စောရဦးခေါင်း ၊ အပိုင်း(၂)



"ကဲ လက်ဖက်ကလေးလည်းစား၊
အကြမ်းပူပူကလေးလည်း သောက်
ဗျာ၊ ကျုပ် ခပ်ထားတဲ့ လက်ဖက်
ခြောက် လွှတ်ကောင်းတာဗျ၊ ဟို
တလောကမှ ကျုပ်ဆရာ စိုင်းနွံဖ
ရောက်လာလို့ ဆရာတော် လှူဖို့
ရော၊ ကျုပ်သောက်ဖို့ရော လက်
ဖက်ခြောက်တွေ ယူလာတာဗျ။
စော်ဘွားနှုတ်ခမ်းမွှေးအစစ်ပဲ
ကိုမင်းဒင်ရဲ့၊ ကဲ သောက်ဗျာ"

ပြောရဦးမယ်ဗျို့။ ကိုမင်းဒင်ဆိုတာ
က ငွေတွင်းကုန်းသားဗျ။ ကိုမင်းဒင်
တို့မှာက ညီအစ်ကိုနှစ်ယောက်ပဲ
ရှိတာ။ ကိုမင်းဒင်က အငယ်။ သူ့
အစ်ကိုက ကိုမင်းလွင်တဲ့ဗျ။ညီအစ်
ကို နှစ်ယောက်စလုံး အိမ်ထောင်
မရှိကြဘူး။ သူတို့မိဘတွေက သူ
တို့ခပ်ငယ်ငယ်မှာတင် ဆုံးပါးသွား
တယ်ဆိုပဲဗျ။ ဒါပေမဲ့ သူတို့အဘိုး
ဦးအိုဆိုတာက လူချမ်းသာဗျ။

ယာရော ထန်းတောရော ပိုင်တာ။
သူတို့ညီအစ်ကိုကို သူ့အဘိုးကပဲ
မွေးခဲ့တာ။ သူတို့ရွာမှာ ဘိုးအို
ဆောက်ထားတဲ့ ကျောင်းတွေ၊
ဘိုးအို တည်ထားတဲ့ ဘုရားတွေ၊
ဘိုးအိုလှူထားတဲ့ ရေတွင်းဆိုတာ
နေရာအနှံ့ပါပဲဗျာ။ တစ်နှစ်တစ်ခါ
ရွာထဲက ကလေးတွေကို ရှင်ပြုပြီး
အရွယ်ရောက်တဲ့သူတွေကို ပဉ္စင်း
တက်ပေးသေးတာဗျ။

အဲဒါက နှစ်တိုင်းလုပ်တာ။ တစ်နှစ်
တောင် ပျက်မသွားဘူး။ ငွေတွင်း
ကုန်းက ဘိုးအိုအလှူဆိုရင် မသွား
ဖူးတဲ့၊ မစားဖူးတဲ့လူ ကျုပ်တို့ရွာတွေ
မှာ မရှိသလောက်ပဲဗျ။ ဘိုးအိုဆိုတာ
အားကြီးစေတနာ သဒ္ဓါတရားကောင်း
တဲ့ အဘိုးကြီးဗျ။ သူရွာထဲမှာ အဆင်
မပြေတဲ့ လူတွေကို ဘိုးအိုက အမြဲ
ကြည့်တာ။ သူတို့ရွာမှာဆို ဘိုးအို
ကျေးဇူးကင်းတဲ့သူ သိပ်မရှိဘူးဗျာ။

ဒါပေမဲ့ အဘိုးကြီးက မရှိတော့ဘူး။
မနှစ်ကပဲ ဆုံးသွားတာ။ ကိုမင်းဒင်
တို့ ညီအစ်ကိုပဲ ကျန်ခဲ့တာ။ ကိုမင်း
ဒင်က လက်ဖက်တစ်စွန်း ခပ်စားပြီး
အကြမ်းကို ဖူးကနဲ မှုတ်ပြီးသောက်
လိုက်တယ်ဗျ။

"အေး မင်းပြောတာ ဟုတ်သားကွ
တာတေရ၊ လက်ဖက်ခြောက်က
တော်တော်ကို ကောင်းတာကွ"

"ဟုတ်တယ် ကိုမင်းဒင်ရဲ့၊
သောက်ဗျာ၊ နို့ ကိုမင်းဒင် ညကြီး
ဘယ်က ရောက်လာတာတုံး"

ကျုပ် မေးတာကို ကိုမင်းဒင်က
ခေါင်းညိတ်ပြတယ်။

"အေး အမှန်အတိုင်း ပြောရရင်
တော့ ငါ မင်းဆီကို လာတာပဲ
တာတေ၊ ဒါပေမဲ့ မင်းတို့ရွာမှာ
ငါ့ဒွေးလေး မပုကြည်တို့လည်း
ရှိတာဆိုတော့ ဒွေးလေးတို့ဆီ
လာတာတို့ ပြောရတာပေါ့ကွာ၊
မင်းဆီကိုတော့ လမ်းကြုံလို့ဝင်
လည်တယ်လို့ပဲ ပြောရတာပေါ့၊
တကယ်က ငါ မင်းကို ပြောစရာ
တွေ အများကြီးရှိလို့ လာတာကွ"

"သြော် ဒီလိုလား၊ ဒါဆိုရင် က
လေးတွေကို ပြန်လွှတ်လိုက်
ဦးမယ်ဗျာ"

"ဟာ နေပါစေကွာ၊ ကလေးတွေ
ငါ့ကြောင့် ပြန်နေရတာမကောင်း
ပါဘူး"

"ရပါတယ် ကိုမင်းဒင်ရ၊ ဒီကောင်
တွေက ကျုပ်တူလေးတွေလို ဖြစ်
နေတာပါ"

ကိုမင်းဒင်ကို ပြောရင်း ကျုပ်
မျက်ပြူးတို့ကို လှည့်ကြည့်လိုက်
တယ်။ကျုပ်အရိပ်အခြေကို ကြည့်
နေတဲ့ မျက်ပြူးကချက်ချင်းသဘော
ပေါက်တယ်ဗျ။ ဒီကောင်က လွှတ်
အကင်းပါးတဲ့ကောင်။

"ဘာလဲ ကိုကြီးတာတေ၊ အကြမ်း
ကုန်ပြီလား၊ ရေနွေးအိုးက ဆူနေ
ပြီဗျ။ကိုကြီးတာတေတို့ အိုးထဲကို
ရေနွေးဖြည့်ပေးရင် ကျုပ်တို့လည်း
ပြန်တော့မလို့ပဲဗျ"

အဲဒါသာ ကြည့်တော့ဗျို့။ ကျုပ်
တောင် ဘာမှမပြောရသေးဘူး။
ဒီကောင် မျက်ပြူးက ကြိုပြော
နေတာ။

"အေး အေး ကိုကြီးတာတေလည်း
ဧည့်သည်နဲ့ စကားပြောလိုက်ဦးမယ်၊
ရေနွေးက အခု မလိုသေးပါဘူး၊လိုမှ
ပဲ ကိုကြီးတာတေ ဖြည့်လိုက်မယ်"

"ဟုတ်ကဲ့၊ ဒါဆို ကျုပ်တို့ သွားဦးမယ်၊
တောင်ပိုင်းက အာကျယ်တို့ ဝိုင်းကို
ခဏသွားဦးမယ်"

မျက်ပြူးက သူ့ကောင်တွေကိုခေါ်ပြီး
ထပြန်သွားတယ်။ ဒီတော့မှ ကိုမင်း
ဒင်က စကားစတော့တာဗျို့။ သူပြော
မဲ့ ကိစ္စက လူမသိစေချင်တဲ့ ကိစ္စဆို
တာ ကျုပ် သိလိုက်တာပေါ့ဗျာ။ ဒါ
ကြောင့်လည်း သူ ကျုပ်ဆီကို ည
ဘက် လာတာပေါ့လေ။

"အေးကွာ၊ မင်းကို ငါ ဘယ်ကစပြော
ရမလဲဆိုတာ စဉ်းစားနေတာကွ၊ တာ
တေရဲ့"

ကျုပ်က နဂါးဆေးပေါ့လိပ်ကလေး
တစ်လိပ်ကို မီးညှိပြီး ကိုမင်းဒင်ကို
ကမ်းပေးလိုက်တယ်။ ကိုမင်းဒင်က
လည်း ဆေးပေ့ါလိပ်ကလေးကို ယူ
ပြီး ဖွာတယ်။ ဆေးလိပ်ကို နှစ်ဖွာ၊
သုံးဖွာ ဖွာပြီး တစ်ချက်ရှိုက်လိုက်
တယ်။ ပြီးမှ စကားစတယ်ဗျ။

"တို့အဘိုး ဘိုးအိုကို မင်းသိတယ်
မို့လား တာတေ"

"ဟာ သိတာပေါ့ ကိုမင်းဒင်ရဲ့၊
ဘိုးအို ဆုံးတော့တောင် ကျုပ်လာ
ပို့သေးတယ်လေဗျာ"

"အေးပါကွ၊ ငါက စကားစပျိုးတာပါ၊
ဘိုးအိုဆုံးတာ တစ်နှစ်ကျော်ပြီလေ
ကြာ"

"ဟုတ်တယ်လေ ကိုမင်းဒင်"

"အေး ဘိုးအိုဆုံးသွားတော့ ငါတို့
ညီအစ်ကိုအတွက် ပစ္စည်းဥစ္စာ
တော်တော်ကို ကျန်ခဲ့တာကွ"

"ဟာ ကျန်မှာပေါ့ဗျာ၊ ဘိုးအိုက
လူချမ်းသာပဲ"

"ငါပြောချင်တာက အဲဒီလို မဟုတ်
ဘူးကွ၊ တာတေရ၊ ငါတို့ ခန့်မှန်းတာ
ထက် အဆပေါင်းများစွာ ကွာနေတာ
သူ့သေတ္တာကို ငါတို့ညီအစ်ကို ဖွင့်
ကြည့်တော့ စိန်တွေ၊ ရွှေတွေ၊ ရတ
နာတွေဆိုတာ နည်းနည်းနောနော
မဟုတ်ဘူးကွ၊ ငါ့အစ်ကိုကတော့
ဘိုးအိုက သူ့မိဘတွေဆီက နှစ်မွေ
ခံ၊ သုံးမွေခံတွေ ရ,ထားလို့ဖြစ်မယ်
လို့ တွေးတာပေါ့ကွာ"

"အင်း ကိုမင်းလွင် တွေးတာ
ဟုတ်မှာပေါ့ဗျာ"

"ဘယ်ကဟုတ်ရမှာလည်းကွာ၊
ဘိုးအို မသေခင် နှစ်လလောက်
အလိုမှာ ငါ့ကို ခေါ်ပြီး နှစ်ယောက်
ချင်း ပြောခဲ့လို့ ငါက အကုန်သိထား
တာကွ၊ ဒါပေမဲ့ ဒီအကြောင်းတွေကို
ငါ့စိတ်ထဲမှာပဲ သိမ်းရတာကွ"

"ဟင် ဒါဆိုရင် ဘိုးအို ကျန်ခဲ့တဲ့
စိန်တွေ၊ ရွှေတွေက နှစ်မွေခံ၊ သုံး
မွေခံ ပိုင်ဆိုင်ခဲ့တာ မဟုတ်ဘူးလား"

အပိုင်း(၃)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)