တစ်ပွဲတိုး အောက်လမ်း ၊ အပိုင်း(၄)
အရိပ်အကဲကြည့်ပြီး အတတ်သိလိုက်တဲ့ ဆရာကြီးဟာ
ခင်ခင်ဦးရှိတဲ့ အိမ်ပေါ်ထပ်ထိတက်သွားပြီး
ခင်ခင်ဦးကို ပြောလိုက်တယ်။
ခင်ခင်ဦးက ဆရာကြီးဦးကြာညွှန့်ကို ရိုသေစွာနဲ့
လက်အုပ်ချီ ရှိခိုးတယ်။
"တောင်းပန်ပါတယ် ဆရာကြီးရယ်…
သူနဲ့ပတ်သက်ပြီး ဘယ်လိုမှ မခံစားနိုင်တာကြောင့်
ကလဲ့စားချေမိပါတယ်…
ဝဋ်ကြွေးပါရင်လည်း နောက်ဘဝ ကျမပြန်ဆပ်ပါ့မယ်"
"အေးပေါ့ကွယ် အကြွေးရှိရင်တော့
ဘယ်သူမဆို ဆပ်ကြရမှာပဲပေ့ါ…
သမီးရဲ့ အနေအထားကို ကြည့်ရင်း ပညာသည်စစ်စစ်
မဟုတ်ဘူးဆိုတာ ဆရာကြီးသိတယ်။
သမီး တစ်ပွဲတိုးအောက်လမ်း မဟုတ်လား"
"ဟုတ်ပါတယ် ဆရာကြီး …"
"ဒါဆိုရင် ဘယ်နှသက် ခွင့်တောင်းခဲ့လဲသမီး"
"ခုနှစ်သက်ပါ ဆရာကြီး…"
"မိုက်လိုက်ပါပေ့ သမီးရယ်…
ကဲ…ကဲ…ဆရာကြီးနောက်မှ ပြန်လာမယ်
ခုတော့ သွားလိုက်ဦးမယ်…"
"ဟုတ်ကဲ့ပါ ဆရာကြီး"
ဆရာကြီးဦးကြာညွှန့် အိမ်ပေါ်က ခပ်သုတ်သုတ်ဆင်းတယ်။
အုန်းမြင့်တို့အိမ်ရှိရာဆီ ပြန်လှည့်ခဲ့တယ်။
နေက မွန်းတည့်လောက် ရောက်နေပြီ။
ဘယ်သူမှ မဝင်ရဲတာကြောင့် အလောင်းတွေကို
ပြုပြင်စီရင်မယ့်သူ မရှိဘူး။
မြေပေါ်မှာ ပိုးလိုးပက်လက် အမြင် မတင့်မတယ်
ဖြစ်နေတယ်။အုန်းမြင့်ရဲ့အိမ်နဲ့ မျက်နှာချင်းဆိုင်
လမ်းတစ်ဖက်က သစ်ပင်ကြီးအရိပ်မှာ
ရွာလူကြီးတွေနဲ့ ရွာသားတော်တော်များများ
ထိုင်နေကြတယ်။
အဲဒီအထဲမှာ အုန်းမြင့်ရဲ့ အဖေ အမေနဲ့
ဆွေမျိုသားချင်းတွေ ပါတယ်။
ငိုတဲ့သူကငို ရှိုက်တဲ့သူက ရှိုက်နှင့်။
အချို့ကလည်း စိုးရိမ်ကြောက်လန့်တဲ့အကြည့်နဲ့
ကြည့်နေကြတယ်။
"ဆရာကြီး ဘယ်ပျောက်သွားတာလဲ"
ရွာလူကြီးက ဆရာကြီးဦးကြာညွန့် ရောက်လာတာနဲ့
မေးတယ်။
"အဲဒါတွေ မေးမနေနဲ့တော့ ဦးသိန်းရေ…
အခု ဖြစ်နေတဲ့ကိစ္စက တစ်ပွဲတိုးအောက်လမ်းပညာသည်ရဲ့
အစီအရင်တွေပဲ။အသက် ခုနှစ်သက်သေမှ
အောက်လမ်းစက်ပြတ်တယ်…"
"ဟာ…ဒါဆို နောက်ထပ်လေးယောက်
သေဦးမှာလား ဒုက္ခပါပဲ…"
ရွာလူကြီးဦးသိန်း အလန့်တကြား ညည်းတွားလိုက်တယ်။
ဆရာကြီးဦးကြာညွန့်ကတော့ စကားမပြန်ဘဲ
တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေတယ်။
အဲဒီအချိန်မှာ တဝုန်းဝုန်း ဆူဆူညံညံအသံ
ကြားလိုက်တယ်။ကြည့်လိုက်တော့…
ရွာလယ်လမ်းအတိုင်း နွားကြီးတွေ ပြေးလာနေတယ်။
နွားကျောင်းသားတစ်ယောက်လည်း
နွားတွေနောက် ခပ်လှမ်းလှမ်းကနေ ပြေးလိုက်လာတယ်။
နွားကျောင်းသားကို မြင်လိုက်တာနဲ့
ဆရာကြီးဦးကြာညွန့် ထိတ်လန့်စိုးရိမ်သွားတယ်။
'ဟာ'ခနဲ အာမေဋိတ်သံနဲ့အတူ ထရပ်တယ်။
နွားကျောင်းသားဆီကို ပြေးသွားတယ်။
မျက်နှာချင်းဆိုင်က ပြေးလာတဲ့ နွားတွေ
ဆရာကြီးဘေးကနေ တဝုန်းဝုန်းပြေးသွားကြတယ်။
ရွာလူကြီး ဦးသိန်းရော ကျန်တဲ့ ရွာသူရွာသားတွေရော
ဆရာကြီးဦးကြာညွန့် ဘာလုပ်တယ်ဆိုတာ
ရုတ်တရက် မသိဘူး။
အံ့သြစွာနဲ့ပဲ ကြောင်ကြည့်နေကြတယ်။
အဖြစ်အပျက်က အရမ်းမြန်တယ်။
စက္ကန့်အနည်းငယ်အတွင်းမှာ လျှပ်ပြက်လိုက်သလို
ဖြစ်ပွါးသွားတယ်။နွားသုံးကောင်ဟာ အုန်းမြင့်ခြံထဲ
တန်းဝင်သွားကြတယ်။ခြံထဲဝင်မိတာနဲ့
မမြင်ရတဲ့ အားကောင်းမောင်းသံ လူကြီးတစ်ယောက်က
ထိပ်ကို ပေါက်ဆန်ကြီးနဲ့ ထုလိုက်သလို
တစ်ကောင်ပြီး တစ်ကောင် ဗုန်းကနဲ
ဗုန်းကနဲ ပစ်လဲကျသွားကြတယ်။
ဆရာကြီးဟာ နွားတွေနဲ့အတူ ခြံထဲပြေးလိုက်သွားမယ့်
နွားကျောင်းသားကို အချိန်မီဖမ်းဆွဲ။တားဆီးနိုင်ခဲ့တယ်။
နွားကျောင်းသားကတော့ ဘာမပြော ညာမပြော
လက်ဆွဲတားဆီးလိုက်ရတာကို နားမလည်နိုင်တဲ့အကြည့်နဲ့
ဆရာကြီးဆီကို ကြည့်နေတယ်။
ဆရာကြီးက နွားကျောင်းသားကို သစ်ပင်ရိပ်အောက်ထိ
ဆွဲခေါ်လာခဲ့တယ်။နွားတွေ အတုံးအရုံး။
လဲကျ သေဆုံးနေတာကို ပြလိုက်တယ်။
"နွားတွေနဲ့အတူ ခြံထဲဝင်သွားရင်
မင်းလည်းနွားတွေလို သေမှာပဲ…"
နွားကျောင်းသားခမျာ ဒီတော့မှ ကြောက်လန့်ပြီး
ဒူးတွေ တဆတ်ဆတ် တုန်သွားတယ်။
"ဦးသိန်းရေ ခင်ဗျား ရာအိမ်မှူးတွေထဲက
တစ်ယောက်ကို ကြက်နှစ်ကောင်အရှင်
ရှာခိုင်းပေးပါ ။ အရေးကြီးလို့ အမြန်ရလေ
ပိုကောင်းလေပဲဗျို့ …"
ဆရာကြီးက ရွာလူကြီးဦးသိန်းကို ပြောလိုက်တယ်
ဦးသိန်း ရာအိမ်မှူးတစ်ယောက်ခေါ်ပြီး ကြက်အရှင်
နှစ်ကောင်ရဖို့ စီစဉ်တယ်။
ရာအိမ်မှူးလည်း ထွက်သွားပြီး သိပ်မကြာခင်မှာပဲ
ကြက်အရှင်နှစ်ကောင်ပိုက်ပြီး ပြန်ရောက်လာတယ်။
"တစ်ကောင်ကို ခြံတံခါးဝကနေ ခြံထဲကို
လွှတ်လိုက်ပါ…"
ဆရာကြီးအမိန့်ဆုံးတာနဲ့ ရာအိမ်မှူးက
ကြက်တစ်ကောင်ကို ခြံဝကနေ ခြံထဲခေါင်းတည်ပြီး
လွှတ်တယ်။ ကြက်ကလည်း လူ့လက်ကလွတ်တာနဲ့
ခေါင်းတည်ထားတဲ့အတိုင်း ခြံထဲကိုပြေးဝင်သွားတယ်…
ချက်ချင်းမှ ချက်ချင်းဆိုသလိုပါပဲ။
ကြက်ဟာ အကောင်းအတိုင်းကနေ
လဲကျသွားတယ်။တောင်ပံ တဖျတ်ဖျတ်ရိုက်ခတ်ပြီး
ငြိမ်ကျသွားတယ်။
"ကျန်တဲ့ ကြက်တစ်ကောင် ထပ်လွှတ်လိုက်ဦး"
ဆရာကြီးက ထပ်ပြီး အမိန့်ပေးလိုက်တယ်။
ရာအိမ်မှူးကလည်း စောစောကအတိုင်း
ကြက်ကိုခြံထဲခေါင်းတည်ပြီး ခြံဝကနေလွှတ်လိုက်တယ်။
ကြက်က ခြံထဲ ဝင်ပြေးသွားတယ်။
ပြီးတော့ နွားသေတစ်ကောင်ရဲ့ ကိုယ်လုံးပေါ်တက်
ပိုးကောင်မွှားကောင်လေးတွေ ရှာစားနေတယ်။
ကြည့်နေတဲ့သူအားလုံး
"ဒီကြက်လည်း သေမှာပဲ" လို့ ယူဆထားကြတယ်။
ခု…။ကြက် မသေတာတွေ့တော့ ဇဝေဇဝါ ဖြစ်ကုန်ကြတယ်။
အပိုင်း(၅)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment