မျက်ကွင်းဆေး ၊ အပိုင်း(၁)
သူ့ကို တွေ့တွေ့ချင်းပဲ
တာတေ စိတ်ဝင်စားသွားတယ်။
ပုဗ္ဗာရုံကျောင်းမှာ ရှမ်းဆရာတစ်ယောက်
ရောက်နေတယ် ဆိုတာကိုတော့ ရွာထဲမှာ
အရီးမသိန်းလှတို့ပြောနေကြတာ။
တာတေ ကြားပါတယ်။ သွားမယ် သွားမယ်နဲ့
တစ်ခါမှတော့ မသွားဖြစ်ဘူးဗျ။
ဒီနေ့တော့ ထူးထူးဆန်းဆန်းပဲဗျာ။
ပုဗ္ဗာရုံဆရာတော်က ကျုပ်ကို ခေါ်ခိုင်းလို့။
ဘုန်းကြီးကျောင်းသားနှစ်ယောက် ကျုပ်ဆီကို
ရောက်လာတယ်။
"ဟဲ့ တာတေ ဒီမှာဘုန်းကြီးကျောင်းသားတွေ
ရောက်နေတယ် ဆရာတော် လွှတ်လိုက်လို့တဲ့"
ကျုပ်က နွားစာစဉ်းနေတာဗျ။
အိမ်နောက်ဘက်ရောက်နေတာ။
အမေလှမ်းခေါ်မှ ကျုပ်သိတာ။
ကျုပ်လည်း လုပ်လက်စ အလုပ်ကို
ခဏရပ်ထားပြီး အိမ်ပေါ်တက်လာခဲ့ရတာပေါ့။
"ကိုကြီးတာတေကို ဘုန်းကြီးခေါ်ခိုင်းလိုက်လို့ဗျ"
"ဟေ့ ဘာကိစ္စတုံးကွ တောကျော်ရ"
ဘုန်းကြီးကျောင်းသားလေးရဲ့
နာမည်က တောကျော်ဗျ။
ဒီကောင် ကျုပ်ကို လွှတ်ခင်တာဗျို့။
"ဒါတော့ ကျုပ်မသိဘူးဗျ"
တောကျော်က ကျုပ်မေးတာကို ပြန်ဖြေတယ်။
"အေး…အေး မင်းတို့ ပြန်တော့ တောကျော်။
ကိုကြီးတာတေ အခုပဲ လာခဲ့မယ်လို့
ဘုန်းကြီးကို လျှောက်လိုက်"
"ဟုတ်ကဲ့ ဟုတ်ကဲ့ "
တောကျော်နဲ့ သူ့အဖော်ကောင်လေး ထပြန်တယ်။
ကျုပ်လည်း ရေကပျာကယာချိုး ။
အဝတ်အစားလဲပြီး ရွာရှေ့ပိုင်းကို ထွက်ခဲ့တော့တယ်။
"လာဟေ့ တာတေ ငါ မင်းကို စောင့်နေတာကွ"
ကျုပ်က ဆရာတော်ကို ရှိခိုးလိုက်တယ်။
"ဒီလိုကွာ တာတေရ ။ ဘုန်းကြီးဆီကို
ဟိုးရှမ်းပြည်က ရှမ်းဆရာကြီးတစ်ယောက်
ရောက်နေတယ် ။ အသက်ငါးဆယ်လောက်
ရှိသကွ။နာမည်က ဦးနွံဖတဲ့။
ပညာတော့ အတော်ထက်တဲ့ပုံပဲ တာတေရ"
"မှန်ပါ့ ဘုရား တပည့်တော်ကို ခေါ်ရတဲ့ အကြောင်းက"
"အေး…ဒီလိုကွ တာတေရ ။ ဆရာနွံဖက ပြောတယ်။
သူ ဒီကို လာရတဲ့ အဓိက အကြောင်းက
သစ်စုန်းလာလိုက်တာတဲ့ကွ"
"သစ်စုန်း ဟုတ်လား ဘုရား"
"အေးကွ ။ သစ်စုန်းတဲ့ ။ဘုန်းကြီးလည်း
မကြားဘူးပါကွာ။ဒီဒကာကြီးပြောမှ
ဒါမျိုးတွေ ရှိတာကို သိရတာ။
သုပြောတာ တစ်ခုက နည်းနည်းတော့
ထူးဆန်းတယ် တာတေရ။ သစ်စုန်းက
သင်္ချိုင်းတွေမှာ ပေါက်တတ်တဲ့ကွ။
အဲဒီလို သစ်စုန်းပေါက်လာပြီဆိုရင်
အစောင့်ရောက်လာရောတဲ့။
အဲဒီ သစ်စုန်းစောင့်တွေကို ပြန်ပြီး
အုပ်ချုပ်ရတာက သင်္ချိုင်းစောင့် မဖဲဝါကြီးတဲ့ဗျာ။
အခုဆရာမနိုင်ရွာက သုဿာန်ထဲမှာ
သစ်စုန်းပေါက်နေတာတဲ့ဗျား။
အပင်က လူရင်စို့လောက်ရှိပြီတဲ့"
"ဟင် ဒီ ဆရာက ဒါတွေကို ဘယ်လိုသိတုံး
ဘုန်းဘုန်းရဲ့"
"အေး အဲဒါကို ဘုန်းကြီးလည်း မေးမြန်းတာပေါ့
တာတေရဲ့"
"မှန်ပါဘုရား"
"တစ်ရက်တော့ ဆရာနွံဖက လူနာလာပင့်လို့
ဒီဘက်ကို လိုက်လာတာတဲ့ကွ။
သူ ပယောဂကပ်နေတဲ့ လူနာကို
ပရောဂထုတ်တော့ ဝင်ကပ်နေတဲ့ အကောင်က
အဲဒီဆရာမနိုင်က သစ်စုန်းစောင့်ဖို့
အလှည့်ကျတဲ့ အကောင်တဲ့ဗျား။
အဲဒါ သစ်စုန်းစောင့်ရမှာစိုးလို့
လာပုန်းခိုနေတာဆိုပဲကွ"
"အော် ဒီသရဲလား ။
သစ်စုန်းကို ဘာလို့ မစောင့်ချင်ရတာတုံး ဘုရား"
"အေး ဆရာနွံဖကလည်း ဒီအကြောင်းမေးတာပေါ့
တာတေရ။ဒီတော့ သရဲက ပြောတတ်တဲ့။
သစ်စုန်းစောင့်တဲ့ ကောင်တွေကို မဖဲဝါကြီးက
တိုက်ရိုက်အုပ်ချုပ်တာဆိုပဲ။
သူတို့က မဖဲဝါကြီးကို အားကြီးကြောက်ရတာတဲ့ကွ။
အဲဒါကြောင့် ဒီကောင် လူမှာလာကပ်ပြီး
ရှောင်နေတာဆိုပဲ"
"အော် ဒါကြောင့်ကိုး"
"အဲဒီ သရဲနာမည်က စံပွင့်တဲ့ကွ။
သရဲစံပွင့်ပြောလို့ ဆရာနွံဖက ဒီအကြောင်းတွေ
သိလာတာတဲ့။ အဲဒီသစ်စုန်းကို ဆရာနွံက
ရအောင်လိုက်မယ် ပြောတယ် တာတေရဲ့"
"ဒီသစ်စုန်းက ဘာတွေစွမ်းလို့လဲ ဘုရား"
"ဟာ ဒီဆရာပြောပုံအရတော့ တော်တော်စွမ်းသားလား
တာတေရ ။အခု အပင်က ရင်စို့လောက် ရှိတယ်တဲ့။
ပင်စည်က ထွာစိုင်လောက် ရှိပြီဆိုပဲ။
အဲဒါကို တောင်ဝှေးလုပ်ပြီး ဆရာကိုင်ရင်
တယ်စွမ်းဆိုပဲကွ။လာဘ်လာဘလည်း ရွှင်တယ်တဲ့။
ပြီးတော့ ဘယ်လိုပယောဂမျိုးမဆို
သစ်စုန်းဆေးတောင်ဝှေးကို ကြောက်ကြတယ်ဆိုပဲ။
အဲဒါရရင် ဆရာနွံဖက ဘုန်းဘုန်းကို
တောင်ဝှေးတစ်ချောင်းလှူမယ်တဲ့။
သူက ကျန်တာယူမှာပေါ့ကွာ။
ဒါမှလည်း တို့ရွာထဲမှာ ပယောဂလေးဘာလေး
ကပ်ရင် ဒီတောင်ဝှေးနဲ့ မောင်းထုတ်သင့်
ထုတ်ရမှာပေါ့"
"အဲဒါ တပည့်တော်က ဘာလုပ်ရမှာလဲ ဘုရား"
"အေး အေး ပြောမယ်။ဆရာနွံဖက ပြောတယ်။
အဲဒီသစ်စုန်းပင်ကို လူသာမန်မျက်စိနဲ့
မမြင်ရဘူးတဲ့ကွ"
"အော် တယ်လဲ ထူးဆန်းပါလား ဘုရား"
"ဟုတ်တယ်ကွ ဆရာနွံဖတို့မှာ မျက်ကွင်းဆေးဆိုတာ
ရှိတယ်တဲ့။အဲဒါကို သွေးပြီး ကွင်းလိုက်ရင်
မြင်ရောတဲ့ကွ။မြင်တာမှ သစ်စုန်းတင်
မကဘူးတဲ့မောင်ရေ။ နာနာဘာဝတွေပါ
မြင်ရတာတဲ့"
"ဟော ကြောက်စရာပေါ့ ဘုရား"
"အေး အဲဒါကြောင့် သတ္တိရှိတဲ့
လူငယ်တစ်ယောက်ရှာပေးပါ
စနေသားလည်း ဖြစ်ရမယ်တဲ့ကွ"
"အော်"
"ဒါကြောင့် ငါက မင်းကိုပြေးမြင်တာ တာတေရ။
ဒါကြောင့် ဘုန်းဘုန်းက ဆရာနွံဖကို ပြောတယ်။
တာတေ့ကို ဘုန်းဘုန်းခေါ်ပြီး
အကျိုးအကြောင်းပြောပြမယ်။
သူစိတ်ဝင်စားရင်တော့ အဆင်ပြေတာပေါ့လို့"
"ဒီလိုဆို တပည့်တော်က မျက်ကွင်းဆေးလိမ်းပြီး
သစ်စုန်းပင် ရှာရမှာပေါ့"
"အေးပေါ့ကွ တာတေရ"
"နောက်ကော အဲဒီမျက်ကွင်းဆေးကို
ပြန်ဖျက်လို့ ရလို့လား ဘုရား"
"ဟာ ရတာပေါ့ကွ နန္ဒင်းဖြူ'ဝ'ကွင်းကို
ဆေးစီရင်ထားတာ ရှိတယ်တဲ့။
အဲဒါ လိမ်းလိုက်ရင် စောစောက
မျက်ကွင်းဆေးက ပျယ်သွားရောတဲ့ကွ"
"အော် ဖျက်ဆေးရှိတာကိုး"
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment