ကွင်းပိုင်နှမ မဖဲဝါ ၊ အပိုင်း(၁)
ကွင်းပိုင်နှမ မဖဲဝါ
ခုတစ်လော ကျုပ်အိပ်ရာထတာ နောက်ကျတယ်ဗျ။
တန်ခူး ကဆုန် စွေ့စွေ့ခုန်ဆိုတဲ့အတိုင်းပါပဲဗျာ။
သင်္ကြန်ပြီးကတည်းက တစ်နေ့တစ်ခြား ပူလာလိုက်တာ
ကဆုန်လထဲလည်း ရောက်ရော နေ့ည ညရော
ပူတော့တာပါပဲဗျာ။
တစ်ညလုံး ချွေးတွေထွက်လို့ ဘယ်မှာ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်မှာတုံးဗျာ။ အိပ်ရာထဲမယ် ဟိုဘက်လှိမ့်
ဒီဘက်လှိမ့်နဲ့ မနက်လင်းအားကြီးလောက်ရောက်မှ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တာဗျ။
ဒီတော့လည်း အိပ်ရာက စောစောမထနိုင်တော့ဘူးပေါ့ဗျာ။
"ကိုကြီးတာတေ၊ ကိုကြီးတာတေ"
ကျုပ်ကို ခေါ်တဲ့အသံကို သဲ့သဲ့လေး ကြားသားဗျ။
မျက်လုံးက ဖွင့်ကို မရတာဗျို့။
"ဟဲ့ တာတေ၊ ထစမ်း၊ ထစမ်း၊ ဝိုင်းဝကနေ
နင့်ကို ခေါ်နေတာဟဲ့ "
အမေနှိုးတော့မှပဲ ကျုပ် ကြည်ကြည်လင်လင်
နိုးသွားတာဗျ။ ကျုပ်လည်း အိပ်မှုံစုံမွှားနဲ့
ထကြည့်လိုက်တယ်၊ ဟာ ကျောက်ခဲ
ဝိုင်းထဲမဝင်ဘဲ ဝိုင်းဝကနေ အော်ခေါ်နေတာဗျ။
"ကျောက်ခဲ လာလေ၊ ဘာလို့ ဝင်မလာဘဲ
အော်ခေါ်နေတာတုံး "
ကျုပ် အော်လိုက်တော့မှ ကျောက်ခဲက
ဝိုင်းထဲကို ခပ်သုတ်သုတ်လျှောက်ပြီး
ဝင်လာတာဗျ။ အိမ်ပေါ်ကို တန်းတက်လာတာဗျို့။
"စိတ်စောနေလို့ ကိုကြီးတာတေရ၊ ဝိုင်းဝကပဲ
အော်ခေါ်နေတာဗျို့ "
"အောင်မာ ကျောက်ခဲရာ၊ မင်းမှာ ဘာတွေများ
စိတ်စောစရာတွေ ရှိနေလို့တုံးကွ "
ကျောက်ခဲက ထိုင်တောင် မထိုင်ဘူးဗျ။
မတ်တတ်ရပ်ပြီးတော့ တန်းပြောတာဗျ။
"ကိုကြီးတာတေတို့ သမုန်းတောယာထဲမှာ
ခြေရာကြီး အကြီးကြီးတွေ တွေ့လို့တဲ့ဗျ"
"ဟေ …ငါတို့ယာထဲမှာ ဟုတ်လား၊ ခြေရာက
ဘယ်လောက်ကြီးလို့တုံး "
"ဘိုးစံကွန့် ပြောတာဗျ၊ သူတို့က ပဲတီးစိမ်းတွေ
မတ်ပဲတွေ စိုက်ထားတော့ ပဲခင်းသွားတာလေဗျာ၊
သမုန်းတောယာကို သူတို့က ဖြတ်သွားနေကြလေ။
အဲဒီမှာ ခြေရာကြီးတွေ တွေ့လို့ ဆိုပြီး ပြန်လာကြတာ၊
ရွာထဲမှာ ဘိုးစံကွန့်က ဒီအကြောင်းကို ပြောပြနေတာ
ကြားလို့၊ ကျုပ်က လာပြောတာဗျ။ ကဲ…ကိုကြီး
တာတေ မျက်နှာမြန်မြန်သစ်ဗျာ၊ သမုန်းတောယာကို
မြန်မြန် သွားကြည့်ရအောင် "
ကျောက်ခဲနဲ့ ကျုပ် ယာထဲကို ရောက်တော့
ဘိုးစံကွန့်ပြောတဲ့ ခြေရာကြီးတွေကို လိုက်ရှာကြတယ်
ကျောက်ခဲက တစ်ဖက်၊ ကျုပ်က တစ်ဖက်
လူခွဲပြီး ရှာတာဗျ။ သမုန်းပင်တွေ ခြောက်ပင်၊
ခုနှစ်ပင် ပြုံနေတဲ့ ယာကွက်မို့လို့ သမုန်းတောယာလို့
ခေါ်နေကြတာဗျ။
"ဟာ …တွေ့ပြီဗျို့၊ ကိုကြီးတာတေရေ၊
ဟောဒီမှာဗျို့။ အကြီးကြီးတွေပဲဗျ"
ကျုပ်က ကျောက်ခဲဆီကို ပြေးသွားပြီး ငုံ့ကြည့်လိုက်တယ်
ဟုတ်ပါ့ဗျာ၊ နည်းတဲ့ ခြေရာကြီးတွေ မဟုတ်ဘူးဗျာ။
စကောတစ်ချပ်စာလောက် ရှိမယ်ဗျ။ ဒါပေမဲ့
အဝိုင်းမဟုတ်ဘူး၊ လူခြေရာလိုပုံဗျ၊ ခြေချောင်းရာတွေပါ
ပါတယ်။ ခြေချောင်းရာကလည်း ငါးချောင်းပဲ။
ခြေမနေရာကလည်း အကြီးကြီးဗျ။ အုန်းမှုတ်ခွက်
တစ်ခွက်စာလောက် ရှိတယ်။
ပြီးတော့ ခြေရာက မြေကြီးပေါ်မှာ ပါးပါးလေးပဲ
ထင်နေတာဗျ။ ဒီလောက်ကြီးတဲ့ ခြေရာကြီးဆိုရင်
အကောင်ကလည်း အကြီးကြီး ဖြစ်မှာပေါ့ဗျ။
မြေကြီးထဲမှာ ခြေရာက နက်နက်ကြီး
ထင်နေရမှာပေါ့။ အခု အဲဒီလို မဟုတ်ဘူးဗျ။
သဲမြေပေါ်မှာ ပါးပါးလေးပဲ ထင်နေတာ။
ကျုပ် လိုက်ပြီး ရေကြည့်တယ် ။ တစ်ခု၊ နှစ်ခု၊
သုံးခု၊ လေးခု အားလုံးဆယ့်လေးခု။ကျုပ်
သေသေချာချာ ကြည့်တော့ ခြေရာက
ဘယ်ခြေရာ၊ ညာခြေရာ စုံဗျ။ ခြေရာ
ဆယ့်လေးခုဆိုတော့ ခြေလှမ်းခုနှစ်လှမ်း
လှမ်းထားတာဗျ။ ခြေရာတစ်ခုနဲ့ တစ်ခုကြား
အကွာအဝေးကို ကျုပ် ခန့်မှန်းကြည့်တော့
လက်တံတစ်လံလောက် ခြားတယ်ဗျ။
ဒါဆိုရင် ဒီခြေရာပိုင်ရှင်ဟာ နည်းတဲ့အရပ်ကြီးမှ
မဟုတ်တာဗျာ။ ကျုပ်က ဒီအကြောင်း ပြောပြတော့
ကျောက်ခဲ ဆိုတာ ကြောက်သွားပြီး မျက်နှာလေး
ဆီးရွက်လောက်ပဲ ရှိတော့တာဗျို့။ ကျောက်ခဲကိုသာ
ပြောရတယ်။ကျုပ်ကိုယ်တိုင်လည်း ကြောက်တာပဲဗျ။
စောစောကတည်းက ကြက်သီးတွေ နှစ်ခါလောက်
ထသွားပြီးသားဗျ။
ဟော ကျုပ်တို့ရွာထဲက လူတွေ ထွက်လာကြပြီဗျို့
ဒီသတင်းက ကျုပ်တို့ရွာထဲမယ် ပြန့်သွားပြီထင်တယ်။
ဘိုးစံကွန့်ကလည်း တွေ့သမျှလူကို အကုန်လျှောက်
ပြောနေတာလေဗျာ။ ကျုပ်နဲ့ ကျောက်ခဲလည်း
ခြေရာကြည့်ဖို့ ထွက်လာတဲ့ လူတွေနဲ့ မတွေ့အောင်
ဘိုးညီလေး ထန်းတောဘက်ကပတ်ပြီး ရွာကို
ပြန်ခဲ့ကြတယ်။
ဧရာမခြေရာကြီးတွေရဲ့ ပိုင်ရှင်က ခြေလှမ်းခုနှစ်လှမ်း
လှမ်းပြီး ပျောက်သွားပုံရတယ်ဗျ။ နောက်ထပ်
ခြေရာမကျန်ခဲ့တော့ဘူး။ ကျုပ်တို့ ထနောင်းကုန်းသားတွေ
အတွက်ကတော့ ဒီနေ့ဟာ 'ခြေရာနေ့'ဖြစ်သွားတော့တာပေါ့ဗျာ။
ဟိုနားစုစု၊ ဒီနားစုစုနဲ့ တစ်နေ့လုံး ဒီခြေရာ
အကြောင်းတွေပဲ ပြောနေတော့တာပေါ့ဗျာ။
ရွာထဲက သက်ကြီးရွယ်အိုတွေကလည်း
သူတို့ဘဝမှာ တွေ့ကြုံခဲ့ဖူးတဲ့ ခြေရာတွေအကြောင်း
ပြောကြတော့တာပေါ့ဗျာ။
တစ်ချို့ကလည်း ဒါကို ဘီလူးခြေရာလို့ ပြောကြတယ်
ရွာနီးတစ်ဝိုက် ညဘက် မသွားဖို့ မလာဖို့ ပြောတဲ့
လူကပြော နေဝင်ရင် ရွာပြင်မထွက်ကြနဲ့
ရွာနားကို ဘီလူးကပ်တယ်လို့ ဆိုသူကဆို။
ညဘက်ကို ကလေးငယ်လေးတွေ သိပ်မငိုအောင်
အမေတွေက ဂရုစိုက်ဖို့ ပြောတဲ့လူကပြော။
တချို့လူကြီးတွေကျတော့လည်း ဒါဟာ
မြေဘုတ်ဘီလူးခြေရာလို့ ပြောကြတယ်
ညရောက်ရင် ဝိုင်းဝက မြေကြီးပေါ်မှာ
ဖယောင်းတိုင် ငါးတိုင်စိုက်ပြီး ထွန်းဖို့
ပြောကြတယ်
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment