တစ္ဆေတွေနေတဲ့အိမ်၊ အပိုင်း ၁
တစ္ဆေတွေနေတဲ့အိမ်
အပိုင်း ၁
ကိုဘထွန်း ခေါ်လို့ ကျုပ် လိုက်သွားတာဗျို့။
ထီးဂလိုင်ဆိုတဲ့ရွာက ကျုပ်တို့ ထနောင်းကုန်း
နဲ့တော့ အတော်ကလေး လှမ်းသားဗျ။ ထီးက
လိုင်က ကိုဘထွန်းတို့အမျိုးတွေ ရှင်ပြုဖိတ်လို့
သွားတာပါဗျာ။ အသွားကတော့ ဟုတ်သားဗျ။
ထီးဂလိုင်မှာနေတဲ့ ကိုဘထွန်းတို့ ဘထွေးက
လှည်းနဲ့ လာခေါ်တာလေ။
ကဆုန်လဆိုတော့လည်း ရာသီဥတုက ပူပေါ့
ဗျာ။ ကျုပ်တို့ အညာသားတွေ ပြောလေ့ရှိတာ
ပဲဗျာ။ တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန် ဆိုတာ
လေ။ တကယ်ကို ဆွေ့ဆွေ့ခုန်ရတော့တာပါ
ဗျာ။ ပူချက်ကတော့ ကမ်းကုန်ရောဗျို့။ ယင်း
ချောင်းတွေမှာလည်း ရေကို ခန်းရောဗျ။ကျုပ်
တို့ အသွားမှာ ထီးဂလိုင်မရောက်ခင် ယင်း
ချောင်းတစ်ချောင်းကို ဖြတ်ရတာဗျ။ နွားခြေ
ထောက်တွေ ရေစွတ်ရုံ ရှိတာဗျို့။
ကိုဘထွန်းတို့ဘထွေးက လှည်းကို ယင်းချောင်း
ထဲ တန်းမောင်းချပြီး ဟိုဘက်ကမ်းရောက်တော့
လည်း ကမ်းပေါ် တန်းတက်ချသွားတာဗျ။ ဘာမှ
ကြာလှတယ် မဟုတ်ဘူး။ ထီးဂလိုင်ကို ရောက်
သွားရောဗျို့။ ကျုပ်က ထီးဂလိုင်ကို တစ်ခါမှ
ရောက်ဖူးတာ မဟုတ်ဘူးဗျ။ အခုရောက်တော့
ကျုပ်တော်တော် သဘောကျသွားတယ်ဗျို့။
ထီးဂလိုင်က လွှတ်သာယာတာကလားဗျ။ ရွာ
ပြင်က ထန်းတောတွေကလည်း ညို့နေတာဗျို့။
ထီးဂလိုင်က ထန်းလျက်ချက်တဲ့ ရွာလေဗျာ။
ထန်းလျက်မှ မျိုးစုံအောင် ထွက်တာဗျ။ ထဖိုဦး
စားမလား၊ ဇီးထန်းလျက် စားမလား။ ပေါက်
ပေါက်နဲ့ ဆုပ်ထားတဲ့ ထန်းလျက်စားမလား။
အုန်းထန်းလျက်စားမလား စုံချက်ဗျာ။
ထီးဂလိုင် ဇီးယိုကလည်း လွှတ်ကောင်းတာဗျ။ ဇီးပေါင်းလည်း လုပ်တယ်၊ ဒီတော့ ရွာက စီးပွား
ရေး လွှတ်ကောင်းတာပေါ့ဗျာ။ နှမ်းရော၊ ပဲရော
ထန်းလျက်ရော ဆိုတော့ ဝင်ငွေကို မှန်နေတာ
ပေါ့ဗျာ။ ထီးဂလိုင်နောက်ကျောမှာက အလယ်
ရိုးမကြီးကလည်း ကပ်လို့လေဗျာ။ မိုးဦးကျဆို
ရင် မှိုနှုတ်၊ မျှစ်နှုတ်ကလည်း အလုပ်ဖြစ်သေး
ဆိုပဲ။ ထင်းခုတ်၊ ဝါးခုတ်၊ သစ်ခုတ်ကလည်း အ
ပိုရသေးတယ်တဲ့ဗျို့။
ဒီတော့ ထီးဂလိုင်မှာက လူဆင်းရဲ နည်းတယ်
ဗျ။ လူချမ်းသာ ပေါတာပေါ့ဗျာ။ အခု ရှင်ပြုလုပ်
တဲ့ ကိုဘထွန်းတို့ အမျိုးတွေဆိုရင်လည်း ထီး
ဂလိုင်ရဲ့ လူချမ်းသာစာရင်းမှာ ပါတဲ့သူတွေပဲ
ဗျ။ ထီးဂလိုင်က အိမ်ဝိုင်းတွေ တော်တော်များ
များမှာ မြင်းဇောင်းတွေနဲ့ဗျ။ မြင်းတွေ ရှိကြ
တယ်။ ဟိုရွာ ဒီရွာ သွားချင်ရင် မြင်းနဲ့ သွားကြ
တာဗျ။ လူချမ်းသာတွေဆိုတော့လည်း မြင်းက
စီးနိုင်တာပေါ့ဗျာ။
ဟန်တော့ အကျသားဗျ။ ရပ်ထဲရွာထဲ ရှင်ပြုရှိ
ပြီဆိုရင် ရှင်လောင်းလှည့်ဖို့ မြင်းတွေမှ တန်း
စီထွက်လာတာဗျို့။ တစ်ချို့မြင်းကြီးတွေဗျာ
နည်းတဲ့ ဒေါက်ကြီးတွေ မဟုတ်ဘူးဗျို့။ ပြိုင်
မြင်းလုပ်လို့ရတဲ့ အမျိုးတွေဗျ။
ကိုဘထွန်းတို့အမျိုးတွေ ရှင်ပြုကလည်း အ
စည်သားဗျ။ စုစုပေါင်း ရှင် ဆယ်ပါးဗျ။ ရဟန်း
လောင်းက နှစ်ပါး၊ အလှူကြီးပေါ့ဗျာ။ထီးဂလိုင်
ရွာဦးကျောင်းဝင်ကြီးကလည်း လွှတ်ကျယ်တာ
ဗျို့။ ထမင်းကျွေးရုံကြီးကလည်း ကျယ်ပါ့ဗျာ။
တစ်ရွာလုံး မီးခိုးတိတ်ပဲဗျို့။ အနီးအနားရွာတွေ
ကလည်း လာသေးသဗျ။ လှည်းယာဉ်တွေနဲ့
လာကြတာလေ။ ရွာလယ်လမ်းကြီးမှာ ဖုန်တ
ထောင်းထောင်းထပြီး ခြူသံ တချွင်ချွင်နဲ့ပေါ့
ဗျာ။ ခြူသံဆိုတာ သိပ်ကြာကြာပြတ်တယ်လို့
မရှိဘူးဗျ။ လှည်းတွေက တစ်စီးပြီးတစ်စီး ဝင်
လာနေတာဗျို့။
ထီးဂလိုင်သားတွေရဲ့ ဝက်သားချက်ကလည်း
လွှတ်ကောင်းဗျာ။ ချက်ထားလိုက်တဲ့ ဝက်သား
မှ အိနေတာဗျို့။ သရက်ချဉ်သုတ်ကလေးက
လည်း ခပ်ပြေပြေလေးဗျ။ မယ်ဇလီရွက်ဟင်း
ချိုလေးကလည်း အချက်ကောင်းတော့ မခါး
ဘဲ ဆိမ့်ကိုနေတာဗျို့။
ထီးဂလိုင်ဆိုတာက ကျုပ်တို့နယ်မှာ ပဲထွက်၊
နှမ်းထွက်၊ လွှတ်ကောင်းတဲ့ရွာဗျ။ ဒီတော့လည်း
ချက်သမျှ ဟင်းတွေမှာ ဆီကို နစ်နေတာဗျ။
ငရုတ်သီးကြော်ဆိုတာကလည်း ဆီအရွှဲသား
နဲ့ဗျ။ အလှူလာတဲ့ ပရိတ်သတ်ကလည်း စား
လိုက်ကြတာဗျာ။ ခေါင်းကို မဖော်ဘူးဗျို့။
ကိုဘထွန်းနဲ့ ကျုပ်လည်း ဗိုက်ခွေးနမ်းမတက်
ကို ကြိတ်လိုက်တာဗျို့။ ထမင်းစားသောက်ပြီး
တော့ ဧည့်ခံတဲ့ လက်ဖက်ကလည်း အပေါ်မှာ
ဆီလက်တစ်လုံးလောက် မြှုပ်နေတာဗျ။ကျုပ်
အကြိုက် နဂါးဆေးပေါ့လိပ်ကလည်း အစည်း
လိုက်ကို ဝိုင်းတိုင်းမှာ ချထားတာဗျို့။
ဗိုက်တင်းအောင် ထမင်းစားပြီး လက်ဖက်က
လေးနဲ့ အကြမ်းကလေးသောက်၊ နဂါးဆေးပေါ့
လိပ်ကလေးဖွာဆိုတော့ မျက်စိကလေးက စဉ်း
ပြီး လွှတ်ကို ဇိမ်ကျနေတာပေါ့ဗျာ။ ကျုပ်တို့အ
ညာသားတွေရဲ့ စည်းစိမ်ဆိုတဲ့အထဲမှာ နဂါး
ဆေးပေါ့လိပ်ကလည်း မပါမဖြစ် ထင်ပါရဲ့ဗျာ။
အလှူပြီး နောက်တစ်နေ့ရောက်တော့ ကိုဘ
ထွန်းရဲ့အစ်ကို ဝမ်းကွဲတွေက ကိုဘထွန်းနဲ့
ကျုပ်နဲ့ကို ရွာတောင်ဘက်က ထန်းတောကြီး
ထဲကို ခေါ်လာတယ်ဗျ။ နေညိုရင် ရွှေဘိုကို
လွမ်းတယ်ဆိုတဲ့စကားက ဒီလိုထန်းတော
ကြီးကို ပြောတာ ထင်ပါရဲ့ဗျာ။
ထီးဂလိုင်သား တော်တော်များများကို တွေ့ရ
သဗျ။ ကိုဘထွန်းရဲ့အစ်ကိုတွေဖြစ်တဲ့ ကိုထွန်း
တင်တို့ ကိုထွန်းရင်တို့က ကိုဘထွန်းနဲ့ ကျုပ်
ကို မိတ်ဆက်ပေးကြတယ်ဗျ။ ထီးဂလိုင်သား
တွေ လွှတ်ခင်တတ်မှန်းကို ဒီတော့မှ ကျုပ်က
သိရတာဗျို့။ မြင်တာနဲ့ကို ခင်ကြတာဗျ။
"ဟ နေပါဦးကွ၊ ဒီနာမည် ငါ ကြားဖူးပါတယ်၊
ထနောင်းကုန်းက တာတေ ဟုတ်လား"
ကိုမောင်ပု ဆိုတဲ့လူက ထန်းရည်လေးထွေထွေ
နဲ့ ကျုပ်ကို ကြည့်ပြီးမေးတယ်။
"ဟုတ်ပါတယ်ဗျ၊ တာတေဆိုတာ ကျုပ်ပါ"
အပိုင်း ၂ ဆက်ရန်...
မူရင်း ရေးသားသူအား လေးစားစွာ ⭐ခရက်ဒစ်⭐ ပေးပါသည်။
Comments
Post a Comment