒါ အဝီစိမှာ
ချိုးကပ်အောင်ခံရမယ့် ပညာဟဲ့ တာတေရဲ့"
လို့ အရီးမယ်သောင်းကလည်း ကျုပ်ကို ပယ်ပယ်နယ်နယ်ပြောသဗျ။
"ခင်ဗျားတို့ ပြောသလို မဟုတ်ပါဘူးဗျာ။
ကျုပ်က မယ်ခကို ခင်တာသက်သက်ပါ ။
ဝိုင်းကြီးတစ်ခုလုံး သူတစ်ယောက်တည်းနေရတာမို့လို့
လိုတာပြုတာလေးတွေ ကြုံတဲ့အခါ လုပ်ကိုင်ပေးတာပါ"
"အေး ကျပ်ကျပ်သာလုပ်ပေး၊ မယ်ခက သူ့ယောင်္ကျား
အောင်ထိန်ကိုတောင် ကိုယ်တိုင်သတ်ပစ်တာဟဲ့"
ဒါက ကျုပ်အမေကိုယ်တိုင် ပြောတာဗျာ။
"ဟာ ဒါတော့ ဟုတ်ပါ့မလား အမေရာ၊
သူ့ယောင်္ကျားပဲ ဟာ၊ သတ်မလားဗျ"
"အဲဒါကြောင့် နင်တို့ ခက်နေတာပေါ့ ။
နင်တို့လူငယ်တွေဟာ ကြောက်ရမှန်း လန့်ရမှန်းကို
မသိတာဟဲ့ ၊ အောင်ထိန်က သူ့မယား မယ်ခကို
ဒီဘဝကနေ ပြန်ကယ်မယ်ဆိုပြီး အထက်လမ်း
ဆရာတွေဆီမှာ ပညာသွားယူတာဟေ့။
ပညာယူပြီးပြန်အလာမှာ သူ့ဆရာတစ်ယောက်လည်း ပါလာတယ်။အိမ်ရောက်တော့ သူ့မိန်းမ မယ်ခကို သူ့ကိုပညာနဲ့ဘယ်လိုလုပ်တယ်တော့ မသိဘူး။
မယ်ခကဒေါသတွေ အကြီးအကျယ် ဖြစ်ပြီး ပါးစပ်ထဲက
မီးတွေ ထွက်လာတယ် ဆိုပဲ။ သွားပြီးချောင်းကြည့်တဲ့
တင်ဝတို့ ခင်သောင်းတို့ ပြောတာ။ မီးမှ
စိမ်းပြာပြာတွေတဲ့"
"ဟာ ဟုတ်လား အမေ"
"အေး အခုမှဟုတ်လား။ အမေတွေ ဘာတွေလုပ်မနေနဲ့ "
"ခင်သောင်းပြောတာ ပါလာတဲ့ဆရာနဲ့ မယ်ခနဲ့
ပညာတွေ ပြိုင်ကြတာဆိုပဲ။ မယ်ခက သူ့ပါးစပ်ကထွက်တဲ့
စိမ်းစိမ်းပြာပြာ မီးလုံးတွေနဲ့ ဆရာကို လွှတ်တာတဲ့
နောက်ဆုံး ဆရာရော၊ သူ့လင်အောင်ထိန်ရော၊
အိမ်ပေါ်က ဆင်းပြေးကြရဆိုပဲ။ မယ်ခလွှတ်တဲ့
မီးလုံးကြီးတွေက နောက်က လိုက်လာလို့
ဟိုနှစ်ယောက် ရွာပြင်အထိ ထွက်ပြေးတာ။
ဘယ်လိုမှ မလွတ်ဘဲ သင်္ချိုင်းကုန်းနား တင်ဝနဲ့
ခင်သောင်းက ပြေးပွေ့ပြီး ခေါ်တော့ ဘယ်လိုမှ
ခေါ်လို့ မရတော့ဘဲ သေပါရောလား"
"ဟင် ဒါဆို တကယ်ပဲပေါ့"
'သြော် ဒီကောင်လေးနှယ် ကျားကိုက်ပါတယ်ဆို၊
အပေါက်ကလေးနဲ့လား လုပ်နေရသေး။
နင်နဲ့ ဘိုးခင်သောင်းနဲ့ သိတာပဲ ။ နင် မယုံရင်
ဘိုးခင်သောင်းကို ချော့မေးကြည့်ပေါ့ ။
ဒါပေမဲ့ ခင်သောင်းက ဒီအကြောင်း ဘယ်သူ့ကိုမှ
မပြောဘူးဟဲ့ "
"ဘာဖြစ်လို့လဲဗျ"
"သြော် မယ်ခကို ကြောက်လို့ပေါ့ဟဲ့ ။
မပြောရဲလို့ပေါ့"
"ဒါဆို ကျုပ်ကို သူ ဘယ်ပြောလိမ့်မတုံး အမေရ
ကျုပ်က အရီးမယ်ခကို ပြန်ပြောမှာပဲလို့ သူတွေးမှာပေါ့"
"အေး ဒါတော့ မသိဘူးဟဲ့"
"နေပါဦး အမေရဲ့။ အရီးမယ်ခက တခြားသူတွေကိုရော
ဘာလုပ်ဖူးသေးတုံး"
"တခြားသူတွေကိုတော့ မယ်ခ ဘာမှမလုပ်ဖူးပါဘူး"
"ဒါနဲ့များဗျာ အရီးမယ်ခကို လူတွေက ဘာဖြစ်လို့
ဒီလောက် ကြောက်နေကြတာလဲ"
"သြော် နောက်တစ်ခါ ရှိသေးတယ်ဟဲ့"
"ဟင် ဘယ်လိုတုံး အမေရ၊ ကျုပ်ကို ပြောပြစမ်းပါဦး"
"အေး အေး ဟုတ်တယ် ။ ဆရာတစ်ယောက်ဟဲ့၊
ဘယ်က ရောက်လာတယ်တော့ မသိဘူး။
သျှောင်ထုံးကြီးနဲ့ပဲ။အောင်ထိန်တို့ သေပြီး
လေးငါးနှစ်လောက်မှာ ရောက်လာတာ။
ရွာထဲဝင်ကတည်းက မယ်ခအိမ် ဘယ်မှာတုံးလို့မေးပြီး
မယ်ခဝိုင်းကို တန်းသွားတာ"
"အို ဟုတ်လားဗျ၊ ဟိုရောက်တော့ ဘာတွေ ဖြစ်ကုန်လဲ"
"ဝိုင်းရှေ့ကနေ အဲဒီဆရာက အော်ပြောသတဲ့။
ဟဲ့ စုန်းမ နင် အခု ထွက်ခဲ့စမ်း ၊ နင့်ပညာတွေ သိမ်းဖို့
ငါလာတာ။ ငါ ဘာလဲ ဆိုတာ နင် ထွက်ကြည့်စမ်းဆိုပြီး
အော်ပြောသတဲ့။ ရွာထဲက လူတချို့ကတော့
သွားကြည့်ကြတယ်"
"အမေရော သွားကြည့်သေးလား"
"မကြည့်ပေါင်တော်၊ ကျုပ်က ဒါမျိုး
စပ်စပ်စုစုလုပ်တဲ့သူ မဟုတ်ဘူး"
"အမေ ကြောက်လို့မသွားတာနေမှာပေါ့ဗျ"
အပိုင်း(၂)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment