မျောက်တစ်ရာရွာ။ အပိုင်း(၁)
မျောက်တစ်ရာရွာတဲ့။
ရွာနာမည်က အလွန်ထူးဆန်းလွန်းလှတယ်။ နာမည်နဲ့ ထပ်တူကျအောင်ပဲ သိပ်ကို စိတ်၀င်စားစရာကောင်းတဲ့ ရွာတစ်ရွာ။ အဲ့ဒီ့ရွာမှာ လူသားတွေ မရှိဘူး။ မျောက်တွေချည်းနေတယ်။
တည်နေရာကတော့ ပဲခူးရိုးမ အလယ် နက်ရှိုင်းလှတဲ့ တောထဲမှာ ရှိနေတယ်။ အဲ့ဒီ့ကို လူတွေ ရောက်ရှိဖို့ မလွယ်ဘူး။
ဒါပေမယ့် ရှားရှားပါးပါး ရောက်ခဲ့ဖူးသူတစ်ယောက်တော့ ရှိခဲ့တယ်။ သူ့ကြောင့်ပဲ မျောက်တစ်ရာရွာဆိုတာ ရိုးမထဲမှာ ရှိတယ်ဆိုတာကို သိခဲ့ရတယ်။
သူ့နာမည်က ဦးဘိုးမှတ်တဲ့။ သူရောက်ခဲ့တာက ငယ်ရွယ်စဉ်အချိန် အသက်နှစ်ဆယ်၀န်းကျင်က ရောက်ဖူးခဲ့တာ။
ဦးဘိုးမှတ်က အခုတော့ အသက်ကိုးဆယ်အရွယ်ရှိနေခဲ့ပြီဖြစ်ပြီး ပဲခူးမြို့ပေါ်မှာ သက်ရှိထင်ရှား နေထိုင်နေပါတယ်။
*
အချိန်က နယ်ချဲ့ကိုလိုနီတို့ အုပ်စိုးနေဆဲအချိန်။
မြယာတောရွာဆိုတာက အိမ်ခြေကလေး လေးဆယ်သာရှိနေတဲ့ ရိုးမအခြေက ရွာငယ်လေးတစ်ခု။ ရွာနံဘေးမှာ မြယာတောတွေက ဟီးထနေတယ်။
တောင်ခြေရွာဖြစ်တာကြောင့် ရွာရဲ့ လုပ်ငန်းတွေအားလုံးနီးပါးက တော့ ရိုးမကြီးကိုသာ အမှီသဟဲပြုနေကြရတယ်။
အဲ့ဒီ့တုန်းက ဦးဘိုးမှတ်ဆိုတာက အသက်၂၁ အရွယ်။အရွယ်အားဖြင့် အခေါ်အဝေါ်ကတော့ မောင်မှတ်ပေါ့။
မောင်မှတ်ရဲ့ အဖေဖြစ်သူက သူ လူမမယ် အရွယ်ကတည်းက ရောင်စုံတော်လှန်ရေးတပ်တစ်ခုထဲ၀င်သွားတာ အခုထိ သတင်းအစအန မကြားရတော့ဘဲ စုန်းစုန်းမြုပ်သွားခဲ့တယ်။ သေသလား၊ ရှင်သလားကိုတောင် မသိရတော့ဘူး။
ဒီတော့က ကျန်ရစ်တဲ့ မောင်မှတ်က မိခင်နဲ့အတူနေရင်း အသက်ဆယ့်သုံးအရွယ်လောက်မှာ မုဆိုးအလုပ်လုပ်တဲ့ တစ်ကိုယ်ရေ၊ တစ်ကာယသမား ဦးလေးတော်စပ်သူဆီမှာ မုဆိုးပညာကို နောက်တော်ပါးအဖြစ် လိုက်ပြီး သင်ယူခဲ့တယ်။
မောင်မှတ်အသက်ဆယ့်ရှစ်နှစ်ပြည့်ချိန်မှာတော့ ဦးလေးဖြစ်သူဟာ တစ်ရက်မှာ မောင်မှတ်မပါဘဲ တစ်ယောက်ထဲ တောလည်စဉ် ၀က်ပက်တာခံရပြီး ခြေထောက်တစ်ဖက် စွန့်လိုက်ရတယ်။ ဒါကြောင့် ဒုက္ခိတဘဝြဖစ်ခဲ့ပြီး မုဆိုးအလုပ်ကို ဆက်မလုပ်နိုင်တော့ဘဲ နားခဲ့ရလေတယ်။
ဒီတော့က...မောင်မှတ်ပခုံးပေါ်ကို သမိုင်းပေးတာ၀န်အဖြစ်နဲ့ ကြွေးဟောင်းဆပ်ခြင်းအမှုက ကျရောက်လာတယ်။
မောင်မှတ်က သူ့ဆရာဦးလေးနဲ့ မိခင်ကို အကောင်းဆုံး တန်ပြန် လုပ်ကျွေးပြုစုဖို့ မောင်မှတ်ဆုံးဖြတ်ခဲ့တယ်။ ဆုံးဖြတ်ချက်အတိုင်းလည်း မုဆိုးအလုပ်ကို အများသူငါထက် ပိုမိုကြိုးစား အလုပ်ကိုင်ခဲ့တယ်။
ပြီးတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ အမဲရလာရင် ဦးလေးဆီကို သုံးပုံ၊ တစ်ပုံပို့ပေးတယ်။ ကျန်တဲ့နှစ်ပုံကိုက သူတို့သားအမိယူတယ်။ အသားတွေကို ရောင်းချပြီး သူတို့ရဲ့ စား၀တ်နေရေးကို ဖြေရှင်းကြတယ်။
အချိန် နှစ်နှစ်လောက်ကြာလာခဲ့တယ်။ တစ်ခုသောနေ့မှာတော့ မောင်မှတ်တောလည်ရင်း ကံအားလျော် စောစီးစွာပဲ ဂျေတစ်ကောင်ရလို့ ပြန်လာခဲ့တုန်း လမ်းမှာ မျောက်တစ်အုပ်ရဲ့ အထိတ်တလန့်နဲ့ ကွိကွိကွကွ အော်ဟစ်သံတွေကို တစ်တောလုံး ညံနေအောင်ကြားလိုက်ရတယ်။
" ဘာဖြစ်တာပါလိမ့်..."
မောင်မှတ် စိတ်၀င်စားမိသွားရတယ်။ မုဆိုးဆိုတာက တောအလုပ်၊ တောအထာ၊ တောကောင်တို့ရဲ့ အလေ့အထကို အမြဲလို စိတ်၀င်တစားရှိနေရမယ်လို့ ဦးလေးဖြစ်သူက မှာဖူးတယ်။ ဒါကို မောင်မှတ်က အသေအချာမှတ်ထားတယ်။
မောင်မှတ် သွားကြည့်ဖို့ စဉ်းစားမိတယ်။ ချေသေကောင်ကို သစ်ပင်တစ်ပင်မှာ နွယ်နဲ့တုတ်ပြီး ဒူးလေးကို လွန်းတင်လို့ ခြေသံလုံလုံနဲ့ အသံတွေ ထွက်ပေါ်လာတဲ့ဆီကို ချဉ်းကပ်သွားတယ်။ မြင်ကွင်းကို တွေ့ပါပြီ။
" ဟာ..."
မောင်မှတ် အလန့်တကြားအော်လိုက်မိတယ်။
သူမြင်လိုက်ရတာက မျောက်အုပ်ကြီးတစ်အုပ်။ မျောက်အုပ်ရဲ့ အလယ်မှာတော့ စပါးကြီးမြွေကြီးတစ်ကောင်။ လုံးပတ်က ပေါင်လုံးလောက်ရှိမယ်။
မြွေကြီးက မျောက်ငယ်တစ်ကောင်ကို ရစ်ပတ်လုံးထွေးထားတယ်။ ဒါကို ကျန်တဲ့ မျောက်တွေက အဖမ်းခံထားရတဲ့ မျောက်ငယ်လွတ်မြောက်ဖို့ နံဘေးကနေ အသည်းအသန် ခုန်ပေါက်ပြေးလွှားပြေးလွှားနေပြီး မြွေကြီးကို မထိရဲ ထိရဲနဲ့ တိုက်ခိုက်ဖို့ ကြိုးစားနေကြတယ်။
မြွေကြီးကတော့ မျောက်တွေ ဘယ်လောက်ပဲ လုပ်လုပ်သူ့အစာကိုသာ မဲနေတယ်။
အခြေအနေအရ မောင်မှတ် မနေသာတော့။ မုဆိုးအချင်းချင်း သားကောင်လိုက်ရာမှာ မနှောက်ယှက်သင့်ဘူးဆိုတဲ့ မုဆိုးစည်းကမ်းရှိတယ် ဆိုပေမယ့် မြွေမျိုခံရတော့မယ့် မျောက်ငယ်နဲ့ နံဘေးက စိုးရိမ်နေကြတဲ့ မျောက်အုပ်ကြီးကို သနားမိတဲ့အတွက် မောင်မှတ် ၀င်ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။
ကူညီရာမှာလည်း မြွေမသေ၊ တုတ်မကျိုးဖြစ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို မောင်မှတ် စဉ်းစားလိုက်တယ်။ မကြာဘူး သူနည်းလမ်းရခဲ့တယ်။
သူ့လွယ်အိတ်ထဲက မီးခြစ်ကို ထုတ်လိုက်တယ်။ ပြီးတာနဲ့ ချက်ချင်းပဲ အနီးအနားက သစ်ရွက်ခြောက်တို့ကို လိုက်လံ စုဝေးပြီး မီးရှို့လိုက်တယ်။
မီးရှို့ရာက ထွက်လာတဲ့ မီးခိုးတို့ကို မြွေကြီးရှိရာဘက်ဆီကို ရောက်အောင် မောင်မှတ်က သူ၀တ်ထားတဲ့ ပုဆိုးကို ချွတ်ပြီး ခတ်လွှတ်တယ်။
" ဖြီး...ရွီး...ရွီး..."
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment