ကန်တော်ကဝေမ ၊ အပိုင်း(၄)
ဆရာကြီးပြောတာဟုတ်လိုက်တာလို့ ကျုပ်စိတ်ထဲမှာ တွေးနေမိတာဗျို့။
ဘုန်းကြီးဦးဉာဏရဲ့ ကျောင်းကြီးအပေါ်ထပ်ကနေ ကြည့်လိုက်လို့ရှိရင် ကန်တော်တစ်ခုလုံးကိုအပေါ်စီးကနေ မြင်နေရတာဗျို့။ အဲဒီညက ကျုပ်နဲ့ဆရာနွံဖနဲ့ တစ်ယောက်တစ်လဲ မအိပ်ဘဲကိုထိုင်ကြည့်တာဗျို့။ ဆရာကြီးကတော့ဘုရားခန်းမှာ တစ်ညလုံးတရားထိုင်ပုတီးစိပ်ပဲ လုပ်နေတာဗျ။ လကသာတော့ ရေကန်ကြီးတစ်ခုလုံးကို မြင်နေရတာဗျ။
ညသန်းခေါင်ကျော်တော့ ကျုပ်အလှည့်ဗျ။ ဆရာနွံဖက ခဏအိပ်တယ်။ ကျုပ်ကကျောင်းမီးတွေအကုန်ပိတ်ထားပြီး မှောင်ထဲမှာခုံတစ်လုံးနဲ့ထိုင်ပြီး ရေကန်ကြီးကို စောင့်ကြည့်နေတာဗျ။ ဟ ဘာတုံးဟ။ ကျုပ်ကြည့်နေတုန်းမှာ ကန်လယ်မှာရေပွက်ကြီးတစ်ခု ထသွားတယ်ဗျို့။ ကျုပ်လည်းမျက်တောင်မခတ်ဘဲကို ကြည့်နေတာဗျ။ ဟော ရေပွက်ကြီးတွေ တစ်ခုပြီးတစ်ခုထလာတာဗျို့။ ဟာ ရေဂယက်တွေအလယ်က ခပ်ဖြူဖြူကြီးဗျ။ ဘာလဲမသိဘူး။ ဟင် လူရိပ်ဗျ။ ဒါလူပဲ။ ဟင် ကဝေမထင်တယ်။ ခပ်ဖြူဖြူကြီး။ ကျုပ် ဆရာနွံဖကို ကပျာကယာနှိုးလိုက်တယ်။
"ဆရာနွံဖ ထ ထ ဟိုမှာ ဟိုမှာ"
"ဟင် ဘာတုံးကွ တာတေရ"
"ဖြးဖြူကြီးဗျ၊ ကန်လယ်မှာ ရေထဲကပေါ်လာတာထင်တယ်"
"ဘယ်မှာတုံး"
ဆရာနွံဖ အိပ်ရာကနေ လူးလဲထတယ်ဗျ။ ကျုပ်ကြည့်နေတဲ့ပြတင်းပေါက်နားကို လာတယ်။
"ဟာ ဟုတ်သားပဲကွာ၊ ဟင် ရေပေါ်မှာ လမ်းလျှောက်နေတာကွ၊ ဒါ ကန်တော်ကဝေမပေါ့၊ တာတေ သွားသွား၊ ဘုရားခန်းမှာ ဆရာကြီးကို သွားပြော"
ကျုပ်လည်း ဘုရားခန်းကို တန်းသွားပြီး ဆရာကြီးကိုပြောပြလိုက်တယ်။ ဆရာကြီးလည်းချက်ချင်းကို ထလိုက်တာဗျို့။
"ဟင် ဟုတ်တာပေါ့ကွာ၊ အဲဒါကန်တော်ကဝေမပေါ့ကွ၊ ကြည့်စမ်း ရေပေါ်မှာအေးအေးဆေးဆေးလမ်းလျှောက်နေတာဟေ့၊ အရှေ့နဲ့အနောက်ကိုလမ်းလျှောက်နေတာကွ၊ ဒီနေ့ ဘယ်နှရက်တုံး နွံဖ"
"ဒီနေ့ ၁၃ရက်လေ ဆရာ၊ သန်ဘက်ခါဆို လပြည့်ပြီလေ။ တန်ဆောင်မုန်းလပြည့်ပေါ့ ဆရာ"
"ဪ ဒါကြောင့်လှုပ်ရှားနေတာကိုး၊ သန်ဘက်ခါတန်ဆောင်မုန်းလပြည့်ဆိုတော့ သူ့အစီအရင်ကြီးကို သန်ဘက်ခါလုပ်မှာ သေချာပြီကွဲ့။ မနက်ဖြန်မှာကျုပ်တို့လုပ်စရာတွေ အပြီးလုပ်ထားရလိမ့်မယ်။ သန်ဘက်ခါ ညသန်းခေါင်ချိန်လမွန်းတည့်တာနဲ့ အလုပ်စကြရလိမ့်မယ်။ ကဝေမတော့ အခုလောက်ဆိုရင် တနင်္ဂနွေ သမီးအပျိုစင်ကို ရှာထားပြီးလောက်ပြီ နွံဖရဲ့၊ ကဲ အိပ်ချင်ရင်အိပ်ကြတော့ အိပ်ကြတော့"
ဆရာကြီးလည်းအိပ်ရာဝင်သွားပြီး ကျုပ်နဲ့ဆရာနွံဖလည်း အိပ်ကြပြီဗျို့။ နောက်တစ်နေ့ခုနစ်နာရီလောက်မှာ ကျုပ်အိပ်ရာကနိုးလာတယ်။ ကိုရင်လေးတစ်ပါးကကျုပ်ကိုလာခေါ်တယ်။ ဘုန်းကြီးဦးဉာဏက
"ကဲ ဒကာလေးနာမည်က မောင်တာတေဆို"
"မှန်ပါ့ဘုရား တာတေပါ"
"အေး မောင်တာတေရဲ့ ဆရာကြီးများကတော့ ကိစ္စရှိလို့ဆိုပြီး မြို့ထဲကို သွားတယ်။ ဒကာ လာ ဒီမှာမနက်စာ စားလိုက်ဦး"
ကျုပ်က ဘုန်းကြီးပြတဲ့ဝိုင်းကို ဝင်လိုက်တယ်။ ထမင်းတွေရော ဟင်းတွေပါ စုံပါ့ဗျာ။ အချိုပွဲကလည်း မုန့် သုံးလေးမျိုးဗျ။
"ကဲ စား မောင်တာတေ၊ ဆရာကြီးတို့ကတော့ စောစောကပဲ စားသွားကြပြီကွဲ့"
ကျုပ်လည်း ဆာဆာနဲ့ တစ်ဝစားလိုက်မိတယ်ဗျ။ ကျုပ် စားသောက်ပြီးရုံရှိပါသေးတယ်။ ဆရာကြီးနဲ့ ဆရာနွံဖပြန်ရောက်လာကြတယ်ဗျ။
"ဟာ မောင်တာတေတောင် နိုးပြီကိုး၊ ဘယ့်နှယ်လဲကွ အိပ်ရေးဝရဲ့လား"
"ဟုတ်ကဲ့ ဝပါတယ် ဆရာကြီး"
ကျုပ်တို့သုံးယောက် ဘုန်းကြီးကိုရှိခိုးပြီး ကျောင်းကြီးပေါ်ကို တက်ခဲဲ့ကြတယ်။ အပေါ်ထပ်ကိုရောက်တော့မှ..
"ဆရာနွံဖတို့ မြို့ထဲသွားတာလား"
လို့ ကျုပ်က ဆရာနွံဖကိုမေးလိုက်တယ်။ ဆရာနွံဖက ကျုပ်ကိုကြည့်ပြီး
"အေး မြို့ထဲဆိုပါတော့ကွာ၊ ဒါပေမယ့် သွားတာကမြို့ဦးကိုသွားတာကွ၊ ဒီမြို့ရဲ့သက်ဆိုင်ရာနတ်ကြီးတွေကို အကျိုးအကြောင်းပြောပြရတာ၊ မနက်ဖြန်မှာ ဒီကဝေမကိုရှင်းပစ်မယ့်အကြောင်း အကြောင်းကြားတာပေါ့ကွာ"
"ဪ အဲဒီလိုလုပ်ရတာလား"
"တောထဲတောင်ထဲတော့ မလိုဘူးပေါ့ကွာ၊ ဒီလိုမြို့ကြီးပြကြီးတွေကြတော့ မြို့စောင့်နတ်ကို အကြောင်းကြားရတယ်ကွ"
"ကျုပ်ဖြင့် မနက်ဖြန်ညကို မြန်မြန်ရောက်ချင်နေပါပြီဗျာ"
"အေး ဒီနေ့ပြီးရင် မနက်ဖြန်ရောက်မှာပဲပေါ့ကွာ တာတေရာ၊ ဪ ဒါနဲ့ မောင်တာတေက အညာကဆိုတော့ ရေတွေဘာတွေ ကျွမ်းကျင်ရဲ့လား"
"ဟာ ဆရာနွံဖ၊ တာတေက အညာသားပေမယ့် ပင်လယ်မှာလည်းနေခဲ့ဖူးတာဗျ၊ ရေကူးလည်းကျွမ်းတယ်။ ရေငုပ်လည်းကျွမ်းတယ်ဗျ။ ရေအောက်မှာ ပုစွန်စမ်းနေကြလေ ဆရာနွံဖရဲ့"
"ဒါဆို နေရာကျတာပေါ့ကွာ၊ မနက်ဖြန်ညမှာ မောင်တာတေရေထဲဆင်းရမှာကွ၊ ဟိုဟာကြီးလေကွာ၊ ဆရာကြီးလုပ်လာတဲ့ ငွေသနွပ်ကြီးနဲ့ မင်း အလုပ်လုပ်ရလိမ့်မယ်"
"ဟင် ဟုတ်လား ဆရာနွံဖ၊ အို တွေ့ကြသေးတာပေါ့ဗျာ၊ တာတေက အဲဒီလိုပွဲမျိုးကို သိပ်တွေ့ချင်နေတာဗျ"
ကျုပ်နဲ့ဆရာနွံဖပြောနေတာကို ဆရာကြီးကကြားသွားပြီး -
"မောင်တာတေရဲ့ သတ်တိကိုတော့ ဆရာကြီးယုံပြီးသားပါကွယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ တော်တော်ကို သတိထားရမယ်ကွဲ့ မောင်တာတေရဲ့"
"ဟုတ်ကဲ့ပါ ဆရာကြီး"
"ကဲ နွံဖ၊ မောင်တာတေကို အခု နတ်ကြီးလေးပါးအင်း တိုက်ထား၊ ညရောက်ရင် ကဝေသိုက်ဖျက်အင်းတော်ကြီး တိုက်လိုက်၊ မောင်တာတေလည်း ဒီနေ့တစ်နေ့လုံး ပုတီးစိပ်နေကွဲ့ ကြားလား"
"ဟုတ်ကဲ့ပါ ဆရာကြီး"
အပိုင်း(၅)ဆက်ရန်...
မူရင်းရေးသားသူအားလေးစားစွာcreditပေးပါသည်။

Comments
Post a Comment