မရဏဆုံမှတ်၊ အပိုင်း(၆)
ကျုပ်တို့ စားသောက်ပြီးတော့ မိုးချုပ်နေပြီ။
ည (၇)နာရီ ထိုးတော့ ဘထစ်နဲ့ ကျုပ် ဘုရားပွဲစျေးကို
ထွက်လာခဲ့တယ်။ လေးကျွန်းမာရ်အောင်ဘုရားက
ယင်းချောင်းနံဘေးက တောင်ကုန်းမြင့်မြင့်
ကလေးပေါ်မှာဗျ။
မီးကို ထိန်နေတာပါပဲဗျာ။ ဘုရားကတော့
ရှေးဘုရားဗျ။ ဥာဏ်တော်လည်း အတော်မြင့်သားပဲ။
ကျုပ်တို့ ဘုရားပေါ်တက်ခဲ့တယ်။ တရုတ်စကားပင်တွေ
စိုက်ထားတဲ့ ဘုရားတောင်ပေါ်ကနေ ယင်းချောင်းနံဘေးက
ပွဲစျေးတန်းကလေးကို ငုံ့ကြည့်ရတာ တော်တော်ကို
ပျော်စရာကောင်းတာပဲဗျာ။
ယင်းချောင်းကတော့ ရေကျချိန်ဆိုတော့
ရေတိမ်တိမ် ရှိတာပါ။ ပန်တျာကြည်လင်ရဲ့
ဇာတ်ရုံကတော့ ကွင်းကြီးထဲမှာဗျ။
ရဟတ်ကြီးတစ်ခုလည်းပါတော့ လူကို
တရုန်းရုန်းဖြစ်နေတာပါဗျာ။
ယင်းချောင်းနံဘေးက သောင်ပြင်မှာက
ဆိုင်တန်းကြီးပေါ့ဗျာ။ လူကိုကြိတ်ကြိတ်တိုးနေတာပါပဲ။
ဘထစ်နဲ့ ကျုပ်က ကြရည် တစ်ယောက်တစ်ခွက်
သောက်တယ်၊ ပြီးတော့ ဇာတ်ရုံဘက်ကို သွားတယ်
ဟိုလျှောက် ဒီလျှောက်ပေါ့ဗျာ။ လူကတော့
တော်တော်ကို စည်တာဗျ။
အဲဒီမှာ ကျုပ်က လူတွေ မျက်နှာကို လိုက်ကြည့်ပြီး
အကဲခတ်နေတာကို ဘထစ်က တွေ့တော့
ပြုံးပြုံးကြီးလုပ်ပြီး …
"ဟေ့ကောင် တာတေ မင်း ဘယ်သူ့ကို
လိုက်ရှာနေတာတုံး"
လို့ မေးတယ်။ကျုပ်ကလည်း ခပ်ပြုံးပြုံးလုပ်ပြီး …
"ကညင်ကိုးပင်လေကွာ"
လို့ ပြောတော့ ဘထစ်က ရယ်လိုက်တာဗျာ။
"မင်းကွာ ၊ လူတွေ ဒီလောက်များနေတာ
ဘယ်သူက လူ၊ ဘယ်သူက ဥစ္စာစောင့်ဆိုတာ
သိနိုင်မှာလဲကွာ "
"အေးကွ၊ ဒါတော့ ဟုတ်တာပဲ "
လို့ ကျုပ်က ပြန်ပြောပြီး ယင်းချောင်းနံဘေးက
ပွဲစျေးတန်းဘက်ကို ဆင်းလာခဲ့တယ်။ စည်လိုက်တဲ့
လူဗျာ။ အထည်တွေ ဝယ်ကြ၊ ဘာတွေဝယ်၊
ဒန်အိုးဒန်ခွက်တွေ၊ ကြွေပန်ကန်တွေဝယ်ကြ။
ကလေးကစားစရာတွေ ဝယ်ကြ၊ စာအုပ်တွေ။
စောင်၊ ခြင်ထောင်တွေ ဝယ်ကြနဲ့ တော်တော်ကို
ပျော်ကြတာဗျ။ ကျုပ်ဖြင့် သူတို့ဆီက အပျော်တွေ
ကူးပြီး ကျုပ်ပါ ပျော်နေတာဗျ။
ဘထစ်လည်း ကျုပ်လိုပဲ ပျော်နေပုံပဲဗျ။
ကျုပ်တို့နှစ်ယောက် ပွဲစျေးတန်းအဆုံးက
ရေမန်းကျည်းပင်ကြီးတစ်ပင်အောက်မှာ ထိုင်ပြီး
ယင်းချောင်းကလေးထဲမှာ လရောင်ထိုးကျနေတာကို
ကြည့်နေကြတာဗျ။ အချိန်ကတော့ ညကိုးနာရီခွဲလောက်
ရှိမယ်ထင်တယ်။ ပွဲတောင် ထွက်နေပြီဗျ။
အဲဒီတုန်းမှာ ဘထစ် မျက်လုံးပြူးပြီး
ယင်းချောင်းအလယ်ကို လှမ်းကြည့်နေတယ်
ပြီးတော့ …
"ဟာ …ဟိုမှာ မ..မ..ဖဲဝါကြီးကွ၊ ခေါင်းကြီးထမ်းပြီး
ယင်းချောင်းကို လှမ်းကျော်လိုက်တာကွ"
"ဘာကွ ဘထစ်၊ မဖဲဝါကြီး ဟုတ်လား၊
မင်းကွာ မဟုတ်တာ ပြောဦးမယ် ဒီယင်းချောင်းကို
မဖဲဝါက ဘယ်လိုလုပ် ကျော်မှာလဲကွ"
"မင်း မင်း မသိဘူး တာတေ၊ သူက ကြိုက်သလို
ဖနဆင်းလို့ရတယ် အခု သူ့အရပ်ကြီးကို ထန်းပင်နှစ်ပင်လောက်
အမြင့်ကြီး ဖန်ဆင်းထားတာ၊ ဟော ဟော ဒီဘက်
ကမ်းကို ရောက်လာပြီ၊ ပုခုံးပေါ်မှာ ခေါင်းကြီး
တစ်လုံးလည်း ထမ်းထားတယ်ကွ"
"ဟေ ဟုတ်လား ဘထစ်၊ ခေါင်းကြီးထမ်းလာတယ်
ဟုတ်လား ၊ ဒါ ဘာလုပ်ဖို့လာတာတုံးကွာ၊
ဒါ ဘုရားပွဲ မဟုတ်လား၊ လာချင်ရင် ဒီအတိုင်းလာပေါ့
ခေါင်းကြီးက ဘာဖြစ်လို့ ထမ်းလာတာတုံး"
"ဟော ယင်းချောင်းအတိုင်း အထက်ဘက်ကို
လျှောက်သွားနေတယ်ကွ၊ လာ လာ တာတေ၊
သူ့နောက်က လိုက်ကြည့်မယ်၊ ကဲ ဒီလိုလုပ်ကွာ၊
မင်းပါ မြင်ရအောင် အရင်တစ်ခါတုန်းကလို
ငါ့လက်ကို ဆုပ်ထား၊ အေး ဟုတ်ပြီ၊ ဆေးတော်စောင့်ကြီးဗျာ
ကျုပ် သူငယ်ချင်းကို အမြင်ဖွင့်ပေးပါဗျာ
ကဲ တာတေ၊ မျက်စိခဏ ပိတ်ထားလိုက်
ပြီးတော့မှ ဖြည်းဖြည်းပြန်ဖွင့်လိုက်"
ကျုပ်က ဒီအတွေ့အကြုံ ရှိပြီးသားဆိုတော့
ဘထစ် ပြောသလို လုပ်လိုက်တာပေါ့ဗျာ။
"ဟာ ဟုတ်သားပဲ ဘထစ်ရ၊ မဖဲဝါကြီးက အရပ်
အရှည်ကြီး ဖန်ဆင်းထားတာကိုးကွ၊ ဒါကြောင့်
ယင်းချောင်းကို ခွကျော်နိုင်တာပေါ့။ ဒါ ဘယ်ကို
သွားနေတာတုံးကွ"
"ငါလည်း မသိဘူး တာတေ၊ ငါ့လက်ကို
မလွှတ်နဲ့တော့၊ ဆုပ်ထား ဆုပ်ထား၊
ဒါမှ မင်းမြင်ရမှာ ၊ ဟာ ချောင်းအကွေ့မှာ
ပျောက်သွားပါရောလားကွ"
ကျုပ်တို့နှစ်ယောက် ယင်းချောင်းကွေ့အထိ
လိုက်ကြည့်သေးတယ်ဗျ။ ဘာမှမတွေ့တော့ဘူး။
သဲသောင်ပေါ်မှာ ခြေရာတွေ ဘာတွေ ကျန်မလားလို့လည်း
လိုက်ရှာကြည့်ကြသေးတယ်။ခြေရာလည်း မတွေ့ပါလား"
"ဘထစ် ဒါ ဘာဖြစ်တာတုံးကွ၊ ဒီလောက်
လူစည်ကားတဲ့ နေရာကို မဖဲဝါကြီး ဘာလာလုပ်တယ်လို့
မင်း ထင်လဲ"
"ကဲ မင်း ငါ့လက်ကို ဖြည်လိုက်တော့၊ မဖဲဝါမှ
မရှိတော့တာ"
ကျုပ်က လက်ဆုပ်ကို ဖြည်လိုက်တယ်။
ဘထစ်က သက်ပြင်းတစ်ချက် ချလိုက်တယ်။
ပြီးတော့မှ အ,ထစ် အ,ထစ်နဲ့ ပြောတယ်ဗျ။
"တာတေ ဒါတော်တော်ကို မကောင်းတဲ့ အတိတ်နိမိတ်ကြီးကွ
အင်မတန်ဖြစ်ခဲတာ၊ မဖဲဝါ ခေါင်းထမ်းတာ
အကြောင်းမဲ့ မထမ်းဘူး၊ ဒီနေရာမှာ လူတွေ
အများကြီး သေတော့မှာမို့လို့ကွ"
"ဟေ ဟုတ်လား ဘထစ်၊ မင်း သိတယ်ဟုတ်လား"
"အေး ငါသိတယ်ကွ၊ ငါ တိတိကျကျကို ကြားဖူးတာ။
အခုမှ မြင်ဖူးတွေ့ဖူးတာ၊ ဒီနေရာမှာတော့ တစ်ခုခုဖြစ်ပြီး
လူတွေ အများကြီး သေလိမ့်မယ် "
"ဒါဆိုရင် လူတွေကို မင်းနဲ့ငါ အသိလိုက်ပေးကြမလား"
"ဟာ တာတေရာ၊ မင်းနဲ့ ငါ လျှောက်ပြောတော့ရော
ဘယ်သူက ယုံမှာတုံးကွ"
ဘာဖြစ်မယ်လို့ မင်းထင်လဲ၊ ဘထစ်"
"အဲဒါတော့ ငါလည်း မတွေးတတ်ဘူးကွ၊
ကဲ တာတေ၊ မင်းနဲ့ငါ ဘုရားတောင်ပေါ်
တက်ကြရအောင်၊ ဘုရားကိုပဲ အာရုံပြုပြီး
လူတွေကို ဘေးမသီ ရန်မခဖို့ မေတ္တာပို့ကြတာပေါ့ကွာ"
အပိုင်း(၇)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment